ကရင်ကြီးရွာသားတစ်ဦး သဘော့ဆိပ်ဈေးအနီး ပစ်သတ်ခံရ

0
349

လောင်းလုံးမြို့နယ် သဘော့ဆိပ်ရွာ ဈေးအနီးတွင် ဇူလိုင် ၁၃ ရက် (ယနေ့) နံနက်ပိုင်းက အမျိုးသားတစ်ဦး ပစ်သတ်ခံရပြီး သေဆုံးသွားကြောင်း ဒေသခံများထံမှ သိရသည်။

သေဆုံးသူမှာ ကရင်ကြီးရွာသားဖြစ်ပြီး အသက်လေးဆယ်ကျော်အရွယ်ရှိ ဦးမောင်ဝင်းဆိုသူဖြစ်သည်။

ယနေ့ နံနက် ငါးနာရီကျော်က သဘော့ဆိပ်ဈေးတွင် ဇနီးဖြစ်သူအပါအဝင် သမီးနှစ်ယောက်နှင့်အတူ ဥယျာဉ်ခြံထွက်ပစ္စည်းများ လာရောက်ရောင်းချနေစဉ် အမျိုးသားနှစ်ဦးက လာရောက်ပစ်ခတ်သွားခြင်းဖြစ်သည်ဟု ဒေသခံတစ်ဦးက ပြောသည်။

“သူက ဈေးခင်းပြီးတဲ့အချိန် လက်ဖက်ရည်ဆိုင်နားမှာ နှစ်ချက်ပစ်ခံရတယ်။ ပြီးတာနဲ့ ထပြေးသွားသေးတယ်။ နောက်ကနေ သေနတ်သမားတွေက လိုက်ပစ်တာ နောက်‌ကျောမှာတစ်ချက် ခေါင်းမှာတစ်ချက်တော့ တွေ့ရတယ်” ဟု ၎င်းက ပြောသည်။

ပစ်ခတ်ခံရမှုကြောင့် သေဆုံးသူ ဦးမောင်ဝင်းသည် စစ်ကောင်စီခန့် ငါးရွာအုပ်စု အုပ်ချုပ်ရေးမှုးနှင့် နီးစပ်သူတစ်ဦးဖြစ်သည်ဟု အခြားဒေသခံတစ်ဦးက ပြောသည်။

“သူက အုပ်ချုပ်ရေးမှူးရဲ့ လက်ရုံး၊ အဲဒီအိမ် (အုပ်ချုပ်ရေးမှူးအိမ်) ကို ဈေးဝယ်ပေးတာတွေ ရှိတယ်။ အားကိုးရဆုံး လူယုံတစ်ယောက်ပေါ့” ဟု ယင်းဒေသခံက ပြောသည်။

အဆိုပါပစ်ခတ်မှုကို မည်သည့်အဖွဲ့က မည်သည့်အကြောင်းရင်းကြောင့် ပြုလုပ်ခဲ့သည်ဆိုခြင်းကို Dawei Watch အနေဖြင့် မသိရသေးပေ။

သေဆုံးသူ၏ရုပ်အလောင်းကို ယနေ့နံနက် ခုနှစ်နာရီခွဲအချိန်ခန့်တွင် ညီမဖြစ်သူ၏ကားဖြင့် ထားဝယ်ဆေးရုံသို့ ယူဆောင်သွားသည်ဟု မျက်မြင်တွေ့ရှိသူများက ပြောသည်။

ငါးရွာအုပ်စုဆိုသည်မှာ လောင်းလုံးမြို့နယ် ကျောက်ဆင်ကျေးရွာအုပ်စုတွင်ပါဝင်သော ‌ကျောက်ဆင်၊ သဘော့ဆိပ် ၊ ပြင်ကြီး၊ ကရင်ကြီး၊ ကမ်းပနီ စသည့်ကျေးရွာငါးရွာကို စုစည်းထားခြင်းဖြစ်ပြီး အာဏာသိမ်းပြီးနောက် စစ်ကောင်စီခန့်အုပ်ချုပ်ရေးမှူးတစ်ဦးက အုပ်ချုပ်သည်။

ဒေသခံအများစုမှာ ဥယျာဉ်ခြံနှင့် ပင်လယ်ငါးဖမ်းလုပ်ငန်းကို အများဆုံးလုပ်ကိုင်ကြသည်။