သောက်ရေသန့်ဈေးမြင့်လာပြီးနောက် ရောင်းအားကျဆင်း

0
451

မြိတ်မြို့အတွင်း ဖြန့်ဝေနေသည့် သောက်ရေသန့်များ ဈေးမြင့်တက်ခဲ့ပြီးနောက် ရောင်းအားလျော့ကျလာကြောင်း ရေသန့်ဖြန့်ဝေနေသူများထံမှ သိရသည်။

လီတာ ၂၀ ဝင် သောက်ရေသန့်တစ်ဘူးကို ပြီးခဲ့သည့်နှစ်က ကျပ် ၅၀၀ သာရှိခဲ့ပြီး ယခုနှစ် မတ်လမှစတင်ကာ တဖြေးဖြေး ဈေးတက်လာပြီးနောက် ဇွန်လ ၂၁ ရက်နေ့တွင် ကျပ် ၉၀၀ သို့ ဈေးတက်လာခဲ့သည်။

ယင်းသို့ ကျပ် ၉၀၀ ဖြစ်ပြီးနောက် သောက်ရေသန့်မှာယူမှု ကျဆင်းလာသည်ဟု သောက်ရေသန့်ဖြန့်ဝေနေသူများက ပြောသည်။

ယခင်က တစ်နေ့လျှင် ၂၀ လီတာဝင်ဆန့် ရေသန့်ဘူး ၇၀၀ ခန့် လဲလှယ်နေရာမှ ၉၀၀ ကျပ်သို့ ဈေးတက်ပြီးနောက် ဘူးရေ ၅၀၀ ခန့်သာ လှဲပေးရတော့ကြောင်း သောက်ရေသန့်ဖြန့်ဝေနေသည့် အမျိုးသားတစ်ဦးက ဆိုသည်။

“စီးပွားရေးကျပ်တည်းတော့ ရေလည်း အရင်လို မရောင်းရတော့ဘူး” ဟု ၎င်းက ပြောဆိုသည်။

သောက်ရေသန့်များကို ကားများဖြင့် မြိတ်မြို့ရပ်ကွက်အနှံ့ အိမ်တိုင်ရာရောက် လှဲလှယ်ရောင်းချနေခြင်းဖြစ်ပြီး ယခင်ကထက် ရောင်းအား လျော့ကျလာကြောင်း ရေသန့်ဖြန့်ဝေသူ နောက်တစ်ဦးကလည်း ဆိုသည်။

“ပုံမှန်ကားနဲ့ တစ်နေ့ လေးခေါက်ခွဲလောက် ပို့နေရာကနေ အခုဆို နှစ်ခေါက်ခွဲလောက်ပဲ ပို့ရတော့တယ်” ဟု ၎င်းက ပြောပြသည်။

ရေသန့်ဈေးတက်သဖြင့် ရပ်ကွက်အတွင်း ကားဖြင့်လိုက်လံဖြန့်ဝေနေသည့် အိမ်သုံးရေကိုသာ သောက်ရေအဖြစ်
အသုံးပြုလာနေကြောင်း အိမ်ရှင်မတစ်ဦးက ပြောသည်။ ယင်းအိမ်သုံးရေမှာ မြိတ်တောင်ရပ်က အဝီစိရေဖြစ်သည်။

“ဝင်ငွေနည်းတဲ့ ဆင်းရဲသားတွေက ရေသန့် တစ်ဘူး ၉၀၀ နဲ့ ဝယ်မသောက်နိုင်တော့ဘူး။ အိမ်သုံးရေပဲ ပြောင်းသောက်နေရပြီ” ဟု အသက် ၅၀ ကျော်ရှိ အခြေခံလူတန်းစား အိမ်ရှင်မက ပြောသည်။

စက်သုံးဆီဈေးတက်သဖြင့် ရေသန့်လည်းဈေးတင်ရခြင်းဖြစ်သည်ဟု ရေသန့်စက်ရုံလုပ်ငန်းရှင်အချို့က ပြောဆိုထားကြသည်။ မြိတ်တွင် ဇူလိုင်လ ၈ ရက်နေ့မှ စတင်ကာ စက်သုံးဆီဈေးများ ကျဆင်းနေပြီဖြစ်ပြီး ဇူလိုင်လ ၉ ရက်နေ့ သောက်ရေသန့်ဈေးမှာမူ လျော့ကျခြင်းမရှိသေးပေ။  

မြိတ်မြို့တွင် Azure ၊ News Water၊ Myeik City၊ ကျောက်စူး စသည့် ရေသန့်စက်ရုံ ၁၀ ရုံခန့်ရှိပြီး စက်ရုံများမှ ကားများဖြင့် ၎င်းတို့ဖောက်သယ်ရှိရာရပ်ကွက်အလိုက် အိမ်အရောက်ပို့သည့် စနစ်ဖြင့် လိုက်လံပို့နေကြခြင်းဖြစ်သည်။