ဆွမ်းသွားပို့သည့် မိန်းကလေးငယ်သုံးဦး ကျောက်မိုင်းမြေကျင်းတွင် ရေနစ်သေဆုံး

0
326

မွန်ပြည်နယ် ပေါင်မြို့နယ် ဖလပ်ကျေးရွာ၌ ကျောက်မိုင်းတူးထားပြီး ရေပြည့်နေသည့် မြေကျင်းနေရာတွင် ယနေ့ နံနက်ပိုင်းက ကလေးငယ် သုံးဦး ရေနစ်သေဆုံးကြောင်း ဒေသခံတို့ထံမှ သိရသည်။

အသက် ၉ နှစ်အရွယ်၊ အသက် ၁၁ နှစ်အရွယ်နှင့် အသက် ၁၂ အရွယ် မိန်းကလေးငယ် သုံးဦးတို့ သေဆုံးသွားခြင်း ဖြစ်ကြောင်း ၎င်းတို့ထံမှ သိရသည်။

အဆိုပါ ကလေးငယ်တို့သည် ယနေ့ (ဇူလိုင် ၁၂) နံနက်ပိုင်းက တောရဘုန်းကြီးကျောင်းသို့ ဆွမ်းသွားပို့ပြီး ပြန်မရောက်လာကြသဖြင့် လိုက်ရှာကြကြောင်း ဒေသခံတို့က ပြောသည်။

ထိုသို့လိုက်ရှာရာမှ ကျောက်မိုင်းတူးထားသည့် မြေကျင်းအနီးတွင် ဖိနပ်များ တွေ့ရှိသဖြင့် ရေကန်ထဲ ဆင်းရှာစဉ် အလောင်းများတွေ့ရှိခြင်းဖြစ်ကြောင်း ဒေသခံတို့က ပြောဆိုသည်။

“ရေကန်အနီးမှာ ဖိနပ်တွေ့ပြီး ရေကန်ထဲမှာ ဆင်းရှာကြတော့ ကလေးတွေရဲ့ အလောင်းကို တွေ့တာ” ဟု ဒေသခံတစ်ဦးက ပြောသည်။

၎င်းတို့ မည်သည့်အကြောင်းအရင်းကြောင့် ရေနစ်မြုပ်သေဆုံးသည်ကို သေသေချာချာမသိရသေးကြောင်း ဒေသခံတို့က ဆိုသည်။

အဆိုပါကလေးများသည် ပေါင်မြို့နယ် ဖလပ်ကျေးရွာ နေသူများဖြစ်သည်ဟု ၎င်းတို့ထံမှ သိရသည်။

သေဆုံးသည့် မိန်းကလေးငယ်များသည် ဇရစ်ချောင်း မူလတန်လွန်ကျောင်းမှ ကျောင်းသူများဖြစ်သည်ဟုလည်း ဒေသခံတို့ထံမှ သိရသည်။