စစ်ကောင်စီကျင်းပမည့် ရွေးကောက်ပွဲ လုံးဝလက်မခံကြောင်း NLD ထုတ်ပြန်

0
274
၂၀၂၀ ခုနှစ် ရွေးကောက်ပွဲတွင် မဲပြားရေတွက်နေစဉ်

စစ်ကောင်စီက ကျင်းပမည့် ရွေးကောက်ပွဲကို လုံးဝအသိအမှတ်မပြု လက်ခံမည်မဟုတ်ကြောင်း ၂၀၂၀ အထွေထွေရွေးကောက်ပွဲအနိုင်ရပါတီဖြစ်သည့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD ပါတီက ယနေ့ (ဇူလိုင် ၉) ထုတ်ပြန်လိုက်သည်။

သမ္မတကသာလျှင်ဖွဲ့စည်းခွင့်ရှိပြီး ပြည်ထောင်စုလွှတ်တော်က အတည်ပြုထားသည့် တရားဝင် ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်ကို ဖျက်သိမ်းပြီး ကော်မရှင်အသစ်ဖွဲ့ခြင်းမှာ တရားမဝင်သဖြင့် ယင်းအဖွဲ့၏ လုပ်ဆောင်ချက် အားလုံးကို လက်မခံကြောင်း ထုတ်ပြန်ချက်တွင်ဖော်ပြသည်။

ဥပဒေ၊ နည်းဥပဒေနှင့် လုပ်ငန်းစဉ်များ အားလုံး (ရွေးကောက်ပွဲအပါအဝင်) သည် မည်သည့်ဥပဒေ၊ လုပ်ထုံးလုပ်နည်းများနှင့်မျှ ညီညွတ်မှု မရှိပါကြောင်း ထုတ်ပြန်ထားသည်။

လက်ရှိတိုင်းပြည်အခြေအနေ လွန်စွာဆိုးဝါးနေစဉ် ပြည်သူလူထုနှင့် နိုင်ငံတကာကို လှည့်စားရန်အတွက် နောက်ထပ် ရွေးကောက်ပွဲတစ်ခုကျင်းပရန် စစ်ကောင်စီက ကြံစည်အားထုတ်နေသည်ကို ကြားသိရကြောင်းလည်း ထုတ်ပြန်ချက်တွင် ဖော်ပြသည်။  

NLD သည် ၂၀၂၀ ပြည့်နှစ်အထွေထွေရွေးကောက်ပွဲတွင် မဲဆန္ဒနယ်အားလုံး၏ ၈၂ဒသမ၃၅ ရာခိုင်နှုန်းဖြင့် လွှတ်တော်ကိုယ်စားလှယ် ၉၂၀ ဦး အနိုင်ရခဲ့သည်။

နိုင်ငံတကာသံတမန်များနှင့် ရွေးကောက်ပွဲစောင့်ကြည့်လေ့လာသူ အရပ်ဖက်အဖွဲ့အစည်းများကလည်း လွတ်လပ်ပြီး တရားမျှတသော ရွေးကောက်ပွဲအဖြစ် အသိအမှတ်ပြုခဲ့ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြသည်။

ယင်းရွေးကောက်ပွဲ ရလဒ်သည်သာ ပြည်သူ့ဆန္ဒနှင့်အညီဖြစ်ပြီး တရားဝင်တည်ဆဲဖြစ်ကြောင်း NLD က ထုတ်ပြန်သည်။

၂၀၂၂ ခုနှစ် ဇွန်လ ၂၅ ရက်နေ့တွင် ကျင်းပသော ဗဟိုအလုပ်ကော်မတီနှင့် ဗဟိုကော်မတီဝင်များ၊ ဗဟိုရေးရာ ကော်မတီဝင်များ၊ တိုင်း/ပြည်နယ် တာဝန်ခံများ၏ အစည်းအဝေးဆုံးဖြတ်ချက်အရ ယခုထုတ်ပြန်ချက်ကို ထုတ်ပြန်ခြင်းဖြစ်သည်ဟု NLD က ဆိုသည်။

ပြည်သူ့ဆန္ဒနှင့် သွေဖီဆန့်ကျင်လျက် အဖွဲ့ချုပ်ရုံးများအား နည်းမျိုးစုံဖြင့်အကြောင်းပြ၍ ရုံးခန်းအဆောက်အအုံများ ဖွင့်လှစ်ရန် ကြံစည်ကြိုးပမ်းနေကြသူများ၏ လုပ်ရပ်အား (လုံးဝ) ခွင့်ပြုခြင်းမရှိ ခွင့်မပြုပါကြောင်းလည်း NLD ပါတီက ဇူလိုင်လ ၅ ရက်နေ့က ထုတ်ပြန်ထားသေးသည်။

စစ်ကောင်စီကမူ ၂၀၂၃ ခုနှစ်တွင် PR အချိုးကျကိုယ်စားပြုစနစ်ဖြင့် ရွေးကောက်ပွဲကို ကျင်းပရန် ပြင်ဆင်နေကြောင်း သတင်းစာရှင်းလင်းပွဲများတွင် ထုတ်ဖော်ပြောဆိုထားသည်။

စစ်ကောင်စီဖွဲ့စည်းထားသည် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် ဥက္ကဋ္ဌကမူ ၂၀၂၀ ရွေးကောက်ပွဲတွင် မဲမသာမှု များအတွက် တာဝန်ရှိပုဂ္ဂိုလ်များကို နိုင်ငံတော်သစ္စဖောက်မှုအဖြစ် အရေးယူကာ NLD ပါတီကိုလည် မှတ်ပုံတင် ပယ်ဖျက်ပစ်ရမည်ဟု ၂၀၂၁ ခုနှစ် မတ်လ ၂၁ ရက်နေ့က ပြုလုပ်သည့် သတင်းစာရှင်းလင်းပွဲတွင် ပြောဆိုခဲ့သည်။