ထားဝယ်ခရိုင်တွင် သုံးရက်အတွင်း ကိုဗစ်ပိုးတွေ့သူ လေးဦးရှိလာ

0
1223

ထားဝယ်ခရိုင်တွင် သုံးရက်အတွင်း ကိုဗစ်ပိုးစစ်ဆေးတွေ့ရှိသူ လေးဦးရှိနေပြီဖြစ်ကြောင်း တနင်္သာရီတိုင်း ပြည်သူ့ကျန်းမာရေးဦးစီးဌာန၏ ထုတ်ပြန်ချက်အရသိရသည်။

ဇူလိုင်လ ၁၄ ရက် ရေဖြူမြို့နယ်တွင် ကိုဗစ်ပိုးတွေ့လူနာတစ်ဦး စစ်ဆေးတွေ့ရှိပြီးနောက် ၎င်းလူနာနှင့် ဆက်စပ်ထိတွေ့ခဲ့သူများကို စစ်ဆေးရာမှ ထားဝယ်နှင့် ရေဖြူမြို့နယ်တို့မှ နောက်ထပ် ကိုဗစ်ပိုးတွေ့လူနာ သုံးဦး ထပ်မံတွေ့ရှိလာခြင်းဖြစ်သည်။

ဇူလိုင်လ ၁၅ ရက်က ထားဝယ်မြို့ခံတစ်ဦးနှင့် ရေဖြူမြို့နယ်နေသူတစ်ဦး ပိုးတွေ့ခဲ့ပြီး ဇူလိုင် ၁၆ ရက်တွင် ရေဖြူမြို့နယ်မှ နောက်ထပ်တစ်ဦး ပိုးတွေ့ခဲ့သည်။

ယင်းပိုးတွေ့လူနာများအား ထားဝယ်နှင့် ရေဖြူဆေးရုံတို့တွင် ကုသမှုပေးထားကြောင်း တနင်္သာရီတိုင်း ပြည်သူ့ကျန်းမာရေးဦးစီးဌာနထံမှ သိရသည်။

ထားဝယ်တွင် ကိုဗစ်ပိုးပြန်လည်တွေ့ရှိလာသော်လည်း ယခင်ကကဲ့သို့ ထိတွေ့လူနာများအား သီးသန့် ခွဲစောင့်ကြည့်မည့် ကွာရန်တင်စင်တာများထားရှိမည့်အစီအစဉ်အကြောင်း မကြားရသေးကြောင်း ကိုဗစ်ကာကွယ်ရေးအတွက် ကျန်းမာရေးဌာနအား ကူညီပေးနေသည့် ပရဟိတအဖွဲ့တစ်ခုထံမှ သိရသည်။