ပုလောတိုက်ပွဲတွင် နှစ်ဖက်အကျအဆုံးများကြောင်း ထုတ်ပြန်

0
409
ဓာတ်ပုံ - PPDF

မြိတ်ခရိုင်၊ ပုလောမြို့နယ်၊ ပဝတ်ကုန်းကျေးရွာတိုက်ပွဲတွင် KNU က ဗိုလ်တစ်ဦးနှင့် PDF တပ်ခွဲမှူးအပါအဝင် သုံးဦးကျဆုံးကြောင်း သက်ဆိုင်ရာ တပ်ရင်းတပ်ဖွဲ့များက ယနေ့ (ဇူလိုင် ၁၄) ထုတ်ပြန်သည်။

ဇူလိုင်လ ၁၃ ရက် နံနက်က ပဝတ်ကုန်းကျေးရွာဘုန်းကြီးကျောင်းအနီး တပ်စွဲထားသည့် စစ်ကောင်စီတပ်ကို မဟာမိတ်တပ်များက လာရောက်ပစ်ခတ်ရာမှ တိုက်ပွဲဖြစ်ပွားခြင်းဖြစ်ကြောင်း ယင်းအဖွဲ့များထံမှ သိရသည်။

တိုက်ပွဲအတွင်း KNU တပ်မဟာ ၄ တပ်ရင်း (၇) က ဗိုလ်ဖအေးနှင့် ရဲဘော်တစ်ဦးကျဆုံးခဲ့ပြီး ပုလောပြည်သူ့ ကာကွယ်ရေးတပ်ဖွဲ့ (PPDF) က တပ်ခွဲမှူး စော်ဘွားတို့ ကျဆုံးခဲ့ရကြောင်း KPDF ကရင်ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့နှင့် ပုလောပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တို့က ထုတ်ပြန်သည်။

‘နန်းထိုက်အောင် စစ်ဆင်ရေး’ ဟု အမည်ပေးထားသည့် အဆိုပါထိုးစစ်ဆင် တိုက်ပွဲအတွင်း စစ်ကောင်စီတပ်ဘက်က ၁၀ ဦး ကျဆုံးခဲ့ကြောင်းလည်း ပုလောပြည်သူ့ကာကွယ်ရေးတပ်မတော် (PPDF) ၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

ဇူလိုင်လ ၁၃ ရက်နေ့ နံနက် ၄ နာရီခွဲမှ နံနက် ၈ နာရီခွဲအထိ နှစ်ဖက်တိုက်ပွဲပြင်းထန်ခဲ့ပြီး ပုလောမြို့ တပ်ရင်းဘက်က လက်နက်ကြီးများဖြင့်လည်း ပစ်ကူပေးခဲ့ကြောင်း ဒေသခံများက ပြောသည်။

နေ့လယ် ၁၂ နာရီခန့်တွင် ပြည်သူ့ကာကွယ်ရေးတပ်ဘက်က ပြန်လည်ဆုတ်ခွာသွားပြီးနောက် မွန်းလွဲ ၂ နာရီအချိန် အထိ လက်နက်ကြီးဖြင့် ဆုတ်ခွာရာလမ်းကြောင်းဘက်သို့ ဆက်လက်ပစ်ခတ်ခဲ့သေးကြောင်း ဒေသခံများက ဆိုသည်။

တိုက်ပွဲအတွင်း ကျဆုံးခဲ့ရသည့် ရဲဘော်သုံးဦး၏ စွန့်လွှတ်၊ အနစ်နာခံ၊ ပေးဆပ်မှုအပေါ် မိမိတို့တပ်ရင်း တပ်ဖွဲ့များက အာဇာနည် သူရဲကောင်းအဖြစ်သတ်မှတ်ကြောင်းလည်း ထုတ်ပြန်ချက်တွင် ရေးသားထားသည်။

ပုလောဒေသအတွင်းရှိ စစ်ကောင်စီတပ်များကို KNU တပ်မဟာ ၄ ၏ လက်အောက်ခံ တပ်ရင်းတပ်ဖွဲ့များနှင့်အတူ ပုလောပြည်သူ့ကာကွယ်ရေးတပ်မတော် (PPDF) ၊ ပုလောဒေသကာကွယ်ရေးတပ်ဖွဲ့ (PRDF)၊ ကရင်ပြည်သူ့ ကာကွယ်ရေးအဖွဲ့ (KPDF) နှင့် အခြားတပ်ဖွဲ့များက တိုက်ခိုက်နေကြသည်။