တနင်္သာရီ သိန္ဒောရွာတွင် သတင်းပေးဆိုသူ အမျိုးသားတစ်ဦး အသတ်ခံရ

0
727
Tanintharyi

တနင်္သာရီမြို့နယ်၊ သိန္ဒောကျေးရွာတွင် စစ်ကောင်စီ သတင်းပေးဟုဆိုသည့် အမျိုးသားတစ်ဦးကို ပစ်ခတ်ရှင်းလင်းခဲ့ကြောင်း တနင်္သာရီပြည်သူ့ကာကွယ်ရေးအဖွဲ့က ထုတ်ပြန်သည်။

သိန္ဒောရွာတွင် နေထိုင်သူ ကိုအသေးလေးဆိုသူအား ဇူလိုင်လ ၁၁ ရက်နံက် ၉ နာရီအချိန်တွင် သွားရောက်ရှင်းလင်းခဲ့ကြောင်း ယင်းထုတ်ပြန်ချက်တွင် ဖော်ပြသည်။

အသတ်ခံရသူသည် စစ်ကောင်စီတပ်အတွက် သတင်းလုပ်ပေးခြင်း၊ ထောက်ပို့လုပ်ပေးခြင်းအပြင် လူမနေရဲ (လူမရှိ) သည့် နေအိမ်များမှ ပစ္စည်းများခိုးယူကာ ၎င်း၏အိမ်တွင် ပြန်လည်ရောင်းချခြင်းများ ပြုလုပ်ခဲ့သည်ဟုလည်း ဆက်လက်ရေးသားထားသည်။  

၎င်းသည် တပ်ပြေးမှုဖြင့် အကျဉ်းကျခဲ့ပြီး စစ်ကောင်စီတပ်အတွက် သူလျှိုလုပ်ပေးမည်ဟူသော ခံဝန်ချက် ထိုးကာ လွတ်မြောက်လာသူဖြစ်ကာ လက်ရှိတွင်လည်း ကိုယ်တိုင်ကိုယ်ကျ ကူညီဆောင်ရွက်ပေးနေသည့် အတွက် ရှင်းလင်းခဲ့ရခြင်းဖြစ်ကြောင်းလည်း ထုတ်ပြန်ထားသည်။

အသတ်ခံရသူနှင့် ပတ်သက်၍ Dawei Wach အနေဖြင့် သီးခြားအတည်ပြုနိုင်ရန် စုံစမ်းနေဆဲဖြစ်သည်။

ဇူလိုင်လ ၁ ရက်နေ့ကလည်း တနင်္သာရီမြို့နယ်၊ မောတောင်မြို့နှင့် ကျွန်းစုမြို့နယ် ဘန္ဒဲရွာတွင် သတင်းပေးဟုဆိုသူ အမျိုးသားနှစ်ဦး အသတ်ခံခဲ့ရသည်။

သိန္ဒောကျေးရွာတွင် မတ်လ ၃၁ နေ့မှ စတင်ကာ နှစ်ဖက်တိုက်ပွဲများ မကြာခဏ ဖြစ်ခဲ့ပြီး ရွာသားအများစု ထွက်ပြေးနေကြရသည်။