မြိတ်ကွန်ပျူတာတက္ကသိုလ်မှ CDM မော်ကွန်းထိန်း အပါအဝင် ဆရာ၊ ဆရာမ အချို့ အဖမ်းခံရ

0
529
ဓါတ်ပုံ - ဒေါ်သီသီဆွေ

မြိတ်ကွန်ပျူတာတက္ကသိုလ်မှ CDM ပြုလုပ်ထားသည့် မော်ကွန်းထိန်း ဆရာမ ဒေါ်သီသီဆွေအပါအဝင် ဆရာ၊ ဆရာမ သုံးဦးထက်မနည်း ယခုရက်ပိုင်းအတွင်း အဖမ်းခံရကြောင်း ၎င်းတို့နှင့် နီးစပ်သည့်အသိုင်းအဝိုင်းထံမှ သိရသည်။

ဇူလိုင်လ ၁၄ ရက်ညက ဧည့်စာရင်းစစ်ရန်ဟုဆိုကာ ရဲအပါအဝင် စရဖ (စစ်ဖက်ရေးရာလုံခြုံရေးအဖွဲ့) များက ဆရာမ ဒေါ်သီသီဆွေ နေထိုင်သည့် မြိတ်မြို့၊ ကြောင်ငယ်ရပ် နေအိမ်သို့ ရောက်လာပြီး ဖမ်းဆီးခေါ်ဆောင်သွားကြောင်း ကွန်ပျူတာတက္ကသိုလ်ကျောင်းသားအသိုင်းအဝိုင်းထံမှ သိရသည်။

နောက်ထပ်ဖမ်းဆီးခံရသူများမှာ မြိတ်နည်းပညာတက္ကသိုလ်မှ ဆရာမ ဒေါ်အိအိဖြိုး၊ အစိုးရ နည်းပညာ အထက်တန်း ကျောင်းမှ ဆရာဦးအာကာမောင်တို့ ဖြစ်ကြသည်ဟု ဆရာ၊ ဆရာမ အသိုင်းအဝိုင်းထံမှ စုံစမ်းသိရှိရပြီး Dawei Watch အနေနဲ့ သီးခြားအတည်မပြုနိုင်သေးပါ။

၎င်းတို့ကို မည်သည့်အကြောင်းအရင်းကြောင့် လာရောက်ဖမ်းဆီးခဲ့သည်ကို မသိရသေးသော်လည်း လက်ရှိတွင် မြိတ်လေတပ်စခန်း၌ မေးမြန်းစစ်ဆေးနေသည်ဟု သိရှိရကြောင်း ကွန်ပျုတာတက္ကသိုလ်ကျောင်းသားများက ပြောသည်။

ဖမ်းဆီးခံရသည့် ဆရာ၊ ဆရာမများနှင့် ပတ်သက်ပြီး မိသားစုနှင့် တွေ့ခွင့် ရမရကိုမူ ဆက်လက်စုံစမ်းနေဆဲဖြစ်သည်။

စစ်ကောင်စီက ဖွင့်သည့်ကျောင်းများတွင် မတက်လိုသည့်ကျောင်းသားများအား အွန်လိုင်းမှတဆင့် စာသင်ကြားပေး နေသည့် Kaung For you ဖက်ဒရယ်ကျောင်းတွင် စာသင်ကြားပေးနေသည့် ဆရာ၊ ဆရာမများအား ယခုရက်ပိုင်းအတွင်း ဖမ်းဆီးမှုများ ရှိလာနေသည်။

မြိတ်မြို့တွင် ဆရာ၊ ဆရာမများ ဖမ်းဆီးခံရမှုမှာ အထက်ကိစ္စနှင့် ဆက်စပ်မှုရှိမရှိကိုမူ မသိရသေးပေ။

ယင်းကြောင့် NUG ပညာရေးနှင့် ကျန်းမာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာဇော်ဝေဖိုးက Kaung For you ဖက်ဒရယ်ကျောင်းကို ပိတ်သိမ်းသွားမည်ဟု ပြောဆိုခဲ့ပြီး လက်ရှိဖြစ်စဉ်ကိုလည်း စုံစမ်းစစ်ဆေးသွားမည်ဟု မီဒီယာများအား ပြောကြားထားသည်။

မော်ကွန်းထိန်းဆရာမ ဒေါ်သီသီဆွေ သည် အာဏာသိမ်းပြီးချိန်မှစ၍ လက်ရှိ အဖမ်းခံရချိန်အထိ CDM ပြုလုပ်ထားကြောင်း ၎င်းနှင့် နီးစပ်သည့် ကျောင်းသားအသိုင်းအဝိုင်းထံမှ သိရသည်။