ပုလော ပဝတ်ကုန်းရွာရှိ နေအိမ်တစ်လုံး မိုင်းဆွဲခံရ

0
417

ပုလောမြို့နယ်၊ ပဝတ်ကုန်းကျေးရွာရှိ နေအိမ်တစ်လုံး မိုင်းဆွဲခံရပြီး ပြိုကျပျက်စီးသွားကြောင်း ဒေသခံများထံမှ သိရသည်။

ပဝတ်ကုန်းရွာတွင် တိုက်ပွဲဖြစ်ပြီးနောက်တစ်ရက် ဇူလိုင်လ ၁၄ ရက်နေ့ နေ့လယ်တွင် ဘုန်းကြီးကျောင်းအနီးရှိ နှစ်ထပ်တိုက် မိုင်းဆွဲခံရပြီး ပြိုကျပျက်စီးသွားကြောင်း ဒေသခံများက ပြောသည်။

အဆိုပါနေအိမ်သည် စစ်ကောင်စီတပ်နှင့် တရင်းတနှီးပေါင်းသင်းသူ ဦးပေသီး၏ နေအိမ်ဖြစ်ကြောင်း ဒေသခံများက ဆိုသည်။

တိုက်ပွဲဖြစ်သည့် ဇူလိုင် ၁၃ ရက်နေ့က စစ်ကောင်စီတပ်က စနိုက်ပါ သေနတ်သမား ယင်းအိမ်ပေါ်တွင် တက်ရောက် နေရာယူ ပစ်ခတ်ခဲ့သည်ဟု သတင်းများထွက်ပေါ်နေသည့် နေအိမ်ဖြစ်ကြောင်း ၎င်းတို့က ပြောဆိုသည်။

“မိုင်းသုံးလုံး ခွဲသံကြားရတယ်။ ပေသီးအိမ်လည်း ပြိုကျသွားတယ်” ဟု ဒေသခံအမျိုးသားတစ်ဦးက ပြောသည်။

မိုင်းခွဲချိန်၌ နေအိမ်တွင် လူမရှိသည့်အတွက် လူထိခိုက်ဒဏ်ရာရရှိခြင်း မရှိဟုလည်း ဒေသခံများက ပြောသည်။

“ရွာမှာက လူတွေ မနေကြတော့ဘူး။ ဘုန်းကြီးတောင် ပြောင်းသွားပြီ။ စစ်တပ်လည်းမရှိတော့ဘူး”
ဟု ဒေသခံနောက်တစ်ဦးက ပြောဆိုသည်။

မိုင်းဆွဲမှုနှင့် ပတ်သက်၍ ပြည်သူ့ကာကွယ်ရေးတပ်များမှ လာရောက်လုပ်ဆောင်ခဲ့သည်ဟု ဒေသခံများက ပြောဆိုကြသည်။

သို့သော် ယင်းဖောက်ခွဲမှုကို မည်သည့်အဖွဲ့က မည်သည့်အကြောင်းအရင်းကြောင့် လုပ်ဆောင်သည်ကို Dawei Watch အနေဖြင့် သီးခြားအတည် မပြုနိုင်သေးပေ။

ပဝတ်ကုန်းကျေးရွာတွင် ဇူလိုင်လ ၁၃ ရက်နေ့က စစ်ကောင်စီတပ်နှင့် ပြည်သူ့ကာကွယ်ရေးမဟာမိတ်တပ်တို့အကြား
တိုက်ပွဲပြင်းထန်ခဲ့ပြီး စစ်ကောင်စီတပ်သား ဆယ်ဦးခန့် သေဆုံးခဲ့သလို မဟာမိတ်တပ်များဘက်မှ KNU က ဗိုလ်တစ်ဦး၊ PDF တပ်ခွဲမှူး တစ်ဦးအပါအဝင် ရဲဘော်သုံးဦးကျဆုံးခဲ့ကြောင်း ပြည်သူ့ကာကွယ်ရေးတပ်ဘက်က ထုတ်ပြန်ခဲ့သည်။