လောင်းလုံးတွင် ကလေးတစ်ဦးအသတ်ခံရမှုအပေါ်အခြေခံကာ စစ်ကောင်စီဟောပြောစည်းရုံး

0
259

လောင်းလုံးမြို့နယ် ဝေဒီကျေးရွာတွင် ကလေးတစ်ဦး အသတ်ခံရသည့်အပေါ် အခြေပြု၍ စစ်ကောင်စီက ပြည်သူများကို ဟောပြောစည်းရုံးနေကြောင်း လမ်းသွား၊ လမ်းလာခရီးသည်အချို့ထံမှ သိရသည်။

တနင်္သာရီတိုင်းဒေသကြီး လောင်းလုံးမြို့ အဝင်အထွက်နေရာတွင် စစ်ဆေးရေးဂိတ်များ ဖွင့်လှစ်ထားပြီး မော်တော်ယာဉ်များ၊ လမ်းသွားလမ်းလာများကို တားကာ ဟောပြောမှုကို နားထောင်ပြီးမှ ခရီးဆက်သွားခွင့်ပြုကြောင်း ၎င်းတို့က ဆိုသည်။

“အဓိကကတော့ PDF တွေက အပြစ်မဲ့ကလေးတွေကို လိုက်သတ်နေလို့ သူတို့အနေနဲ့ လုံခြုံရေး လုပ်ပေးနေရတယ်ဆိုပြီး ပြောတယ်။ ပြီးတော့ အခုဟောပြောလိုက်တာကို မိသားစု၊ ဆွေမျိုးတွေကို တစ်ဆင့်ပြန်ပြောပြပေးပါဆိုပြီး မှာတယ်” ဟု ယနေ့ (ဇူလိုင်၁၁) နံနက်ပိုင်းတွင် ကိုယ်တိုင်နားထောင်ခဲ့ရသူတစ်ဦးက ပြောဆိုသည်။

ပြည်သူများ လုံခြုံရေးအတွက် စစ်ဆေးနေခြင်းသာဖြစ်သောကြောင့် စိုးရိမ်စိတ်မထားဘဲ ခရီးသွားကြရန်လည်း ထည့်သွင်းဟောပြောစည်းရုံးနေကြောင်း အခြားခရီးသည်တစ်ဦးက ဆိုသည်။

ဇူလိုင်လ ၉ ရက်က လောင်းလုံးမြို့အရှေ့ဘက် ၄မိုင်ခန့်အကွာ ဝေဒီကျေးရွာတွင် ပြည်သူ့ကာကွယ်ရေး ပူးပေါင်းအဖွဲ့က အမျိုးသားတစ်ဦးကို ဒလန်ဟုစွပ်စွဲကာ ပစ်ခတ်ရှင်းလင်းစဉ် အသက် ၇နှစ်အရွယ် မိန်းကလေးငယ်တစ်ဦး သေဆုံးသွားခဲ့သည်။

ယင်းဖြစ်စဉ်အပေါ် အခြေခံကာ စစ်ကောင်စီက စည်းရုံးဟောပြောနေခြင်း ဖြစ်ကြောင်း ခရီးသွားပြည်သူတို့က ပြောသည်။

လောင်းလုံးမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့ကမူ ကလေးသေဆုံးမူအပေါ် ဇူလိုင်လ ၁ဝရက်က ဝန်ချတောင်းပန်ကြောင်း ထုတ်ပြန်ထားသည်။

အချိန်မီဆေးကုသခွင့် မရသဖြင့် ကလေးငယ် သေဆုံးခြင်းဖြစ်ကြောင်းလည်း ယင်းထုတ်ပြန်ချက်တွင် ရှင်းလင်းထားသည်။

နံနက်ပိုင်းတွင် မြို့ဝင်ထွက်၌ ဂိတ်ချစစ်ဆေးဟောပြောပြီးနောက် ညနေပိုင်းတွင်မူ ဟောပြောခြင်း မရှိတော့ကြောင်း ယနေ့ ညနေ၄နာရီခန့်တွင် ယင်းလမ်းပိုင်းကို ဖြတ်သန်းသွားလာခဲ့သူတစ်ဦးက ဆိုသည်။

“မနက်ပိုင်းမှာတော့ ဟောပြောတာ နားထောင်ခဲ့ရတယ်။ လမ်းဘေးမှာက တစ်ယောက်က ဟောပြောနေတယ်။ ကျွန်တော်ကိုလည်း အဲဒီမှာ သွားနာထောင်ဆိုပြီး လွှတ်လိုက်တယ်။ ကျွန်တော်ရှေ့မှာတော့ လူဆယ်ယောက်လောက်ရပ်ပြီး နားထောင်နေကြတာ။ အခု (ညနေ ၄နာရီခန့်မှာ) ပြန်လာတော့ ဂိတ်မရှိတော့ဘူး” ဟု ၎င်းကဆိုသည်။

စစ်ဆေးရေးဂိတ်တစ်ခုစီတွင် စစ်ကောင်စီတပ်သား ဆယ်ယောက်ခန့် လက်နက်ကိုင်ပြီး စစ်ဆေးနေပြီး ကိုဗစ်ကာကွယ်ဆေးလက်မှတ်နှင့် ယာဉ်မှတ်ပုံတင်၊ မောင်းလိုင်စင်တို့ကိုလည်း စစ်ဆေးကြောင်း ခရီးသည်အချို့ထံမှ သိရသည်။