မောင်းမကန်လမ်းတွင် နေအိမ်တစ်လုံး ဓားပြတိုက်ခံရ

0
487

လောင်းလုံးမြို့နယ်၊ ထားဝယ်-မောင်းမကန်လမ်းရှိ ရွာတစ်ရွာတွင် ယမန်နေ့ မွန်းလွဲပိုင်းက နေအိမ်တစ်လုံး ဓားပြတိုက်ခံရကြောင်း ဒေသခံများ၏ ပြောကြားချက်အရသိရသည်။

ဇူလိုင် ၁၄ ရက် မွန်းလွဲ ၂နာရီကျော်က ဆိုင်ကယ်စီးအမျိုးသားနှစ်ဦး ရုတ်တရက်ရောက်ရှိလာပြီး အသက် ၃၀ ကျော် အရွယ် အိမ်ရှင်ဇနီးမောင်နှံကို သေနတ်ဖြင့်ချိန်ကာ ဓားပြတိုက်သွားကြောင်း ဒေသခံတစ်ဦးက ပြောသည်။

ဓားပြတိုက်ခံရသောအိမ်မှာ နှစ်ထပ်တိုက်အိမ်ဖြစ်ပြီး နိုင်ငံခြားအရက် လက်လီလက်ကား ရောင်းချကြောင်း ဒေသခံများထံမှ သိရသည်။

“လင်မယားနှစ်ယောက်စလုံးကို လက်နောက်ပြန်ကြိုးတုပ်ထားတယ်။ အဝတ်နဲ့ခေါင်းကို အုပ်ပြီးထားခဲ့တယ်” ဟု ဒေသခံတစ်ဦးက ပြောသည်။

ဓားပြတိုက်ခံရမှုကြောင့် ဆိုင်ကယ်တစ်စီး၊ အမျိုးသားဖြစ်သူ၏ ဝတ်ဆင်ထားသော ဆွဲကြိုးတစ်ကုံး၊ လက်ကိုင်ဖုန်း သုံးလုံး၊ ငွေသား သိန်းတစ်ရာကျော်၊ ဇနီးဖြစ်သူ ဝတ်ဆင်ထားသော လက်စွပ်တစ်ကွင်းတို့ ပါသွားကြောင်း ယင်းမိသားစုနှင့် နီးစပ်သူတစ်ဦးက ပြောဆိုသည်။

“အိမ်အကူမလေးတောင် မေ့လဲသွားလို့ ဆေးရုံတင်လိုက်ရတယ်။ ကြိုးကတော့ ခြံစောင့်အဖိုးကြီး လာဖြေပေးတယ် ပြောတယ်” ဟု ၎င်းက ပြောသည်။

ဓားပြတိုက်သည့် သတင်းပေါက်ကြားလျှင် အိမ်ကို မီးလာရှို့မည်ဟုလည်း ခြိမ်းခြောက်ခဲ့သည်ဟု သတင်းများကြားရကြောင်း ဒေသခံများထံမှ သိရသည်။

ဓားပြတိုက်ခံရပြီးနောက် အိမ်ရှင်ဇနီးမောင်နှံတို့က တိမ်းရှောင်သွားကြကြောင်း ဒေသခံများထံမှ သိရသည်။

အဆိုပါဖြစ်စဉ်ဖြစ်ပွားပြီးနောက် တောရှည်ရွာထိပ်နှင့် ၁၀၄ ခြေလျင်တပ်ရင်းရှေ့တွင် စစ်ကောင်စီတပ်ဖွဲ့ဝင်များ ယင်းနေ ညနေပိုင်းက ဒေသခံခရီးသွားပြည်သူများကို စစ်ဆေးလျှက်ရှိကြောင်း ဒေသခံများထံမှ သိရသည်။