စက်သုံးဆီဈေး အနည်းငယ်ပြန်ကျနေသော်လည်း ထားဝယ်တွင် ဈေးမြင့်နေဆဲ

0
792

စက်သုံးဆီတစ်လီတာ ကျပ်နှစ်ထောင်ကျော် သုံးထောင်နီးပါးအထိ ဈေးမြင့်တက်ခဲ့သော စက်သုံးဆီဈေးနှုန်းသည် ယခုရက်ပိုင်းအတွင်း အနည်းငယ်ပြန်ကျလာသော်လည်း ထားဝယ်ခရိုင်ရှိ စက်သုံးဆီဆိုင်အချို့မှာမူ ဈေးတင် ရောင်းချနေဆဲဖြစ်ကြောင်း ဈေးကွက်အတွင်းမှ စုံစမ်းသိရှိရသည်။

စက်သုံးဆီတင်သွင်း သိုလှောင်ဖြန့်ဖြူးခြင်းလုပ်ငန်းကြီးကြပ်ရေးကော်မတီသည် တိုင်းနှင့် ပြည်နယ်အလိုက် ရောင်းချ ရမည့် ရည်ညွှန်းဈေးနှုန်းကို နေ့စဉ်ထုတ်ပြန်နေရာ ထားဝယ်ခရိုင်ရှိ စက်သုံးဆီဆိုင်အချို့မှာမူ ယင်းသတ်မှတ် ဈေးနှုန်းထက် ပိုမိုရောင်းချနေကြခြင်းဖြစ်သည်။

ယနေ့ (ဇူလိုင် ၁၅) စက်သုံးဆီတင်သွင်းသိုလှောင်ဖြန့်ဖြူးခြင်းလုပ်ငန်းကြီးကြပ်မှုကော်မတီမှ ထုတ်ပြန်ချက်အရ ထားဝယ်တွင် ၉၂ တစ်လီတာ ၁၇၉၀ ကျပ်၊ ၉၅ တစ်လီတာလျှင် ၁၈၆၀ ကျပ်နှင့် ဒီဇယ်ဈေးနှုန်းမှာ အမျိုးအစား အပေါ်မူတည်ပြီး တစ်လီတာလျှင် ၂၂၀၀ ကျပ်မှ ၂၂၅၅ ကျပ်အထိ ရောင်းချရမည်ဖြစ်သည်။

သို့သော် ထားဝယ်မြို့ပေါ်ရှိ စက်သုံးဆီဆိုင်အချို့မှာမူ ၉၂ တစ်လီတာလျှင် အနိမ့်ဆုံး ၁၈၀၀ ကျပ်ဝန်းကျင်မှ ၂၃၀၀ ကျပ်ဝန်းကျင်၊ ၉၅ တစ်လီတာလျှင် အနိမ့်ဆုံး ၁၉၀၀ ကျပ်ဝန်းကျင်မှ ၂၄၀၀ ကျပ်ဝန်းကျင်အထိ ရောင်းချနေကြောင်း ‌ဈေးကွက်အတွင်းမှ စုံစမ်းသိရှိရသည်။

သတ်မှတ်ဈေးနှုန်းနှင့် မြေပြင်ရောင်းချဈေးနှုန်းကို နှိုင်းယှဉ်မည်ဆိုပါက တစ်လီတာလျှင် ၆၀ ကျပ်မှ ၅၀၀ ကျပ်အထိ ဈေးနှုန်းမြင့်တက်ကွာဟနေသည်ကို တွေ့ရသည်။

ထားဝယ်ခရိုင် ကျေးလက်ဒေသတို့တွင်မူ သတ်မှတ်ဈေးနှုန်းထက် တစ်လီတာ ၇၀၀ ကျပ်အထိ ဈေးမြင့်တက် ကွာဟနေသည်ကို တွေ့ရသည်။

ယင်းနည်းတူ ကော့သောင်းမြို့တွင်လည်း စက်သုံးဆီဈေးနုန်း သိသိသာသာ ကျဆင်းသည်ကို မတွေ့ရဘဲ တစ်လီတာ ၂၇၀၀ ကျပ်ဖြင့် ဆိုင်ကယ်ဆီဖြည့်ခဲ့ရကြောင်း ကော့သောင်းမြို့ခံတစ်ဦးက ယနေ့ နံနက်ပိုင်းက ပြောဆိုသည်။

“လိုင်းပေါ်မှာ ဆီဈေးတွေကျနေတယ်ဆိုပြီး အခြားမြို့တွေက ဓာတ်ပုံတွေတင်နေတာ တွေ့နေရတာပဲ။ ကျွန်တော်မြို့က ဆီဆိုင်ပိုင်ရှင်တွေကိုလည်း မြင်စေချင်တယ်။ တက်တုန်းကတက်ပြီး ကျတဲ့အချိန်က‌်တော့ မသိချင်‌‌ယောင်ဆောင်နေကြတာလား မသိဘူး” ဟု ကော့သောင်းမြို့ခံတစ်ဦးက ဆိုသည်။

တပိုင်တနိုင် စက်သုံးဆီရောင်းချသူတို့ကမူ ယူရောင်းသည့် မူရင်းဈေးနှုန်းကကို မြင့်နေသဖြင့် ဈေးလျှော့ရောင်းပါက အရှုံးပေါ်နိုင်ကြောင်း ပြောဆိုကြသည်။

ထားဝယ်မြို့ရှိ စက်သုံးဆီဆိုင်အချို့ကမူ သတ်မှတ်ဈေးနှုန်းအတိုင်းသာရောင်းချကြောင်း ပြောဆိုသည်။

စက်သုံးဆီကို သတ်မှတ်ဈေးနူန်းထက်ပိုရောင်းချပါက တစ်ရက်ဒဏ်ငွေ ငါးသိန်းကျပ် ဆောင်ရမည်ဖြစ်ကြောင်း ထားဝယ်မြို့ စက်သုံးဆီဆိုင်ပိုင်ရှင်တစ်ဦးက ပြောသည်။

“ဦးတို့ကတော့ သတ်မှတ်ဈေးနှုန်းအတိုင်းပဲ ရောင်းပါတယ်။ တခြားသူတွေ ဈေးမြင့်နေတာကတော့ ‌ဘာကြောင့် ဆိုတာ အမှန်တိုင်းပြောရရင် ဦးတို့လဲ မသိနိုင်ဘူး” ဟု ၎င်းက ဆိုသည်။

စက်သုံးဆီ ဈေးမြင့်တက်မူကြောင့် လယ်ယာသွင်းအားစု ဈေးနှုန်းမြင့်တက်ခြင်း၊ ရေလုပ်ငန်းလုပ်ကိုင်သူများ တွက်ခြေမကိုက်ခြင်း စသည့် ပြဿနာတို့နှင့် တိုင်းအတွင်း ပြည်သူများ ရင်ဆိုင်ခဲ့နေကြရသည်။

“ဆီတစ်ပေပါ ငါးသိန်းကျော်နဲ့ဆို ကျွန်တော်တို့မှာ တွက်ခြေမကိုက်ဘူး။ ဒီထက်ပိုကျမှ နည်းနည်းအဆင်ပြေမှာ” ဟု ကင်းမွန်မီးထွန်းလှေပိုင်ရှင်တစ်ဦးက ဆိုသည်။

စက်သုံးဆီတင်သွင်းသိုလှောင်ဖြန့်ဖြူးခြင်းလုပ်ငန်းကြီးကြပ်ရေးကော်မတီကမူ စက်သုံးဆီဝယ်ယူရာတွင် စိတ်ကျေနပ်မှုမရှိက တိုင်ကြားရန် ဖုန်းနံပါတ်များ ထုတ်ပြန်ပေးထားသည်။