တစ်ပတ်အတွင်း မြန်မာ့ရေးရာ

0
334

မြန်မာနိုင်ငံတစ်ဝန်း ဖြစ်ပျက်ခဲ့သည့် အဖြစ်အပျက်များထဲမှ ထူးခြားဖြစ်စဉ်များကို ကောက်နုတ်ကာ အပတ်စဉ် စနေနေ့တိုင်းတွင် စုစည်းဖော်ပြပေးသွားမည်ဖြစ်ပါသည်။

ဇူလိုင်လ ၉ ရက်နေ့မှ ၁၅ ရက်နေ့အထိ

ဗြိတိန်သံရုံးတာဝန်ခံ မြန်မာနိုင်ငံမှ ရုတ်တရက် ထွက်ခွါ

စစ်ကောင်စီ၏ ဖိအားပေးမှုကြောင့် မြန်မာနိုင်ငံမှ ထွက်ခွာရတော့မည်ဟု မြန်မာနိုင်ငံဆိုင်ရာ ဗြိတိန်သံမတ်ကြီး Pete Vowles က ဇူလိုင်လ ၁၃ ရက်တွင် ၎င်း၏ တွစ်တာ စာမျက်နှာ၌ ရေးသားသည်။

စစ်ကောင်စီက ၎င်းထွက်သွားရန် ဖိအားပေးသည့်ဖြစ်ရပ်အပေါ် ဝမ်းနည်းပြီး စိတ်မကောင်း ဖြစ်မိကြောင်း သို့သော် ရက်စက်ကြမ်းကြုတ်သည့် အာဏာသိမ်းမှုကို တရားဝင် အသိအမှတ်ပြုရာ မရောက်စေရန် စစ်ကောင်စီ၏ဖိအားကို မနာခံခဲ့သည့်အတွက် ဝမ်းသာကြောင်း ၎င်းကရေးသားထားသည်။

ယမန်နှစ်အတွင်း မြန်မာနိုင်ငံဆိုင်ရာဗြိတိန်သံအမတ်သစ်အဖြစ် ခန့်အပ်ခံရသော မစ္စတာ Pete Vowles  သည် သံအမတ်ခန့်အပ်လွှာကို မြန်မာစစ်ခေါင်းဆောင်ထံ တရားဝင်ပေးအပ်ခဲ့ခြင်းမရှိဘဲ ရွှေ့ဆိုင်းခဲ့သည်။ 

နောက်ပိုင်းတွင် ၎င်းကို မြန်မာနိုင်ငံဆိုင်ရာ ဗြိတိန်သံရုံးတာဝန်ခံအဆင့် ဗြိတိန်အစိုးရက ပြောင်းလဲခန့်အပ်ကာ မြန်မာနိုင်ငံနှင့် သံတမန်ဆက်ဆံရေး အဆင့်လျှော့ချခဲ့သည်။

စစ်ကောင်စီက ဒီမိုကရေစီအရေးလှုပ်ရှားသူများ၏ နေအိမ် ၆၀၀ကျော်ကို ချိပ်ပိတ်ထား

အာဏာသိမ်းကာလ တစ်နှစ်ခွဲခန့်အတွင်း ဒီမိုကရေစီအရေးလှုပ်ရှားသူများ၏ နေအိမ် ၆၇၈ လုံးကို စစ်ကောင်စီက ချိပ်ပိတ်သိမ်းဆည်းခဲ့ကြောင်း နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (AAPP)က ထုတ်ပြန်လိုက်သည်။

ဒီမိုကရေစီအရေး တက်ကြွလှုပ်ရှားသူများ၊ အရပ်သားလွှတ်တော်ကိုယ်စားလှယ်များနှင့် တော်လှန်ရေးလုပ်ငန်းများနှင့် သက်ဆိုင်သူများကို စစ်ကောင်စီက ဝင်ရောက်ဖမ်းဆီးရာတွင် လူကိုမတွေ့ပါက နေအိမ်ချိပ်ပိတ်မှုများ ပြုလုပ်နေခြင်း ဖြစ်သည်။

ယင်းနေအိမ်ပေါင်း ၆၇၈ လုံးကို ချိတ်ပိတ်ထားသည်ဆိုသည်မှာ အာဏာသိမ်းပြီးချိန်မှ စ၍ ယခုနှစ်ဇွန်လ ၃၀ ရက်နေ့အထိ လက်လှမ်းမီသလောက်ကောက်ခံထားသည့် အချက်အလက်များသာ ဖြစ်ကြောင်း AAPP ကဆိုသည်။

စာရေးဆရာကြီး မောင်သာနိုးကွယ်လွန်

အမျိုးသားစာပေတစ်သက်တာဆုရှင် အသက် ၉၁ နှစ်အရွယ် စာရေးဆရာကြီး‌မောင်သာနိုးမှာ ရန်ကုန်မြို့ SSC ဆေးရုံတွင် ဇူလိုင်လ ၁၂ ရက်နေ့ ညနေ ၆ နာရီ ၃၀ မိနစ်က လူကြီးရောဂါဖြင့်ကွယ်လွန်သွားပြီဖြစ်သည်။

ဆရာကြီးသည် ၁၉၆၀ နှစ်ကုန်ကာလများက ဆရာမြဇင်၊ ဆရာမင်းလှညွန့်ကြူးတို့နှင့် ပူပေါင်းပြီး မြန်မာခေတ်ပေါ်ကဗျာ တိုးတက်ရေးအတွက် ပြုလုပ်ခဲ့ကြသဖြင့် စာပေလောကသားများက ဇင်နိုးကြူး ဝါဒဟု ခေါ်ဆိုခဲ့ကြသည်။

မြန်မာနိုင်ငံက သီရိလင်္ကာကို ဆန်တန်ချိန် တစ်ထောင်လှူမယ်

နိုင်ငံရေးမတည်ငြိမ်မှုကြောင့် ပြည်တွင်းစီးပွားရေး အလွန်အမင်းကျဆင်းနေသည့် မြန်မာနိုင်ငံက စီးပွားရေး၊နိုင်ငံရေးအကျပ်အတည်း ဖြစ်နေသည့် သီရိလင်္ကာနိုင်ငံကို ဆန်တန်ချိန် တစ်ထောင် လှူရန်ပြင်ဆင်နေကြောင်း စစ်ကောင်စီ၏ သတင်းစာတွင် ဖော်ပြထားသည်။

ယင်းအလှူအတွက် ညှိနှိုင်းအစည်းအဝေးကို ဇူလိုင်လ ၁၃ ရက်နေ့က စစ်ကောင်စီလက်အောက်ခံ စီးပွားကူးသန်းဝန်ကြီးဌာနတွင် ပြုလုပ်ခဲ့ပြီး အလှူအတွက်ကြီးကြပ်ရေးအဖွဲ့ကို စီးပွားကူးသန်း ဒုဝန်ကြီး ဦးညွန့်အောင်က ဦးဆောင်မည်ဟု ဖော်ပြထားသည်။

မြန်မာနိုင်ငံတွင် စစ်တပ်အာဏာသိမ်းပြီးနောက် စီးပွားရေးလုပ်ငန်းများ ရပ်ဆိုင်ခဲ့ပြီး အလုပ်အကိုင် အခွင့်အလမ်းရှားပါးမှု၊ ကုန်စျေးနှုန်းကြီးမြင့်မှု၊ ဘဏ်စနစ်များမလည်ပတ်မှု စသဖြင့်အခက်အခဲများစွာအပြင် နယ်မြေမတည်ငြိမ်မှုများကြောင့် မြန်မာပြည်သူများမှာ ဆင်းရဲပင်ပန်းစွာ နေထိုင်နေကြရသည်။

စန္ဒရား  တင်၀င်းလှိုင် ကွယ်လွန်

စန္ဒရားပညာရှင်၊ ဂီတမှူး အကယ်ဒမီ စန္ဒရားတင်၀င်းလှိုင်မှာ ဇူလိုင် ၁၄ ရက်နေ့မနက် ၁ နာရီခွဲခန့်တွင် ကွယ်လွန်သွားပြီဖြစ်သည်။

ကွယ်လွန်ချိန်တွင် အသက် ၇၆ နှစ် ရှိပြီဖြစ်ပြီး ကျောက်ကပ်ဝေဒနာဖြင့် ကွယ်လွန်ခြင်းဖြစ်ကြောင်းလည်း မိသားစုဝင်များကဆိုသည်။

၂၀၁၈ ခုနှဈမတလြက ကငွြးပခဲ့သည့ြ ရုပရြှငထြူးခွှနဆြုအကယဒြမီပေးပှဲတှငြ အသံထူးခွှနဆြုနှင့ြ အကယဒြမီရရှိခဲ့ပှီး အကယဒြမီစငမြှင့ထြကမြှနေ၍ မှနမြာ့အသံနှင့ရြုပမြှငသြံကှားကို ပှငြးပှငြးထနထြနြ ဝဖနေပြှောကှားခဲ့သူလညြး ဖှဈသညြ။

သရုပဆြောငြ သငဇြာဝင့ကြွောြ ပှနလြှတြ

ရှမ်းပြည်တိုးတက်ရေးပါတီ ရှမ်းပြည်တပ်မတော် (SSPP/SSA) ၏ မှတ်တမ်းရုပ်ရှင်ရိုက်ကူးပြီးအပြန် ဇူလိုင်လ ၆ ရက်နေ့တွင် ဖမ်းဆီးခံလိုက်ရသည့် သရုပ်ဆောင်သင်ဇာ၀င့်ကျော်ကို ပြီးခဲ့သည့်ရက်ပိုင်းက ပြန်လွှတ်ပေးလိုက်ကြောင်း စစ်ကောင်စီ၏ သတင်းထုတ်ပြန်ရေးအဖွဲ့ကို ကိုးကားကာ ဘီဘီစီမြန်မာဌာနက သတင်းဖော်ပြသည်။

သင်ဇာ၀င့်ကျော်နှင့်အတူ ၄င်း၏ချစ်သူနှင့် ရိုက်ကူးရေးအဖွဲ့သား စုစုပေါင်း ၆ ဦး ဖမ်းဆီးခံခဲ့ရခြင်းဖြစ်ပြီး ဇူလိုင် ၈ ရက်နေ့တွင် ခေတ္တ ထိန်းသိမ်းခံထားရသည့် အရှေ့မြောက်တိုင်းစစ်ဌာနချုပ်ရိပ်သာ ရှိရာ လားရှိုးမှ ရန်ကုန်မြို့ကို ပို့ဆောင်ခဲ့ခြင်းဖြစ်သည်။

ယင်းနောက် ဆက်လက်စစ်ဆေးစရာများ ရှိသဖြင့်ဆိုကာ မင်းသမီးကို ပြန်မလွှတ်ပေးခဲ့ဘဲ အခုသီတင်းတစ်ပတ်ကျော်ကြာမှာသာ ပြန်လွတ်လာခြင်းဖြစ်ကြောင်း ဘီဘီစီက ဖော်ပြခဲ့သည်။

ရေမျောကမ်းတင် တော်ပီတို

ရခိုင်ပြည်နယ် မာန်အောင်မြို့ မိန်းမကြွယ်ကမ်းခြေတွင် ဇူလိုင်လ ၁၃ ရက် နံနက်ပိုင်းက တော်ပီတို တစ်လုံးတွေ့ရှိသည်။

LWT-XP D&P TORPEDO စာတမ်း ရေးသားထားသည် ယင်းတော်ပီတိုမှာ အရှည် ၉ပေ၊ လုံးပတ် ၃ ပေခန့်ရှိကြောင်း ဒေသခံတို့က ဆိုသည်။ မပေါက်ကွဲသေးသည့် ယင်းတော်ပီတိုကို ယင်းနေ့ မွန်းလွဲပိုင်းတွင် မာန်အောင်မြို့ မျှော်တော်ဦး ရေတပ်စခန်းက လာရောက်ယူဆောင်သွားသည်ဟု ဆိုသည်။

စစ်ကောင်စီက ရခိုင်ကမ်းရိုးတမ်း ပင်လယ်ပြင်၌ ဇူလိုင်လ ၅ရက်နေ့တွင် ရေငုပ်သင်္ဘောနှစ်စီး အပါအဝင် တိုက်ခိုက်ရေး စစ်သင်္ဘောများ၊ ရဟတ်ယာဉ်များဖြင့် စစ်ရေးလေ့ကျင့်ခဲ့ရာတွင် အသုံးပြုခဲ့သည့် တော်ပီတိုဖြစ်နိုင် သည်ဟု ယူဆချက်ကြသည်။ 

ရခိုင်လူမျိုးများနှင့်အတူကျင်းပသည့် ကုရ်ဘာနီအီးဒ်

အစ္စလာမ်ဘာသာဝင်များ၏ ပွဲတော်တစ်ခုဖြစ်သည့် အီဒုလ်အဿွဟာ (ကုရ်ဘာနီအီးဒ်) ပွဲတော်ကို ရခိုင်မျိုးနွယ်စုများနှင့် ပထမဆုံးအကြိမ်ကျင်းပသည်။

ယင်းပွဲတော်ကို စစ်တွေမြို့တွင် ဇူလိုင်လ ၁၁ရက်နေ့က မွတ်ဆလင်တက္ကသိုလ်ကျောင်းသားများက ဦးဆောင်ကျင်းပခြင်းဖြစ်ပြီး ရခိုင်မျိုးနွယ်စုများ၊ ရခိုင်ကျောင်းသားသမဂ္ဂများ၊ ရခိုင်အရပ်ဖက်လူမှုအဖွဲ့အစည်းများ၊ ရခိုင်လူငယ်အဖွဲ့များ တက်ရောက်ခဲ့ကြသည်။

မတူကွဲပြားမှုကို လက်ခံနိုင်ပြီး နှစ်ဖက်အသိုင်းအဝိုင်းကြား သဟဇာတဖြစ်ရေးအတွက် အစပျိုးမှုဖြစ်ကြောင်း ပွဲတက်ရောက်ခဲ့သူများက မှတ်ချက်ပြုကြသည်။

ယင်းနေ့တွင်ပင် ရက္ခိုင့်တပ်တော် AA ကလည်း ကုရ်ဘာနီအီးဒ်နေ့ အထိမ်းအမှတ်အဖြစ် မွတ်ဆလင် လေးရာကျော်အတွက် အဝတ်အထည် လှူဒါန်းခဲ့ပြီး မွတ်ဆလင် အကျဉ်းသား ရှစ်ဦးကိုလည်း လွှတ်ပေးခဲ့သည်။

အိုမီခရွန် ဗီဇပြောင်းပိုး မြန်မာတွင်တွေ့

ကိုဗစ်ရောဂါမျိုးကွဲတစ်ခုဖြစ်သည့် အိုမီခရွန် မျိုးရိုးဗီဇပြောင်းရောဂါပိုး BA.4 နှင့် BA.5 ကူးစက်ခံထားရသူ ခြောက်ဦး တွေ့ရှိကြောင်း စစ်ကောင်စီ၏ ကျန်းမာရေးဝန်ကြီးဌာနက ဇူလိုင်လ ၁၁ ရက်က သတင်းထုတ်ထားသည်။

ကိုဗစ်ရောဂါပိုးတွေ့ရှိသူများ၏ ဓာတ်ခွဲနမူနာများအနက် မျိုးရိုးဗီဇပြောင်းရောဂါပိုး တွေ့ရှိနိုင်သည့် သံသယဖြစ်ဖွယ် ဓာတ်ခွဲနမူနာ (၁၆) ခုအား ဇွန်လ ၃၀ ရက်နေ့က စစ်ဆေးရာ BA.4 တစ်ခု၊ BA.5 ငါးခု တွေ့ရှိခြင်းဖြစ်သည်။

BA.4 နှင့် BA.5 တွေ့ရှိသူ အားလုံးသည် ပြည်ပမှ ပြန်လည်ရောက်ရှိလာသော မြန်မာနိုင်ငံသားများဖြစ်ပြီး ၎င်းတို့ကို ကိုဗစ် အတည်ပြုခဲ့စဉ်ကပင် သတ်မှတ်ရက်အတိုင်း သီးခြားထားရှိကုသမှုပေးခဲ့ပြီး ကျန်းမာရေးအခြေအနေမှာ ကောင်းမွန်သည်ဟု ထုတ်ပြန်သည်။

မြေနီကုန်း ခုံးတံတားအောက် ဗုံးပေါက်ကွဲမှု ၈ ဦးထက်မနည်း ထိခိုက်

ရန်ကုန်တိုင်း၊ စမ်းချောင်းမြို့နယ်၊ မြေနီကုန်း ခုံးတံတားအောက်၌ ဇူလိုင်လ ၁၂ ရက် ညနေ ၃ နာရီခန့်တွင် ဗုံးပေါက်ကွဲမှုဖြစ်ပွားခဲ့ပြီး ထိခိုက်ဒဏ်ရာရသူ ၈ ဦးထက်မနည်းရှိခဲ့သည်။

စစ်ကောင်စီတပ်ဖွဲ့ဝင်များ လုံခြုံရေးယူထားသည့် ယင်းခုံးတံတားအောက်တွင် ဗုံးပေါက်ကွဲမှု ဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး ဒဏ်ရာရရှိသူများကို ရန်ကုန်ဆေးရုံကြီးအပြင် အမှတ် (၂) ကုတင် ၅၀၀ ဆေးရုံသို့လည်း ပို့ဆောင်ထားသည်ဟုဆိုသည်။

ဒဏ်ရာရသူများမှာ စိုးရိမ်ရသည့် အခြေအနေမရှိကြောင်း သိရှိရသည်။

မန္တလေးမြို့ရှိ ကမ္ဘောဇဘဏ် ဓားပြတိုက်ခံရပြန်

မန္တလေးမြို့ရှိ ကမ္ဘောဇဘဏ် စက်မှုပန်းခြံဘဏ်ခွဲတွင် ဇူလိုင်လ ၁၅ ရက်နေ့ နေလယ်ပိုင်းက သေနတ်ဖြင့်ခြိမ်းခြောက်ကာ ဓါးပြတိုက်မှုဖြစ်ပွားခဲ့ပြီး ငွေကျပ်သိန်း တစ်ထောင့်ရှစ်ရာနီးပါး ပါသွားကြောင်း သိရှိရသည်။

ပြည်ကြီးတံခွန်မြို့နယ်၊ (ဇ)ရပ်ကွက်၊ ၁၃၃လမ်း နှင့် ၁၃၄လမ်းကြား၊၇၈လမ်း၊ ရန်ကုန်-မန္တလေးလမ်းဟောင်း အနီးရှိ ကမ္ဘောဇစက်မှုပန်းခြံဘဏ်ခွဲတွင် ဓားပြတိုက်မှု ဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး ဆိုင်ကယ်စီးလာသူနှစ်ဦးမှ  ဘဏ်ထဲသို့ ဝင်ရောက်ပြီး ဓါးပြတိုက်ခဲ့ခြင်းဖြစ်သည်။