တနင်္သာရီ လယ်သစ်ရွာက စိတ်ကျန်းမာရေးမကောင်းသူ အမျိုးသားတစ်ဦး အဖမ်းခံရ

0
205
LaeThit

တနင်္သာရီမြို့နယ်၊ လယ်သစ်ကျေးရွာတွင် နေထိုင်သည့် စိတ်ကျန်းမာရေးမကောင်းသူ အမျိုးသားတစ်ဦး စစ်ကောင်စီတပ်က ဖမ်းဆီးထားကြောင်း ဒေသခံများထံမှ သိရသည်။

ဖမ်းဆီးခံရသူသည် အသက် ၃၀ ဝန်းကျင်ရှိ ကိုလွန်း (ခေါ်) ကိုဝင်းစိုးဟုသိရပြီး ၎င်းသည် သာမန်အရပ်သား တစ်ဦးဖြစ်ကာ မူးယစ်ဆေးသုံးစွဲမှုကြောင့် လက်ရှိအခြေအနေတွင် စိတ်မူ မမှန်သူဖြစ်နေကြောင်း ဒေသခံများက ပြောသည်။

“ကြောင်ပြီး ရွာထဲကို တစ်ယောက်တည်း ဝင်သွားတော့ စစ်တပ်ကဖမ်းလိုက်တာ။ ရွာထဲကို ဘယ်သူမှ သွားကြတာ မဟုတ်ဘူး” ဟု ဒေသခံအမျိုးသား ကပြောသည်။

လယ်သစ်ရွာတွင် တိုက်ပွဲကြောင့် ရွာသားများ ဘေးလွတ်ရာသို့ တိမ်းရှောင်နေရသည်မှာ လချီကြာလာပြီဖြစ်ပြီး ယနေ့အထိ ရွာမပြန်ရဲကြသေးကြောင်း ဒေသခံများထံမှ သိရသည်။

ကိုလွန်းသည် ဇူလိုင်လ ၆ ရက်နေ့က ဖမ်းဆီးခံရခြင်းဖြစ်ပြီး လက်ထိပ်ခတ်ကာ မြိတ်မြို့ဘက် စက်လှေဖြင့်ခေါ်ဆောင်သွားသည်ကို တွေ့ရကြောင်း ဒေသခံများက ပြောသည်။

ယနေ့ (ဇူလိုင် ၉) တွင်မူ စစ်ကောင်စီတပ်က ကိုလွန်းကို ရွာသို့ ပြန်လည်ခေါ်ဆောင်လာပြီး မည်သည့် အကြောင်းအရင်းကြောင့် ပြန်လည်ခေါ်ဆောင်လာသည်ကို မသိရကြောင်း ၎င်းတို့က ဆိုသည်။ 

“(သူ့) ဘာကြောင့် အဖမ်းခံရတယ်ဆိုတာ မသိသေးဘူး။ သူကအိမ်ထောင်ကွဲနေတယ်။ ဆေးကြောင်ပြီးတော့ လျှောက်သွားနေတာ” ဟု ဒေသခံအမျိုးသမီးတစ်ဦးက ပြောဆိုသည်။

စစ်ကောင်စီတပ်သည် ဇူလိုင်လ ၁ ရက်နေ့က လယ်သစ်ကျေးရွာ အနောက်ကမ်းသို့ စစ်ကြောင်းထိုးကာ ဝင်ရောက်လာပြီး ဇူလိုင် ၁ ရက်နှင့် ၂ ရက်နေ့တို့တွင် လယ်သစ်အရှေ့ကမ်းရှိ ပြည်သူ့ကာကွယ်ရေးတပ်များနှင့် နှစ်ဖက်အပြန်အလှန် ပစ်ခတ်မှုဖြစ်ပွါးခဲ့သည်။

ယင်းနောက် လက်ရှိအချိန်အထိ နှစ်ဖက်ပစ်ခတ်သံမကြားရတော့သော်လည်း နှစ်ဖက်စစ်ရေးတင်းမာနေသည့် အခြေအနေ ဖြစ်နေသည့်အတွက် စိုးရိမ်နေရကြောင်း ဒေသခံအမျိုးသမီးက ပြောသည်။

“လောလောဆယ်တော့ ငြိမ်နေတယ်။ ဒါပေမဲ့ ဘယ်အချိန်ထချကြဦးမယ် မသိသေးဘူး” ဟု ၎င်းက ဆိုသည်။

လယ်သစ်နှင့် ပဝကျေးရွာအုပ်စုတို့တွင် ၂၀၂၂ ဖေဖော်ဝါရီ ဒုတိယအပတ်မှ စတင်ကာ စစ်ကောင်စီတပ်နှင့် ပြည်သူ့ကာကွယ်ရေးတပ်တို့အကြား တိုက်ပွဲများ မကြာခဏဖြစ်လေ့ရှိသည်။

အဆိုပါကျေးရွာသည် တနင်္သာရီမြစ်လက်တက် တစ်ဖက်တစ်ချက်တွင် ရွာတည်ထားပြီး အိမ်ခြေတစ်ထောင်ကျော်ရှိသည့် ရွာကြီးဖြစ်သည်။