တစ်ပတ်အတွင်း ကမ္ဘာ့ရေးရာ

0
548

ကမ္ဘာ့တစ်ဝန်း ဖြစ်ပျက်ခဲ့သည့် အဖြစ်အပျက်များထဲမှ ထူးခြားဖြစ်စဉ်များကို ကောက်နုတ်ကာ အပတ်စဉ် စနေနေ့တိုင်းတွင် စုစည်းဖော်ပြပေးသွားမည်ဖြစ်ပါသည်။

ဇူလိုင်လ ၉ ရက်နေ့မှ ၁၅ ရက်နေ့အထိ

ယူကရိန်းနိုင်ငံသားတွေ ရုရှားနိုင်ငံသားခံယူခွင့် သမ္မတပူတင်လက်မှတ်ထိုး

ရုရှားသမ္မတ ဗလာဒီမာပူတင်က ယူကရိန်းနိုင်ငံသားအားလုံးကို ရုရှားနိုင်ငံသားဖြစ်ကြောင်း ခံယူခွင့်ပြုတဲ့အမိန့်ကို ဇူလိုင် ၁၁ ရက်နေ့မှာ လက်မှတ်ရေးထိုးခဲ့ပါတယ်။

အရင်တုန်းက Donetsk နဲ့ Luhansk ဒေသတွေမှာ နေထိုင်သူတွေနဲ့ တောင်ပိုင်း Zaporizhzhia နှင့် Kherson ဒေသတွေမှာ နေထိုင်သူတွေကိုသာ ခွင့်ပြုခဲ့ပေမဲ့ အခုအမိန့်က ယူကရိန်းနိုင်ငံသားအားလုံးအတွက် ဖြစ်တယ်လို့ သိရပါတယ်။

အရင် ၂၀၁၉ ခုနှစ်ကနေ စတင်ခဲ့တဲ့ ဒီအမိန့်ဟာ အခုနှစ်အတောအတွင်းအထိ ထိန်းချုပ်နယ်မြေနှစ်ခုက ဒေသခံပေါင်း ခုနစ်သိန်းနှစ်သောင်းခန့်အထိ ရုရှားနိုင်ငံသား ခံယူခွင့်ရရှိခဲ့ပါတယ်။

Ref: Wion

ဂျပန်ပါလီမန်ရွေးကောက်ပွဲမှာ ဝန်ကြီးချုပ်ဟောင်းရှင်ဇိုအာဘေးပါတီက အနိုင်ရ

ဂျပန်အာဏာရပါတီဖြစ်တဲ့ လစ်ဘရယ်ဒီမိုကရက်တစ်ပါတီ (LDP) နဲ့ ၎င်းရဲ့ ညွန့်ပေါင်း Komeito ပါတီတို့ဟာ ဝန်ကြီးချုပ်ဟောင်း ရှင်ဇိုအာ‌ဘေးလုပ်ကြံခံရပြီးနောက် ပါလီမန်မှာ အနိုင်ရရှိခဲ့ပြီ ဖြစ်ပါတယ်။

လွှတ်တော်အမတ်နေရာ ၁၂၅ ခုအနက် ၇၆ နေရာအထိ အနိုင်ရရှိခဲ့လို့ ဝန်ကြီးချုပ် Fumio Kishida ရဲ့ ရာထူးသက်တမ်းကို ၂၀၂၅ ခုနှစ် ရွေးကောက်ပွဲမတိုင်မီအထိ ဆက်လက်တာဝန်ယူနိုင်စေမယ်လို့ သိရပါတယ်။

ရှင်ဇိုအာဘေးကို ဆုံးရှုံးလိုက်ရပြီး သူမပါဘဲ သူ၏ပါတီကို ပေါင်းစည်းရမယ်လို့ စိန်ခေါ်မှုတွေ ရှိနေတာကြောင့် ဝန်ကြီးချုပ် Kishida သည် အောင်ပွဲရရှိမှုကို ပြုံးပျော်နိုင်ခြင်းမရှိဘဲ “ပါတီစည်းလုံးညီညွတ်ရေးက တခြားအရာတွေထက် ပိုအရေးကြီးပါတယ်” လို့ ပြောကြားခဲ့ပါတယ်။

Ref: NHK

Twitter ဟာ Elon Musk ကို တရားစွဲဖို့ ပြင်ဆင်

Elon Musk ဟာ သူကိုယ်တိုင်ပဲ Twitter Company ကို ဈေးတွေတိုးပေးပြီး ဝယ်ဖို့ကမ်းလှမ်းခဲ့ပြီးတော့ အခုချိန်မှာ မယူတော့ဘူး သတင်းထွက်ခဲ့လို့ Twitter ဖက်က ဇူလိုင် ၁၁ ရက်နေ့မှာ တရားစွဲဖို့ ပြင်ဆင်လိုက်ပါတယ်။

Elon Musk ဟာ Twitter မှာ အကောက်အတုတွေနဲ့ spam account တွေ များလွန်းတယ်ဆိုပြီး ဝယ်ဖို့အတွက် ကမ်းလှမ်းချက်ကို ပြီးခဲ့တဲ့ဇွန်လကတည်းက ဆိုင်းငံ့ထားခဲ့တယ်လို့ သိရပါတယ်။

ဧပြီလ Elon Musk ကနေဝယ်မယ်ဆိုပြီး ကမ်းလှမ်းခဲ့တဲ့ အချိန်တွင် Twitter ရဲ့ရှယ်ယာတစ်စုကို $၅၄.၂၀ နှုန်းရှိခဲ့ရာမှ အခုချိန်မှာ $၃၃.၆၂ အထိ ထိုးကျနေခဲ့ကာ တကယ်လို့ မဝယ်ဖြစ်တော့ရင် ဒေါ်လာ ၁ ဘီလီယံ ဒဏ်ကြေးပေးဆောင်ရမှာ ဖြစ်ပါတယ်။

Ref: CGTN

NASA ကနေ ပထမဆုံး စကြာဝဠာ၏ ပုံ ၅ ပုံကို ပြသ

NASA ဟာ James Webb’s Telescope ကနေ ရရှိတဲ့ စကြာဝဠာရဲ့ ပထမဆုံးရောင်စုံ ဓါတ်ပုံ ၅ ပုံကို ဇူလိုင်လ ၁၁ ရက်/ ၁၂ ရက် နေ့များတွင် အမေရိကန်သမ္မတ ဂျိုးဘိုင်ဒင်နဲ့အတူ ထုတ်ဖော်ပြသလိုက်ပါတယ်။

James Webb’s Telescope ဟာ အနည်းဆုံး နောက် ၂၅ နှစ်ခန့် ကျွန်တော်တို့ စကြ၀ဠာကြီးရဲ့ လျှို့ဝှက် ချက် တွေ ကို ဖော်ထုတ်ရာမှာ အကူအညီ ပေးနိုင်လိမ့်မယ် လို့ မျှော်လင့်ထားကြပါတယ်။

အခုထုတ်ဖော်လိုက်တဲ့ ပုံများမှာ Carina Nebula (ကြယ်များ မွေးဖွား ရာ နက်ဗျူလာ) ၊ Stephan’s Quintet (ဂလက်စီ အစုအဖွဲ့) ၊ Southern Ring Nebula (ကြယ်များသေဆုံးခြင်းနက်ဗျူလာ) ၊ Webb’s First Deep Field (ပထမ ဆုံးသော ဂလက်ဆီ) နှင့် WASP-96 b (နေအဖွဲ့အစည်း ပြင်ပ ဂြိုလ်) တို့ရဲ့ ပုံတွေဖြစ်ပြီး နောက်ထပ်ပုံပေါင်းမြောက်များစွာကို ကြည့်ရှုနိုင်တော့မှာဖြစ်ပါတယ်။

Ref: NASA

ထိုင်းတွင် လိင်ပိုင်းဆိုင်ရာ ပြစ်မှုကျူးလွန်သူတွေကို ဆေးဝါးဖြင့် သင်းကွပ်ဖို့ နီးစပ်လာ

ထိုင်းနိုင်ငံမှာ လိင်ပိုင်းဆိုင်ရာ ပြစ်မှုကျူးလွန်သူတွေကို ဆေးဝါးအသုံးပြုပြီး သင်းကွပ်မယ့်

ဥပဒေကြမ်းကို ပြီးခဲ့တဲ့မတ်လက အောက်လွှတ်တော်ရဲ့ အတည်ပြုချက် ရရှိခဲ့ပြီးဖြစ်ရာ ဇူလိုင်လ ၁၂ ရက်နေ့မှာ အထက်လွှတ်တော်၌ မဲခွဲဆုံးဖြတ်ခဲ့ရာမှ ထောက်ခံမဲ ၁၄၅ မဲ ရရှိခဲ့တယ်လို့ သိရပါတယ်။

အဲဒီဥပဒေကြမ်းအရ လိင်ပိုင်းဆိုင်ရာ ပြစ်မှုကျူးလွန်ခဲ့ဖူးပြီး နောက်တစ်ကြိမ် ကျူးလွန်နိုင်ဖွယ် ရှိသူတွေကို ထောင်ဒဏ်အပြည့်အဝ ကျခံမလား၊ တကယ်လို့ ထောင်ဒဏ်လျှော့ပေါ့စေချင်ရင် ဆေးဝါးအသုံးပြု သင်းကွပ်မှု ခံယူမလားဆိုတဲ့ ရွေးချယ်ခွင့် ပေးအပ်မယ်လို့ သိရပါတယ်။

အကျဉ်းဦးစီးဌာနရဲ့ စာရင်းအရ ၂၀၁၃ ကနေ ၂၀၂၀ ကြား ထိုင်းအကျဉ်းထောင်တွေကနေ ပြန်လည်လွတ်မြောက်ခဲ့တဲ့ လိင်ပိုင်းဆိုင်ရာ ပြစ်မှုကျူးလွန်သူ ၁၆၄၁၃ ဦးအနက် ၄၈၄၈ ဦးက နောက်တစ်ကြိမ် ပြစ်မှုထပ်ကျူးလွန်ခဲ့ကြတယ်လို့ သိထားရပါတယ်။

Ref: Bangkok Post

နှစ် ၂၀ အတွင်း ပထမဦးဆုံးအနေဖြင့် ယူရိုနှင့် အမေရိကန်ဒေါ်လာ တန်ဖိုးတူညီ

နှစ်ပေါင်း နှစ်ဆယ်အတွင်း ပထမဦးဆုံးအနေနဲ့ ဇူလိုင်လ ၁၂ ရက်မှာ အမေရိကန်ဒေါ်လာနဲ့ ယူရိုငွေကြေးတို့အကြား တိုက်ရိုက်ဖလှယ်တဲ့ တန်ဘိုးဟာ ညီမျှသွားပြီလို့ သိရပါတယ်။

ရုရှားက ယူကရိန်းကို ကျူးကျော်မှုကြောင့် ဖြစ်ပေါ်ခဲ့တဲ့ စွမ်းအင်ထောက်ပံ့မှု မသေချာမှုတွေနဲ့ ငွေကြေးဖောင်းပွမှုမြင့်မားမှုတွေကြောင့် ဥရောပတိုက်မှာ စီးပွားရေးကျဆင်းမှာကို စိုးရိမ်နေကြသလို တဖက်မှာလည်း ယူရိုငွေကြေးဟာ ယခုနှစ်အတွင်း ၁၂ ရာခိုင်နှုန်းအထိ ကျဆင်းသွားတာဖြစ်ပါတယ်။

ဗဟိုဘဏ်က အတိုးနှုန်းတွေကို ဆက်တိုက်တိုးမြှင့်လာလို့ စီးပွားရေးတိုးတက်မှုကို နှေးကွေးစေသလို ယူရိုငွေကြေးအပေါ်မှာလည်း ဖိအားတွေ ဖြစ်ပေါ်စေတာကြောင့် ရင်းနှီးမြှုပ်နှံသူတွေဟာ အမေရိကန်ဒေါ်လာကို လုံခြုံတဲ့နေရာကဲ့သို့ ဖန်တီးပေးနိုင်မယ်လို့ လေ့လာသုံးသပ်သူတွေက ဆိုပါတယ်။

Ref: CNA

အင်ဒိုမှမလေးရှားသို့ ရွှေ့ပြောင်းလုပ်သား စေလွှတ်မှုယာယီရပ်ဆိုင်း

စိုက်ပျိုးရေးကဏ္ဍအတွက် ပို့ဆောင်မယ့် လုပ်သားတစ်ထောင်ကျော်အပါအဝင် မလေးရှားသို့ အင်ဒိုနီးရှား လုပ်သားများစေလွှတ်ခြင်းကို နှစ်နိုင်ငံကြား ချုပ်ဆိုထားတဲ့ အလုပ်သမားခေါ်ယူရေး သဘောတူညီချက်ကို ချိုးဖောက်ခဲ့လို့ ယာယီရပ်ဆိုင်းလိုက်ကြောင်း ဇူလိုင် ၁၃ ရက်နေ့မှာ အင်ဒိုနီးရှားအစိုးရက ကြေညာခဲ့ပါတယ်။

ယခုကဲ့သို့ လုပ်သားစေလွှတ်မှု ရပ်ဆိုင်းလိုက်ခြင်းဟာ ကမ္ဘာ့ဒုတိယအကြီးဆုံး စားအုန်းဆီထုတ်လုပ်နေသော မလေးရှားအတွက် လုပ်သား ၁.၂ သန်းခန့် ပြတ်လပ်မှုနဲ့ ရင်ဆိုင်နိုင်ရသလို စီးပွားရေးနလန်ပြန်လည်ထူဖို့ အဟန့်အတားဖြစ်လာနိုင်တယ်လို့ သိရပါတယ်။

မလေးရှားနိုင်ငံဟာ သူတို့ဒေသခံတွေ မလုပ်လိုသော စက်ရုံနဲ့ စိုက်ခင်းလုပ်သားလိုအပ်ချက်များကို ဖြည့်ဆည်းနိုင်ဖို့က အင်ဒိုနီးရှား ၊ ဘင်္ဂလားဒေ့ရှ် နှင့် နီပေါလုပ်သားတွေအပေါ် မှီခိုနေရတာဖြစ်ပါတယ်။

Ref: Reuters

စင်ကာပူရောက် သီရိလင်္ကာသမ္မတ နုတ်ထွက်စာတင်

သီရိလင်္ကာနိုင်ငံမှာ အဆိုးရွားဆုံး စီးပွားရေးအကျပ်အတည်းများနဲ့ရင်ဆိုင်ခဲ့ရလို့ ဆန္ဒပြမှုတွေကြောင့် မော်လ်ဒိုက်ဗ်နိုင်ငံသို့ ထွက်ပြေးခဲ့သော သမ္မတ ဂိုတာဘာယာရာဂျာပါကစ (Gotabaya Rajapaksa) ဟာ စင်ကာပူသို့ ဇူလိုင်လ ၁၄ ရက်နေ့မှာ ရောက်ရှိလာပြီးနောက် အချိန်ပိုင်းအတွင်းမှာပင် ရာထူးမှ နုတ်ထွက်စာ တင်သွင်းလာတယ်လို့ လွှတ်တော်ဥက္ကဋ္ဌရုံးက ပြောပါတယ်။

အီးမေးလ်ဖြင့် ပေးပို့သော နုတ်ထွက်စာကို ဇူလိုင် ၁၅ မှာ တရားဝင် လက်ခံတယ်လို့ လွှတ်တော်ဥက္ကဋ္ဌရဲ့ ပြောရေးဆိုခွင့်ရှိသူ မဟင်ဒါယာပါ (Mahinda Yapa Abeywardana) က ပြောပါတယ်။

သီရိလင်္ကာတွင် ၁၉၇၈ ခုနှစ်ကနေစတင်ခဲ့တဲ့ သမ္မတအစိုးရစနစ်မှာ ရာဂျာပါကစဟာ ရာထူးမှ နုတ်ထွက်ရတဲ့ ပထမဆုံး သမ္မတဖြစ်လာတော့မှာဖြစ်ပြီး ဆန္ဒပြပြည်သူများမှာ ပျော်ပွဲရွှင်ပွဲ ကျင်းပြီး တစ်ချို့က နိုင်ငံတော်အလံများကို ဝှေ့ယမ်းကာ ကခုန်နေကြပါတယ်။

Ref: CNA