အရေးပေါ်လူနာ ကူညီသယ်ဆောင်ရေးအဖွဲ့တွေ ရပ်တည်ဖို့ခက်လာတော့

0
2384

စစ်အာဏာသိမ်းမှုကြောင့် အာဏာဖီဆန်ရေး လှုပ်ရှားမှု(CDM)တွင် ကျန်းမာရေး ဝန်ထမ်းများ အများအပြားပါရှိသဖြင့် တနင်္သာရီတိုင်းရှိကျေးရွာများမှ ကျန်းမာရေးဆေးပေးခန်းအများစုမှာ ပိတ်ထားရသည့် အခြေအနေတွင် ရှိနေသည်။

ယင်းကြောင့် ဒေသခံများမှာ ကျန်းမာရေးတစ်ခုခုဖြစ်ပါက မြို့ပေါ်ဆေးရုံများကို အားပြုကြရသဖြင့် အရေးပေါ်လူနာ ကူညီသယ်ဆောင်ရေး အဖွဲ့များကိုအားကိုးကြရသည်။

သို့သော် နိုင်ငံရေး မတည်ငြိမ်မှုကြောင့် အရေးပေါ်လူနာ ကူညီသယ်ဆောင်ရေးအဖွဲ့များမှာ ညဘက်တွင် လူနာသယ်ဆောင်ပေးခြင်း မရှိတော့ကြောင်း ဒေသခံများကဆိုသည်။

ယင်းကြောင့် ညရေးညတာ ကျန်းမာရေးအရေးပေါ်ဖြစ်ပါက လူနာတင်ယာဉ် ရရှိဖို့အခက်အခဲများရှိနေကြသည်။

အရေးပေါ်လူနာ ကူညီသယ်ဆောင်ရေးအဖွဲ့များဘက်ကလည်း ညရေးညတာတွင် အန္တရာယ်များသဖြင့် တတ်နိုင်သမျှ ညဘက်တွင် လူနာတင်ယာဉ်ထွက်လေ့မရှိသလို အခြားတစ်ဖက်တွင်လည်း အလှူခံငွေ ရရှိမှု နည်းပါးလာသဖြင့် လောင်စာဆီ(ဓာတ်ဆီ) ဝယ်ယူရန်ပင် ငွေမရှိသည့်အခြေအနေများ ကြုံတွေ့နေရသည်။

ယင်းအခြေအနေများကို ယခုအပတ် တနင်္သာရီပုံရိပ်တွင် မေးမြန်းဖော်ပြအပ်ပါသည်။

“ကူညီဖို့ လူအဆင်သင့်ရှိတယ်၊ ကားအဆင်သင့်ရှိတယ်။ မရှိတာကတော့ ကားဆီ”

ဦးကိုကိုနိုင် ထားဝယ်မြို့နယ် ကြက်ခြေနီတပ်ဖွဲ့မှူး

DW ။ ကြက်ခြေနီတပ်ဖွဲ့အနေနဲ့ လုပ်ဆောင်နေတဲ့ လူမူကူညီရေး လုပ်ငန်းတွေအကြောင်း အရင်ဆုံးပြောပြပေးပါ။

ဖြေ ။ ကျွန်တော်တို့မှာ နေ့တိုင်းလုပ်နေရတဲ့ လုပ်ငန်းကတော့ လူနာတင်လုပ်ငန်းပေါ့နော်။ ပြီးရင် ကိုဗစ်ကာကွယ်ဆေးထိုးတဲ့နေရာမှာရော၊ လက်ရှိဖြစ်နေတဲ့သွေးလွန်တုပ်ကွေး နဲ့ပတ်သက်ပြီး အသိပညာပေးတာ၊ လက်ကမ်းစာစောင်တွေဝေတာတွေ၊ ဘိတ်ဆေး(ပိုးလောက်လန်း မပေါက်ဖွားဖို့ဆေး)ခတ်တာတွေ၊ ခြင်ဆေးဖျန်းတာတွေ ကျွန်တော်တို့လုပ်နေပါတယ်။

DW ။ လူနာတင်ယာဉ်အနေနဲ့ ကူညီမှုပေးနေတဲ့အပိုင်းကို ထပ်ရှင်းပြပေးပါ။

ဖြေ ။ လူနာတင်ယာဉ်ကတော့ ကျွန်တော်တို့ဆီကို ၂၄ နာရီပတ်လုံး ကြိုက်တဲ့အချိန်ဖုန်းဆက် ဖုန်းဝင်လာတာနဲ့အမြန်ဆုံး လူနာရှင်တွေသွားချင်တဲ့ဆေးရုံကို ကူညီပြီးတော့ပို့ပေးပါတယ်။

DW ။ ဘယ်နေရာ၊ ဘယ်ရွာတွေအထိ ကူညီပေးနေတာရှိလဲ။

ဖြေ ။ ထားဝယ်ကြက်ခြေနီ လူနာတင်ယာဉ်ကနေပြီး လုပ်နေတာကတော့ လက်ရှိအနေအထားအရ တိုင်းပြင်ပမပါ။ ထားဝယ်ခရိုင်အတွင်းမှာပဲ ကူညီပေးတာရှိပါသေးတယ်။ (မွန် တနင်္သာရီအစပ်) မလွှဲတောင်ကိုကျော်ပြီး ကျွန်တော်တို့ မပို့ဘူးပေါ့နော်။ ထားဝယ်ခရိုင်အတွင်းဆိုရင်တော့ ဘယ်နေရာမဆို ၂၄ နာရီ သွားပြီးကူညီပေးပါတယ်။

ဒါပေမဲ့ လူနာတင်ယာဉ်ရဲ့ မူဝါဒ စည်းမျည်း၊ စည်းကမ်းအရ လူနာတင်ယာဉ်သည် အလောင်းတင်လို့မရဘူး။ ဒါပေမဲ့ လက်ရှိကတော့ ကျွန်တော်တို့ ထားဝယ်ဒေသရဲ့ လိုအပ်ချက်အရ ( အလောင်းတင်ဆောင် သယ်ပို့ပေးတာကို) ကူညီပေးနေသေးတယ်။ အလောင်းတင်ပို့ကူညီပေးတဲ့ အဖွဲ့တွေပေါ်လာရင်တော့ ကျွန်တော်တို့ အလောင်းသယ်ပို့ပေးနေတာတွေကို ရပ်နားမှာဖြစ်ပါတယ်။ သူ့ရဲ့နာမည်ကကိုက လူနာတင်ယာဉ်ဖြစ်တဲ့အတွက် လူနာပဲတင်လို့ရပါတယ်။ အလောင်းတင်မယ်ဆို နားရေးကားနဲ့ပဲတင်လို့ရတယ်။ ထားဝယ်မှာကျတော့ ဆေးရုံမှာသေသွားတဲ့သူတွေကို သယ်ပေးတဲ့အဖွဲ့ဆိုပြီး သီးသန့်မရှိသေးဘူးဆိုတော့ လက်ရှိတော့ ကျွန်တော်တို့က ဝင်ပြီးဖြည့်ဆည်းပြီးတော့ ကူညီပေးနေတယ်။ တကယ်လို့ ထားဝယ်ဆေးရုံမှာပဲဖြစ်ဖြစ်၊ ပြင်ပ ပုဂ္ဂလိကဆေးရုံးမှာပဲဖြစ်ဖြစ် အလောင်းတင်ဖို့ အဖွဲ့အစည်းရှိလာရင်တော့ အလောင်းတင်တာ ရပ်နားမှာပေါ့။

DW ။ ညရေးညတာ လူနာတွေကို သယ်ပို့ပေးရတဲ့အခါ ဘယ်လိုအခက်အခဲတွေရှိလဲ။

ဖြေ ။ ကျွန်တော်တို့က ညဘက်ဆိုလည်း လူနာတွေသယ်ပို့ပေးနေတာရှိတာပေါ့နော်။ ‌ညဖက်သွားတာဆိုတော့ လောင်းလုံးဖက်ဆိုရင် ကမြောကင်းတံတားဂိတ်ရှိမယ်၊ သရက်ချောင်းဖက်ကဆိုရင် ပေါက်တိုင်းတံတားဂိတ်ရှိမယ် စသည်ဖြင့် အဲဒီဂိတ်တွေမှာ ကျွန်တော်တို့ကတော့ ဘယ်နေရာ၊ ဘယ်ရပ်ကွက်၊ ဘယ်လိုမျိုးလူနာကို ဆေးရုံတင်မယ်လို့ ပြောပြီးတော့သွားတယ်။

DW ။ အခုစက်သုံးဆီဈေးအပါအဝင် အထွေထွေ ကုန်ဈေးနူန်းတွေ မြင့်တက်နေတာက အခုလို ကြက်ခြေနီရဲ့ လူမူကူညီရေးလုပ်ငန်းအတွက် ဘယ်လောက်အထိ ရိုက်ခတ်မူရှိလဲ။

ဖြေ ။ ကျွန်တော်တို့မှာ ကူညီဖို့ လူအဆင်သင့်ရှိတယ်၊ ကားအဆင်သင့်ရှိတယ်။ မရှိတာကတော့ ကားဆီ( စက်သုံးဆီ)။ အဲတော့ ခရီဝေးလူနာဆိုရင် လူနာရှင်ဆီမှာ ကားဆီဖိုးအလှူခံရပါတယ်။ ဘယ်လောက်လှူပါဆိုပြီးတော့ ပမာဏတစ်ခုသတ်မှတ်ပြီး အလှူခံတာမဟုတ်ဘူး။ ခရီးအကွာအဝေးအလိုက် ကုန်ကျတဲ့ဆီဖိုးပဲ အလှူခံတာပါ။ အဲတော့ အခုလောလောဆယ်တော့ အလှူခံပြီး ဆက်သွားနေရတယ်ပဲပြောရမှာပေါ့။

DW ။ ကျေးဇူးတင်ပါတယ်။

“ရန်ပုံငွေကလည်း ကုန်လာပြီဆိုတော့ ဒီလကုန်ဆိုရင် ရပ်နားဖို့အခြေအနေများတယ်”

ဦးနိုင်မျိုးသွင်  ဇမ္ဗူသီရိအရေးပေါ်လူနာ ကူညီသယ်ဆောင်ရေးအဖွဲ့(ထားဝယ်) ဥက္ကဌ

DW ။ ဇမ္ဗူသီရိအဖွဲ့ရဲ့ လူနာသယ်ယူညီပေးနေတဲ့အခြေအနေကို အရင်ဆုံးပြောပြပေးပါ။

ဖြေ ။ လူနာတွေကို ကူညီပေးနေတာကတော့ အရင်ကအတိုင်းပဲ အားလုံးလုပ်ဆောင် ပေးနေပါတယ်။

DW ။ ညဖက်ဆိုရင်ရော ဘယ်လိုလုပ်တာလဲ။

ဖြေ ။ ညဖက်ဆိုရင်တော့ ထားဝယ်မြို့ရဲ့ အနီးအနားတဝိုက်လောက်ပဲ သယ်ပေးတော့တယ်။  မြို့ပြင်ဆိုရင်ပြောတာပါ။ လောင်းလုံးမြို့နယ်ဖက်ဆိုရင် ကဘူကျေးရွာလောက်အထိပေါ့၊ သရက်ချောင်းဖက်ဆိုရင်တော့ ရှင်မုတ္ထီးလောက်ပဲသွားတယ်။ ရေဖြူမြို့နယ်ဘက်ကိုတော့ မသွားတော့ဘူး။နေ့ဘက်ဆိုရင်တော့ ခေါ်တဲ့နေရာ အားလုံးသွားတယ်။ ညဖက်ဆိုရင်တော့ အခုပြောတဲ့နေရာတွေအထိပဲသွားတော့တယ်။ သွားတာကတော့ တစ်ညလုံးပဲသွားတယ်၊ ၂၄ နာရီစလုံးပဲသွားပေးပါတယ်။

ည ၈ နာရီနောက်ပိုင်း၊ ၁၀ နာရီနောက်ပိုင်းမသွားဘူးဆိုတာက အဲတာသတင်းအမှားပါ။ နယ်ဝေးတွေကိုပဲမသွားတော့တာ ခုနကပြောတဲ့နေရာတွေအထိကတော့ ၂၄ နာရီသွားပါတယ်။

DW ။ နယ်ဝေးတွေကျတော့ဘာဖြစ်လို့လဲ

ဖြေ ။ နယ်ဝေးတွေကျတော့ အစစအရာရာပေါ့ အခက်အခဲတွေရှိတယ်။ အခက်အခဲ အကြောင်းအမျိုးမျိုးကြောင့်ပေါ့နော် အဲတာကြောင့် ညဖက် နယ်ဝေးမသွားတော့တာ။

DW ။ နယ်ဝေးကနေပြီး ညဖက် ကူညီတောင်းလာရင်ငြင်းလိုက်တာလား။ ဒါမှမဟုတ် ဘယ်လိုကူညီပေးလဲ။

ဖြေ ။ အဲလိုမျိုး နယ်ဝေးကနေပြီး ညဖက်ကူညီတောင်းတာဆိုရင်တော့ နီးစပ်ရာ ယာဉ်တစ်စီးစီးနဲ့ သယ်လာပေးပေါ့နော်။ ကျွန်တော်တို့နဲ့ ဘယ်နေရာလောက်မှာဆုံမယ်ဆိုပြီး ချိတ်ဆက်လုပ်ပြီးတော့  ကူညီပေးပါတယ်။

DW ။ ညဖက် လူနာတင်ဖို့သွားရင် ဘာတွေအခက်အခဲရှိလဲ။ ဂိတ်တွေမှာ စစ်ဆေးတာတွေရှိလား။

ဖြေ ။ ညဖက်လူနာတင်ဖို့သွားရင် အခု မြို့အထွက်တွေမှာ စစ်ဆေးရေးဂိတ်တွေမှာ ဘယ်နေရာမှာ ဘယ်လိုလူနာသွားသယ်မယ် လူနာအမျိုးအစား ပြောပြပြီး ဂိတ်တွေကို အကြောင်းကြားရတယ်။ အကြောင်းကြားပြီးမှ သွားလို့ရပါတယ်။ ကြိုပြီးတော့တော့ အကြောင်းကြားစရာမလိုဘူး။ ဂိတ်ကိုရောက်မှ အကြောင်းကြားပေးရတယ်။

DW ။ အခြားအခက်အခဲတွေရော ရှိသေးလား။

ဖြေ ။ အခုချိန်မှာတော့ အခက်အခဲက ဘက်စုံပဲရှိနေတယ်။ တစ်ချို့အခက်အခဲတွေက ပွင့်ပွင့်လင်းလင်းပြောဖို့ အခက်အခဲရှိပါတယ်။ လက်ရှိအခက်အခဲကတော့ စက်သုံးဆီပြဿနာ‌ပေါ့။ အခုဆို လှူမယ့်သူလည်း တစ်ယောက်မှမရှိဘူး။ လစဉ်ကြေးလှူနေတဲ့ အလှူရှင်တွေပဲရှိတော့တယ်။ တစ်လမှာ အဖွဲ့အနေနဲ့ အသုံးစရိတ်က ကျပ်သိန်း ၃၀ အထက်မှာရှိတယ်။  အရင်ကဆိုရင် တစ်လအလှူခံရငွေက(ကျပ်) ၁၆ သိန်း ၁၇ သိန်းမှာရှိပေမယ့် အခုချိန်မှာ‌တော့ တစ်လမှ ၄ သိန်းကျော်လောက်ပဲရတယ်ပေါ့နော်။ အခုချိန်က စက်သုံးဆီဈေးနူန်းကလည်း မြင့်တက်နေတဲ့ အချိန်ဖြစ်နေတာဆိုတော့ ဘယ်လိုမှ ဆက်ရပ်တည်လို့မနိုင်ပြီ။ လက်ရှိ အဖွဲ့မှာရှိတဲ့ ရန်ပုံငွေကလည်း ကုန်လာပြီဆိုတော့ ဒီလကုန်ဆိုရင် (ဇူလိုင်လကုန်) ရပ်နားဖို့အခြေအနေများတယ်။ ကိုယ့်မှာ ရန်ပုံငွေတွေရှိလာတဲ့တစ်နေ့ပေါ့ ပြန်ပြီကူညီပေးနိုင်တဲ့ တစ်နေဖြစ်လာမှပဲ ပြန်လုပ်တော့မယ်ပေါ့။ လက်ရှိတော့ နားထားလိုက်တော့မယ်ပေါ့။ ဘာဖြစ်လို့လဲဆိုရင် ပိုက်ဆံမရှိဘဲ ဘာမှလုပ်လို့မရဘူး။ အခုဆို ကားတိုင်းမှာဆီမထည့်နိုင်ဘူး။ မဖြစ်မနေကူညီပေးနေရတဲ့ နေရာမျိုးမှာ အသုံးပြုလို့ရအောင် ကားတစ်စီး၊ နှစ်စီးလောက်ကိုပဲ ဆီးတစ်သောင်းဖိုး၊ နှစ်သောင်းဖိုး ထည့်နေရတယ်။ အခုဆီဈေးနဲ့ တစ်သောင်းဖိုးဆို ဘယ်လောက်မှမရတာမဟုတ်ဘူး။

နောက်ပြီးတော့ ကိုယ့်အကြောင်း မကောင်းပြောပြီး ဝေဖန်တာတွေလည်းကြုံရတယ်။ ပရဟိတအကြောင်း ကောင်းကောင်းမသိဘဲ ကိုယ့်စိတ်ကူးတည့်ရာ ပြောချင်တာတွေပြောနေကြတာ။ ကိုယ်ကိုယ်တိုင်ကတော့ မကောင်းတာမလုပ်ဘူးလေ။ သူများအသက်ကိုကယ်နေတာ ပရဟိတစစ်စစ်ကိုပဲ လုပ်နေတာဆိုတော့ ပြောချင်တဲ့သူ ပြောနေပါစေလို့ပဲ ပြောချင်တယ်။

“ကျွန်တော်တို့အဖွဲ့က ကားသမားတွေကလည်း ညဘက်ဆို မလိုက်ချင်ဘူး”

သရက်ချောင်းမြို့နယ် အရေးပေါ်လူနာကူညီသယ်ဆောင်ရေးအဖွဲ့မှ တာဝန်ရှိသူ အမျိုးသားတစ်ဦး

DW ။ အာဏာသိမ်းကာလမှာ အရေးပေါ်လူနာ ကူညီသယ်ဆောင်ပေးတာတွေ ရွာမှာလုပ်နေသေးလား၊ ညရေးညတာတွေမှာရော အရေးပေါ်လူနာ ပို့ဆောင်ပေးတာတွေရှိလား။

ဖြေ ။ ဒီနေ့ပဲ ကိုယ်ဝန်ဆောင်တစ်ယောက် ပို့ပေးလိုက်သေးတယ်၊ နေ့ဘက်ကိုလေ၊ ညရေးညတာကတော့ အုပ်ချုပ်ရေးမှူးတွေ၊ ရဲစခန်းမှူးတွေနဲ့ ချိတ်ပြီး သွားသင့်တဲ့နေရာဆိုရင်လည်း သွားလိုက်တယ်။ မသွားသင့်တဲ့နေရာဆိုရင်တော့ မသွားဘူး။ မိုးသောက်ထလို အချိန်မျိုးတွေလည်း သွားတယ်။

DW ။ အာဏာသိမ်းပြီးနောက် ညမထွက်ရအမိန့်နဲ့ ဘယ်လို သွားနေကြလဲ၊ တခါတလေလည်းညဘက်ကို ကားသွားလာရင် ပစ်ခတ်မှုတွေရှိနေတာဆိုတော့လေ။

ဖြေ ။ ရငဲရွာတွေမှာလည်းသွားနေကြတာပဲ။ ကျွန်တော်တို့ရွာမှာတော့ အရမ်းအရေးကြီးတဲ့ လူနာဆိုရင်လည်း စခန်းမှူးတွေနဲ့ ချိတ်ပြီး ကျွန်တော်တို့မှာ ဒီလို ဒီလိုဖြစ်နေတာကြောင့် ကျွန်တော်သွားမှရမယ်ဆိုပြောပြပြီး သွားတယ်။ ဖုန်းနဲ့ပြောလိုက်တာပါ။ ကျွန်တော်တို့နားမှာ အစတုန်းက အရေးပေါ်နားပေးရဖို့ချိန် မနားပေးလို့ဆိုပြီး (စစ်တပ်က)ရိုက်ထုခံရတာတွေ ကြုံရဖူးတယ်လေ၊ အဲလိုနောက်ပိုင်း ကျွန်တော်တို့ အရေးပေါ်ကားတွေ နည်းနည်းသတိထားပြီးတော့ သွားလာရတာပေါ့လေ၊ သဲချောင်းကြီးမှာ တခါဖြစ်တယ်၊ ကျွန်တော်တို့ ရွာသားပဲ၊ သဲချောင်းကြီးဂိတ်ကနေ တခါတည်းမောင်းဆောင်သွားပြီး ရငဲတိုက်နယ်ဆေးရုံကို မောင်းသွားတာမှာ ဝင်းဝစစ်ဆေးရေးဂိတ်မှာလည်း မနားဘူးသူတို့ကလည်း။ ရငဲဆေးရုံကလည်း လက်မခံလို့ ပြန်လာချိန်မှာ ဝင်းဝစစ်ဆေးရေးဂိတ်ကမေးတော့ တစ်ယောက်က သေနတ်ထိတယ်၊ တစ်ယောက်က မြက်ရိတ်စက်ပြတ်တယ်ဆိုပြောတယ်၊ အရေးပေါ်ကားမောင်းသမားက စကားပြောမတတ်တော့ ရိုက်ခံထုခံထိတယ်၊ သပြေချောင်းစစ်တပ်ထဲထိ ရောက်သွားသေးတယ်၊ ပြီးမှ ပြန်လွတ်လာတာ၊  ကျွန်တော်တို့သရက်ချောင်းမြို့နယ်မှာဆို ကားအသင်းနာမည်၊ ကားမောင်းသမားကဘယ်သူ၊ ကားနံပါတ်က ဘယ်လောက် အဲလိုတွေ ပေးထားရတယ်။ ထောက်ခံစာတော့မလုပ်ရဘူး၊ ကျွန်တော်တို့ လူနာပို့စရာရှိတယ်။ ဥပမာ ဗိုက်ရှင်မဆိုလည်း ဗိုက်ရှင်မပေါ့လေ၊ ရငဲတိုက်နယ်ဆေးရုံဆိုလည်း ရငဲပေါ့၊ သရက်ချောင်းဆေးရုံဆိုလည်း သရက်ချောင်းဆေးရုံ၊ ထားဝယ်ဆေးရုံ၊ မယ်ဒီလန်းဆေးရုံကိုသယ်မယ်အဲလိုပေါ့လေ။ စစ်တပ်ဆေးရုံတွေလည်း ပို့ဖြစ်တယ်။

DW ။ ခုနောက်ပိုင်းမှာ ညရေးညတာတွေမှာပို့နေတာပဲလား။ ဘယ်လိုဖြစ်လာလဲ။

ဖြေ ။ ညပိုင်းဆိုရင်တော့ တော်တော်နဲ့ မပို့ဖြစ်တော့ဘူး။ အရေးကြီးရင်တော့ ပို့ဖြစ်တယ်။ ညနေ ၄ နာရီ ၅ နာရီ ညဆိုလဲ အရေးကြီးလူနာရှိရင်တော့ ၇ နာရီ ၈ နာရီလောက်ထိတော့ ပို့ဖြစ်တယ်၊ မနက်ကျတော့ ၄ နာရီကျော် ၅ နာရီလောက်ကစပို့ဖြစ်တယ်။

DW ။ ဒါဆို ညရေးညတာ မပို့ဖြစ်ရင် ရွာမှာကြည့်ပေးတဲ့ ဆရာမရော ရှိလား၊ ညဘက်ဆိုရင်ရော ဆရာမက လိုက်ကြည့်ပေးလား။

ဖြေ ။ တချို့ဆရာမတွေကတော့ ညနက်ပိုင်းဆိုခေါ်လို့မလိုက်ဘူး။ ရငဲတိုက်နယ်ဆေးရုံကလည်း သိပ်ပြီး အားကိုးမရဘူး၊ အရေးကြီးလူနာတွေဆို လက်မခံချင်ဘူး။ အရမ်းအရေးကြီးတဲ့လူနာဆိုရင်လည်း ည ၈ နာရီလောက်ထိဆို ပို့ပေးတယ်။ ကျွန်တော်တို့အဖွဲ့က ကားသမားတွေကလည်း ညဘက်ဆို မလိုက်ချင်ဘူး။

DW ။ ညဘက် မလိုက်ရဲတဲ့ အဓိကအကြောင်းရင်းက ဘာဖြစ်မလဲ

ဖြေ ။ အကြောင်းရင်းက ကားသမားတွေက စစ်ဆေးမေးမြန်းလာချိန်ဆို ကြောက်တာပေါ့နော်၊ ဂိတ်တွေမှာစစ်တာကိုး၊ အရင်တစ်ပတ်က ကျွန်တော့်အဖေဆုံးသွားလို့ မယ်ဒီလန်းကနေ သယ်လာတာ ဆုံးသွားတဲ့လူကိုတောင်စစ်ဆေးသေးတယ်၊ လူနာပါလားတဲ့ လူနာကဆုံးသွားပြီလို့ပြောတယ်၊ ရွာကို ယူသွားဖို့လို့ ပြောတာကို ဆုံးသွားတာကိုပဲစစ်ဆေးသေးတယ်၊ အင်းပြားနဲ့ ရွှေဂူတံတားမှာတော့ စစ်တယ်၊ ဘုတ်ကိုင်းမှာလည်း စစ်တယ်၊ ပေါက်တိုင်းမှာတော့ အဲလောက်မစစ်ဘူး။ ကျန်ဂိတ်တွေက ဒီလောက်မစစ်ဘူး။ သူတို့ ဂိတ်တွေနားရောက်ရင် ကားကို အရှိန်နည်းနည်း လျှော့ပေးလိုက်တယ်ပေါ့လေ။ အဓိကတော့ သူတို့ စစ်ဆေးမေးမြန်းမှာ ရိုက်ထုခံရဖူးသူရှိတယ်ဆို ကြောက်တာလောက်ပဲ၊ (စစ်တပ်နဲ့ PDF က) ပစ်ခတ်တာတွေမဖြစ်နိုင်ဘူးလို့တော့ ထင်တာပဲ။ အရေးပေါ်လူနာသယ်တဲ့ကားဆိုတော့ နားလည်ပေးမယ်လို့တော့ ထင်တာပေါ့နော်။

“အရေးပေါ်ကားတွေကို လိုက်အကူညီတောင်းတယ် ရွာကားတွေက မလိုက်ရဲဘူး”

ကျေးလက်နေပြည်သူ  တစ်ဦး

DW ။ ဘယ်လိုဖြစ်ခဲ့တာလဲ။

ဖြေ ။ ညနေကအစားမှားတယ်။ ညဉ့်နက်ပိုင်းလည်းရောက်ရော လေထိုးတာ တော်တော်လေး မခံနိုင်မှန်းသိတော့  အရေးပေါ်ကားတွေကို လိုက်အကူညီတောင်းတယ် ရွာကားတွေက မလိုက်ရဲဘူး။ ထားဝယ်က ကားကို အကူအညီတောင်းတာလည်း ညရှစ်နာရီကျော်ရင် မလိုက်ဘူးလို့ ပြောတယ်..။

DW ။ ကိုယ်စီစဉ်နဲ့ကိုယ်ဆေးရုံပို့လို့မရဘူးလား။

ဖြေ ။ ကျွန်တော်တို့ဘက်မှာ ညဘက်ဆို ရှစ်နာရီကျော်ရင် လူမရှိတော့ဘူး  တံတားစစ်ဆေးရေးဂိတ်တွေလည်း ပေးမဖြတ်ဘူးပြောတယ်။ အခုက ညဉ့်နက်ပိုင်းထဖြစ်တော့ အရေးပေါ်ကားပဲ သွားလို့ဆင်ပြေမှာပေါ့။

DW ။  ထားဝယ် ကြက်ခြေနီအဖွဲ့က ညဘက်လူနာတွေ သယ်ယူပေးတယ်လို့ကြားတယ်။ ဖုန်းဆက်ဖြစ်သေးလား။

ဖြေ ။  ကျွန်တော်မသိဘူး အဲလိုမှန်းသိရင် ဆက်တာပေါ့။

DW ။  ဒါဆိုအဲဒီညက လူနာ ဘယ်အချိန်ထိ ခံစားနေရလဲ။

ဖြေ ။ တစ်ညလုံးနီးပါးပါပဲဗျာ အော်တယ်။ စိတ်ထဲမှာလည်း ဘာလုပ်လို့ဘာကိုင်ရမှန်းမသိဘူး။  မိုးလင်းခါနီးမှ မတက်သာလို့ အရပ်ဆရာဝန်ကို ခေါပြီးပြရတယ် နည်းနည်းသက်သာလို့မိုးလင်းမှ ဆေးရုံပို့လိုက်ရတယ်။

DW ။ အဲဒီလိုကိုယ်တိုင်ခံစားခဲ့ရတဲ့အပေါ် လက်ရှိအခြေနေကို ပြည်သူတစ်ယောက် တစ်ယောက်အနေနဲ့ ဘယ်လိုမြင်လဲ။

ဖြေ ။ ပြည်သူတွေအတွက် စိုးရိမ်စရာပါ။ ကျွန်တော်တို့မှာဆို ကားရှိလျက်နဲ့ ဆေးရုံမပို့နိုင်ဘူး။ အရင်ကဆို ညကြီးမင်းကြီး ဘယ်အချိန် မဆို ဆေးရုံပို့လို့ရ‌တယ်။ ကျမ်းမာရေးဆိုတာက ပြောလို့မရဘူးလေ ဘယ်အချိန်ထဖြစ်မယ်ဆိုတာ။

DW ။ ပြည်သူ တစ်ယောက်အနေနဲ့လက်ရှိ အခက်အခဲကို ဘယ်လိုအကြံပြုစေချင်တာလဲ။

ဖြေ ။ ကျန်းမာရေးကိစ္စဆိုရင် ဘယ်နည်းလမ်းနဲ့မဆို ခွင့်ပြုပေးစေချင်တယ်။ နေ့ဘက်က အကြောင်းမဟုတ်ပေမယ့် ညဖက်ဆို ပြည်သူတွေမှာ အရမ်းခက်ခဲတယ်။

“ပရဟိတအသင်းဆိုပြီး ခုချိန်မှာ သတ်သတ်မှတ်ကာကွယ် ပေးထားတာမရှိဘူးလေ”

လောင်းလုံးမြို့နယ်မှပရဟိတ အရေးပေါ်အသင်းတစ်သင်း

DW ။ အရေးပေါ်လူနာ ပို့ဆောင်ရေးအသင်းတစ်သင်းအနေနဲ့ ညဘက် လူနာတင်ရတဲ့အခြေအနေဘယ်လိုရှိလဲ။

ဖြေ ။ ညနေခြောက်နာရီနောက်ပိုင်းလာခေါ်တဲ့ လူနာတွေဆို ရွေးချယ်ရတာပေါ့ မဖြစ်မနေပို့ရတဲ့ လူနာလား ဒါမှမဟုတ် ထားလို့ရသေးတဲ့ လူနာလားဆိုတာ အရင်ကတော့ ဒီလိုမဟုတ်ဘူး လာခေါ်တဲ့အချိန်တိုင်း ပို့ပေးတာပေါ့။

DW ။ ဘယ်လိုအခက်အခဲတွေကြောင့် အဲဒီလို အချိန်ကန့်သန့်တာတွေ ဖြစ်လာရလဲ။

ဖြေ ။ အဓိကလုံခြုံရေးကြောင့်ပေါ့ ဒီအချိန်မှာ ဘယ်သူမှ အပြစ်ပြောလို့မရဘူး။ အဓိက ကိုယ်လုံခြုံရေး ကိုယ်ကာကွယ်ရတာပဲလေ။

DW ။ ညဘက် ရှစ်နာရီကျော် အကူအညီတောင်းခံလာရင် ဘယ်လိုဆောင်ရွက်ပေး နေပါသလဲ။

ဖြေ ။ အနည်ဆုံး ညဆယ်နာရီမှာ အသင်းရုံးကို ပြန်ရောက်ဖို့လိုတယ်ပေါ့။ ဆယ်နာရီထက်ပိုသွားလို့ရှိရင် နယ်အသင်းတွေအနေနဲ့ လမ်းခရီးမှာဆင်မပြေဘူး။

DW ။ အရေးပေါ်ကားတွေကို အချိန်ကန့်သန့်ထားတာမျိုးရှိလား။

ဖြေ ။ မရှိပါဘူး။ ဘယ်အချိန်ကနေ ဘယ်အချိန်သွားရမယ်ဆိုပြီး ကန့်သန့်ထားတာမျိုးတော့ မရှိဘူး။ လမ်းခရီးမှာ ပြသနာတစ်စုံတစ်ခုဖြစ်မှစိုးလို့ ကျွန်တော်တို့ကိုယ်တိုင် မသွားတာပါ။ ပရဟိတအသင်းဆိုပြီး ခုချိန်မှာ သတ်သတ်မှတ်ကာကွယ် ပေးထားတာမရှိဘူးလေ။ ကိုယ်အန္တရာယ်ကို ကိုယ်ကာကွယ် ရတာပေါ့။

DW ။ ဒီကာလမှာ ပရဟိတကားတွေကို တိုက်ခိုက်တာမျိုးရော ကြုံခဲ့ဖူးလား

ဖြေ ။ သတ်သတ်မှတ်မှတ် တိုက်ခိုက်တယ် ဆိုတာမျိုးတော့မရှိပါဘူး။ ဒါပေမဲ့ ဘယ်နေရာကို ဘယ်အချိန်မျိုးမှာ မသွားနဲ့ နေရာဒေသလိုက်ပြီး အကြံပြု ပြောဆိုတာတွေမျိုးရှိလာတော့ ကျွန်တော်တို့လည်း ဆင်ခြင်ရတာပေါ့။

DW ။ ဆိုတော့ ညဆယ်နာရီကျော်ရင် အရေးပေါ်အနေနဲ့မလိုက်ဘူးဆိုတဲ့ ပြောဆိုချက်အပေါ်မှာ ပြည်သူတွေဘက်က ဘယ်လိုတုံ့ပြန်မှုမျိုးတွေ ကြုံခဲ့ရဖူးလဲ။

ဖြေ ။ တုံ့ပြန်တာမျိုးတော့မရှိဘူး။ အရေးပေါ်ဖြစ်ပေါ်လာတဲ့အချိန်တိုင်း ကူညီတောင်းခံလာတာမျိုးပဲရှိတယ်။ နားလည်အောင်ရှင်းပြ လူနာအခြေနေကြည့်ပြီး မနက်မှသွားလို့ရနိုင်တဲ့လူနာဆို ဆေးဝါးအကူအညီနဲ့ စောင့်ရှောက်မှုပေးထားရတာပေါ့။

DW ။ အသင်းမှာ ဆေးဖက်ဆိုင်ရာ နားလည်တတ်ကျွမ်းတဲ့ ပရဟိတအသင်းဝင်တွေ ရှိလား။

ဖြေ ။ တတ်ကျွမ်းတယ် ဆိုတာမျိုးလောက်တော့မဟုတ်ဘူး။ ရှေးဦးသူနာပြု သင်တန်းတွေတက်ခဲ့ဖူးတဲ့ သူတွေတော့ရှိတယ်။ အခုကျွန်တော်တို့နယ်မှာဆို ကျမ်းမာရေးဝန်ထမ်းတွေ မရှိတော့ဘူး။ နောက်ပြီး အရပ်ဆရာတွေဆိုလည်း ညဖက် မလိုက်တော့ဘူး။ အဲဒီကွက်လပ်တွေကို ကျွန်တော်တို့ကပဲ လိုက်ဖြည့်ပေးနေရတာမျိုးပါ။

DW ။ ကိုယ်ဝန်ဆောင်တွေ အသက်အန္တရာယ်စိုးရိမ်ရတဲ့ လူနာတွေ အခုကာလမှာ ညဖက်ခေါ်တာမျိုးဆိုရင် ဘယ်လို ဆောင်ရွက်ပေးဖို့ကြိုတင်ပြင်ဆင်ထားလဲ။

ဖြေ ။ အခုတော့မကြုံရသေးဘူးပေါ့နော်။ မဖြစ်မနေ မွေးရမယ် အဲလိုလူနာမျိုးနဲ့ ကြုံလာရင်တော့ ကျွန်တော်တို့ဘက်က ဘယ်အချိန်ဖြစ်ဖြစ် အရဲစွန့်ပြီးလိုက်ပို့ပေးရမယ်။

DW ။ သက်ဆိုင်ရာတာဝန်ရှိသူတွေဘက်က ဒီအချိန်မှာ ပရဟိတ အရေးပေါ်အသင်းတွေ လုပ်ငန်းဆောင်ရွက်မှုအပေါ် ဘယ်လိုလုပ်ပေးစေချင်တာရှိလဲ။

ဖြေ ။ တစ်ချို့အကြောင်းကြောင်းကြောင့် ရပ်နားလိုက်ရတဲ့အဖွဲ့တွေရှိတယ်။ လွတ်လွတ်လပ်လပ် စိတ်အေးလက်အေး လုပ်ကိုင်ခွင့်ရရင် အရင်ကလို အချိန်မရွေး လူနာတွေကို သယ်ယူပို့ဆောင်ပေးနိုင်မယ်။ ဒါကြောင့်လွတ်လပ်လပ် အာမခံချက်ပြည့်ပြည့်ဝဝနဲ့ လုပ်ခွင့်ရချင်တယ်။ အဓိကက ပရဟိတအသင်းကို ပရဟိတအသင်းလိုပဲ မြင်စေချင်တယ်ပေါ့ဗျာ။

DW ။ ဒေသခံတွေကိုရော ဘာပြောချင်တာတွေရှိလဲ။

ဖြေ ။ လက်လှမ်းမီသလောက် အတတ်နိုင်ဆုံးကူညီပေးပါမယ်။ အချိန်အခါနဲ့လုပ်ရတာကို နားလည်ပေးပါလို့ တောင်းဆိုခြင်ပါတယ်။  ကျွန်တော်တို့ လုပ်ငန်းက အကူအညီတောင်းရင် ငြင်းဆိုလိုမရပါဘူး။ အဖြူအမည်းခွဲခြားခြင်း မရှိပါဘူး။ အသက်လုရမယ့်အခြေအနေမျိုးတွေ ကိုယ်ဝန်ဆောင်တွေမျိုးဆိုရင် အချိန်မရွေး ကျွန်တော်တို့ဖက်က စွန့်စားပြီးလုပ်ပေးပါမယ်။

“ဆေးရုံကြီးက ည‌ခြောက်နာရီပိတ်ပြီ”

မြိတ်အခြေစိုက် နာရေးကူညီမှုအသင်းတစ်သင်းမှ တာဝန်ရှိသူတစ်ဦး

DW ။ ညမထွက်ရအမိန့် ည ၁၂ နာရီကနေ ၄ နာရီအထိ ထုတ်ထားတာပေါ့၊ အဲသည်အချိန်အတွင်းမှာ လူနာတွေကို ဆေးရုံကိုပို့ရတာ သွားလာလို့ အဆင်ပြေရဲ့လား။ ဘယ်လိုအခက်အခဲတွေ ရှိပါသလဲ။

ဖြေ ။ ညမထွက်ရအမိန့်ထုတ်ထားပေမယ့် ညဘက်သွားလို့ရပါတယ်။ တအားအရေးကြီးတဲ့လူနာဆိုရင် ပြောပြီးသွားလို့ရတယ်။

DW ။ ဘယ်လိုအရေးကြီးတဲ့ လူနာမျိုးပါလဲ။

ဖြေ ။ သားဖွားလူနာတို့မျိုး တကယ့်အသည်းအသန် အရေးကြီးတဲ့လူနာမျိုးဆိုရတယ်။ အများအားဖြင့် ညပိုင်းဆိုရင် ၅/၁၀၀ ( အမှတ် ၅ ကုတင် ၁၀၀ ဆံ့ တပ်မတော်ဆေးရုံ) ပဲပို့ရတာဆိုတော့ သူတို့နားကို တိုက်ရိုက်ပို့ပေးလိုက်တာ။ ဆေးရုံကြီးက ည‌ခြောက်နာရီပိတ်ပြီ ညအရေးပေါ်အားလုံးက ၅/၁၀၀ ပဲပို့ကြတာပါ။

“အခက်အခဲတော့ မရှိသေးဘူး”

တနင်္သာရီမြို့အခြေစိုက် နာရေးကူညီမှုအသင်းတစ်တစ်သင်းမှ တာဝန်ခံတစ်ဦး

DW ။ အစ်ကိုတို့ နာရေးကူညီမှုအသင်းအနေနဲ့ ညဘက်တွေဆိုရင် လူနာတွေကို ဆေးရုံပို့လို့ရပါသလား။ ညဘက်ဆိုတာက ညမထွက်ရအမိန့်ထုတ်ထားတဲ့ ည ၁၂ နာရီကနေ ၄ နာရီအချိန်အတွင်းကို ပြောတာပါ။

ဖြေ ။ ညဘက်ဆို တစ်ခါတစ်လေ လူနာတွေပို့ရတာတွေရှိတယ်။ ဂိတ်တွေကို အကျိုးအကြောင်းပြောပြပြီး သွားလို့ရပါတယ်။ အခက်အခဲတော့ မရှိသေးဘူး။