တနင်္သာရီမြစ်ရေ စိုးရိမ်ရေအမှတ်သို့ နီးကပ်လာ

0
650

ယခုရက်ပိုင်းအတွင်း မိုးသည်းထန်စွာ အဆက်မပြတ်ရွာသွန်းမှုကြောင့် တနင်္သာရီမြစ်ရေသည် ယနေ့ (ဇူလိုင် ၁၃) စိုးရိမ်ရေအမှတ်ရောက်ရှိရန် တစ်ပေကျော်သာလိုတော့ကြောင်း တနင်္သာရီမြို့နယ် သဘာဝဘေးအန္တရာယ် စီမံခန့်ခွဲမှုကော်မတီ၏ ထုတ်ပြန်ချက်အရ သိရသည်။

မြိတ်ခရိုင် တနင်္သာရီမြို့နယ်၏ မြစ်ရေအား စိုးရိမ်ရေအမှတ်အဖြစ် ၁၇ ပေနှင့် အန္တရာယ်ရေအမှတ်မှာ ၂၄ ပေကို သတ်မှတ်ထားသည်။

တနင်္သာရီမြစ်ရေသည် ဇူလိုင်လ ၁၃ ရက်နေ့ မွန်းလွဲပိုင်းအချိန် တိုင်းတာချက်အရ ၁၅ ပေ ၂ လက်မခန့်အထိ ရှိနေကြောင်း သဘာဝဘေးအန္တရာယ် စီမံခန့်ခွဲမှုကော်မတီမှ သိရသည်။

တနင်္သာရီမြစ်ရေသည် စိုးရိမ်ရေအမှတ်နှင့်အထက် ကျော်လွန်ပါက နှစ်စဉ်နီးပါး မြို့ပေါ်လမ်းမတို့နှင့် နေအိမ်အချို့ ရေလွှမ်းမိုးမှုဖြစ်ပေါ်လေ့ ရှိသည်။

တနင်္သာရီမြစ်ရေသည် အန္တရာယ်ရေအမှတ်နှင့် အထက်ကျော်လွန်ပါက မြို့ပေါ်လူ‌နေအိမ်တို့နှင့် ကျေးရွာအချို့တို့ရှိ နေအိမ်တို့ ရေလွှမ်းမိုးလေ့ရှိပြီး နီးစပ်ရာဆွေမျိုးတို့နှင့် ကယ်ဆယ်ရေးစခန်းများသို့ ပြောင်းရွှေ့လေ့ရှိကြသည်။

“၂၄ ပေဆို မြို့ထဲ ရေရောက်ပြီ။ မနှစ်ကလည်း ရောက်သေးတယ်” ဟု သဘာဝဘေးအန္တရာယ် စီမံခန့်ခွဲမှုကော်မတီ အဖွဲ့ဝင်တစ်ဦးက ပြောသည်။

ယခုရက်ပိုင်းအတွင် မိုးအဆက်မပြတ်ရွာသွန်းနေသဖြင့် မြစ်ရေထပ်မံမြင့်တက်လာမည်ကို စိုးရိမ်နေရကြောင်း ချောင်းကြီးရပ်နေသူအချို့က ပြောပြသည်။

“မိုးဆက်တိုက်ကောင်းနေမယ်ဆိုရင် ဒီနှစ်ရေဘေးသင့်နိုင်တယ်” ဟု ချောင်းကြီးရပ်နေ အမျိုးသားတစ်ဦးက ပြောသည်။

ကပ္ပလီပင်လယ်ပြင်နှင့် ဘင်္ဂလားပင်လယ်အော်တို့တွင် မုတ်သုံလေအားကောင်းရာမှ အားအလွန်ကောင်းလာနေပြီး တနင်္သာရီတိုင်းအတွင်း နေရာကွက်ကာ ရွာရန်ရာနှုန်းအပြည့်ဖြင့် မိုးကြီးနိုင်ကြောင်း မိုးလေဝသဇလဗေဒညွှန်ကြားမှု ဦးစီးဌာနက ဇူလိုင်လ ၁၃ ရက်နေ့ ညနေ ၄နာရီအချိန်တွင် ထုတ်ပြန်ထားသည်။

တနင်္သာရီမြို့သည် နှစ်စဉ်ရေကြီးရေလျှံမှုတို့နှင့် ကြုံတွေ့လေ့ရှိပြီး ပြီးခဲ့သည့်နှစ်က အန္တရာယ်ရေအမှတ်ထက် ကျော်လွန်သဖြင့် နေအိမ်အချို့ ပြောင်းရွှေ့ခဲ့ရသည်။