တစ်ပတ်အတွင်း မြန်မာ့ရေးရာ

0
452

မြန်မာနိုင်ငံတစ်ဝန်း ဖြစ်ပျက်ခဲ့သည့် အဖြစ်အပျက်များထဲမှ ထူးခြားဖြစ်စဉ်များကို ကောက်နုတ်ကာ အပတ်စဉ် စနေနေ့တိုင်းတွင် စုစည်းဖော်ပြပေးသွားမည်ဖြစ်ပါသည်။

ဇူလိုင်လ ၂ ရက်နေ့မှ ၈ ရက်နေ့ အထိ

ဆဲဗင်းဂျူလိုင်နေ့သပိတ် ကားဖြင့်ဝင်တိုက်ဖြိုခွင်းခံရ

ဆဲဗင်းဂျူလိုင် (ဇူလိုင်)နေ့အရေးတော်ပုံ နှစ် ၆၀ပြည့်အထိမ်းအမှတ်အဖြစ် ရန်ကုန်တိုင်း လှိုင်မြို့နယ် သုခမှတ်တိုင်အနီးတွင် ပြုလုပ်နေသည့် စစ်အာရှင်ဆန့်ကျင်ရေးသပိတ်တစ်ခုမှာ ကားဖြင့်ဝင်တိုက်ဖြိုခွင်းခံလိုက်ရသည်။

ယင်းဖြစ်ရပ်တွင် ထွက်ပေါ်လာသည့် ရုပ်သံမှတ်တမ်းအရ နံပတ်ပြား 7J 5050 တပ်ထားသည့် တိုယိုတာ ဘယ်လ်တာ အဖြူရောင် အိမ်စီးကားတစ်စီး အရှိန်ပြင်းပြင်းဖြင့် ဆန္ဒပြလူငယ်များကို ဝင်တိုက်ရာ လူငယ်အမျိုးသားတစ်ဦး လွှင့်စင် သွားသည်ကို တွေ့ရသည်။ ယင်းကားမှာ မှတ်ပုံတင်ထားခြင်း မရှိသည့် ကားဖြစ်နေသည်။ ယင်းလုပ်ရပ်မှာ စစ်ကောင်စီလက်ချက်ဖြစ်သည်ဟု သပိတ်ဆင်နွှဲသူများက ပြောဆိုထားသည်။

ဆဲဗင်းဂျူလိုင်နေ့ အထိမ်းအမှတ် စစ်အာဏာရှင်ဆန့်ကျင်ရေး သပိတ်များကို ရန်ကုန်၊ မန္တလေး အပါအဝင် မြို့ကြီးများ၊ လွတ်မြောက်နယ်မြေ အပါအဝင် နိုင်ငံတဝန်းတွင် ဇူလိုင်လ ၇ ရက်နေ့က ပြုလုပ်ကြပြီး တနင်္သာရီတိုင်းက ထားဝယ်အပါအဝင် မြို့အချို့တွင်လည်း ပြုလုပ်ကြသည်။

၂၀၂၁ခုနှစ် ဒီဇင်ဘာလ ၅ ရက်နေ့က ရန်ကုန်တိုင်း ကြည့်မြင်တိုင်မြို့နယ် ပန်းပင်ကြီးလမ်းတွင် ဆန္ဒပြလူငယ်များကို စစ်ကောင်စီက ကားဖြင့်တိုက်ကာ ဖြိုခွဲခဲ့ဖူးသည်။

နိုင်ငံခြားရေးဝန်ကြီး အဖိတ်မခံရပြန်

ကမ္ဘောဒီးယားနိုင်ငံ၌ ဇူလိုင်လကုန်ပိုင်းတွင် ကျင်းပမည့် အာဆီယံနိုင်ငံခြားရေးဝန်ကြီးများ အစည်းအဝေးနှင့် ဆက်စပ်အစည်းများသို့လည်း စစ်ကောင်စီ၏ နိုင်ငံခြားရေးဝန်ကြီး ဦးဝဏ္ဏမောင်လွင်ကို မဖိတ်ပေ။

အာဆီယံ၏ မြန်မာနိုင်ငံဆိုင်ရာ အထူးသံတမန်လည်းဖြစ် ကမ္ဘောဒီးယားနိုင်ငံခြားရေးဝန်ကြီးလည်းဖြစ်သူက ဇူလိုင်လ ၆ရက်နေ့ သတင်းစာရှင်းလင်းပွဲတွင် ပြောဆိုခြင်းဖြစ်ပြီး ဝန်ကြီးအစား နိုင်ငံရေးအရ ကိုယ်စားမပြုသူတစ်ဦးအား ဖိတ်ကြားစာကို နေပြည်တော်သို့ ပို့ထားသည်ဟု ပြောဆိုခဲ့သည်။

အာဆီယံခေါင်းဆောင်များ မနှစ်က သဘောတူထားသည့် အာဆီယံဘုံသဘောတူညီချက် ငါးချက်ကို တိုးတက်အောင် မလုပ်နိုင်သဖြင့် မဖိတ်ခြင်းဖြစ်သည်ဟု ဆိုသည်။

စက်သုံဆီးဈေး ကျပ်နှစ်ထောင်အောက်ပြန်ရောက်လာ

ပြည်တွင် စက်သုံးဆီဈေးနှုန်းမှာ ဇူလိုင်လ ၇ ရက်နေ့တွင် ကျပ်နှစ်ထောင်အောက်သို့ ပြန်လည်ရောက်ရှိလာသည်။ 

စက်သုံးဆီတင်သွင်းသိုလှောင် ဖြန့်ဖြူးခြင်းလုပ်ငန်းကြီးကြပ်ရေးကော်မတီက ရည်ညွှန်းဈေးနှုန်းများကို သတ်မှတ်ပြီး ရန်ကုန်ဈေးမှာ 92 တစ်လီတာ ၂၀၇၀ ကျပ်ရှိရာမှ ဇူလိုင်လ ၇ ရက်နေ့တွင် ၁၈၃၅ သို့ ကျဆင်းခဲ့ပြီး 95 တစ်လီတာ ၂၁၉၅ ရှိရာမှ ၁၉၅၅ သို့ ကျဆင်းလာခြင်းဖြစ်သည်။

ပရီမီယံဒီဇယ်ဈေးမှာမူ နှစ်ထောင်အထက်တွင် ရှိနေဆဲဖြစ်သည်။ ယင်းကော်မတီက Mean of Platts Singapore (MOPS) ကို အခြေခံတွက်ချက်ခြင်းဖြစ်ပြီး MOPS တွင် ဈေးကျဆင်းလာမှုကြောင့် လိုက်ပါကျဆင်းလာခြင်း ဖြစ်သည်ဟု ဆိုသည်။

မန္တလေးဘူတာကြီးအနီး ပေါက်ကွဲပစ်ခတ်မှု

မန္တလေးမြို့ ဘူတာကြီးအနီး မီးရထားဝန်ထမ်းရိပ်သာဝန်းနားတွင် ဇူလိုင်လ ၇ ရက် နံနက်ပိုင်းက ပေါက်ကွဲမှု ပစ်ခတ်မှုများ ဖြစ်ပွားခဲ့ပြီး ရဲနှစ်ဦးအပြင်းအထန် ဒဏ်ရာရသည်ဟု မြို့ခံပြောက်ကျား အဖွဲ့တစ်ခုဖြစ်သည့် Generation Z power အဖွဲ့က ထုတ်ပြန်သည်။

စစ်ကောင်စီတပ်ဖွဲ့ဝင်များကို Generation Z power အဖွဲ့က ဝင်ရောက်တိုက်ခိုက်ခြင်းဖြစ်ကြောင်း ထုတ်ပြန်ပြီး တိုက်ခိုက်မှုဖြစ်ပြီးနောက် ယင်းအနီးတဝိုက်ကို စစ်ကောင်စီတပ်ဘက်က လုံခြုံရေးတင်းကျပ်က ပိတ်ဆို့စစ်ဆေးခဲ့သည်ဟု မြို့ခံများက ပြောဆိုထားသည်။

AA စခန်း ဗုံးကြဲတိုက်ခိုက်ခံရသဖြင့် တပ်ဖွဲ့ဝင်ခြောက်ဦးကျဆုံး

ထိုင်း-မြန်မာ နယ်စပ်အနီး ကရင်ပြည်နယ်ထဲက ရက္ခိုင့်တပ်တော် (AA) တပ်စခန်းတစ်ခုကို စစ်ကောင်စီတပ်က တိုင်လေယာဉ်နှစ်စီးဖြင့် ဗုံးကြဲတိုက်ခိုက်မှုကြောင့် AA တပ်ဖွဲ့ဝင် ခြောက်ဦး ကျဆုံးခဲ့သည်။

KNLA တပ်မဟာ (၅) ဧရိယာထဲက AA တပ်စခန်းတစ်ခု ဇူလိုင်လ ၄ ရက်နေ့ နေ့လယ် ၁၂ နာရီခန့်တွင် တိုက်ခိုက်ခံရခြင်းဖြစ်ပြီး တပ်ဖွဲ့ဝင် ခြောက်ဦးကျဆုံးကာ ဒဏ်ရာရှိသူများလည်းရှိပြီး ဆေးရုံဆေးခန်း၊ စက်ချုပ်စက်ရုံ အပါအဝင် အဆောက်အအုံအချို့ ပျက်စီးဆုံးရှုံးသည်ဟု AA က ထုတ်ပြန်သည်။

တိုက်ပွဲဖြစ်ပွားခြင်း မရှိဘဲ ရည်ရွယ်ချက်ရှိရှိ လာရောက်ဗုံးကြဲတိုက်ခိုက်ခဲ့ခြင်းဖြစ်သဖြင့် လိုအပ်သလို တုံံ႔ပြန်သွားမည်ဟု AA ၏ ပြောရေးဆိုခွင့်ရှိသူ ဦးခိုင်သုခက ပြောဆိုထားသည်။

ယင်းဖြစ်ရပ်အပြီးနှစ်ရက်အကြာ ဇူလိုင်လ ၆ ရက်နေ့တွင် ရခိုင်ကမ်းရိုးတမ်း ပင်လယ်ပြင်တွင် စစ်ကောင်စီက ရေငုပ် သင်္ဘောနှစ်စီး အပါအဝင် တိုက်ခိုက်ရေးသင်္ဘောများ၊ ရဟတ်ယာဉ်များဖြင့် စစ်ရေးလေ့ကျင်ခဲ့ပြီး စစ်ကောင်စီ ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် တက်ရောက်ခဲ့သည်။

အိန္ဒိယနိုင်ငံသားနှစ်ဦး ပစ်သတ်ခံရကြောင့် ဆန္ဒပြရာမှ မြန်မာရဲကင်းစခန်းမီးရှို့ခံရ

စစ်ကိုင်းတိုင်း တမူးမြို့တွင် အိန္ဒိယနိုင်ငံသားနှစ်ဦး ပစ်ခတ်ခံလိုက်ရသည်ကို မကျေနပ်သဖြင့် အိန္ဒိယနိုင်ငံသားများ ဆန္ဒပြကြရာမှ နယ်စပ်ဂိတ်က မြန်မာရဲကင်းစခန်းတစ်ခု မီးရှို့ခံလိုက်ရသည်။

အိန္ဒိယနိုင်ငံ၊ မဏိပူရပြည်နယ်၊ မိုးရေးမြို့က အိန္ဒိယနိုင်ငံသား အသက် ၂၈နှစ်အရွယ် MR.P. Mohan နှင့် အသက် ၃၅နှစ်အရွယ် Mr.M. Iyanar တို့သည် တမူးမြို့တွင် ဇူလိုင်လ ၅ရက်နေ့ နေ့လယ်ပိုင်းက ပစ်သတ်ခံရခြင်းဖြစ်သည်။ တမူး PDF အဖွဲ့ကမူ ပျူစောထီများ ပစ်ခတ်သတ်ဖြတ်လိုက်ခြင်းဖြစ်သည်ဟု ထုတ်ပြန်သည်။

ယင်းနောက် ၆ ရက်နေ့တွင် မိုးရေးမြို့တွင် အိန္ဒိယနိုင်ငံသား နှစ်ရာကျော် ဆန္ဒပြခဲ့ကြပြီး အလောင်းကို ပြန်မပေးသဖြင့် မြန်မာရဲကင်းကို မီးရှို့ခဲ့ကြသည်။ ယင်းနောက် မဏိပူရပြည်နယ် အာဏာပိုင်များက နယ်စပ်ကျော် သွားလာခွင့် ပိတ်လိုက်သဖြင့် ကုန်စည်စီးဆင်းမှုရပ်ဆိုင်းသွားသည်။ နှစ်ဖက်က လုံခြုံရေးကိုလည်း တိုးမြှင့်ထားကြသည်။

နယ်စပ်ကုန်သွယ်ရေး ဒေါ်လာပြန်သုံးရမည်ဟု ဆိုပြန်

တရုတ်၊ ထိုင်းတို့နှင့် နယ်စပ်ကုန်သွယ်ရေးလမ်းကြောင်းမှ ကုန်သွယ်ရာတွင် ယွမ်၊ ဘတ်တို့ဖြင့် တိုက်ရိုက်ပေးချေ ညွှန်ကြားချက်မှာ လပိုင်းအကြာတွင် ရပ်တန့်လိုက်ပြီး ဒေါ်လာဖြင့် ပြန်လည်ပေးချေရန် ညွှန်ကြားလာပြန်သည်။

ဒေါ်လာအစား တရုတ်နှင့် ယွမ်/ ကျပ် ရောင်းဝယ်ပေးချေရန် ၂၀၂၁ခုနှစ် ဒီဇင်ဘာလ ၁၄ ရက်နေ့တွင် သတ်မှတ်ခဲ့ပြီး ထိုင်းနှင့် ဘတ်/ကျပ် ပေးချေရန် ပြီးခဲ့သည့် မတ်လ ၃ ရက်နေ့တွင် သတ်မှတ်ခဲ့ခြင်းဖြစ်သည်။ ယင်းနောက် ဇူလိုင်လ ၁ ရက်နေ့မှစတင်ကာ ဆန်၊ ပဲ၊ ပြောင်း၊ နှမ်း ဆီထွက်သီးနှံများကို နယ်စပ်မှ တင်ပို့လျှင် ဒေါ်လာဖြင့် ရောင်းဝယ်ရန် စစ်ကောင်စီ စီးပွားကူသန်းဝန်ကြီးဌာနက နယ်စပ်ကုန်သွယ်ရေးစခန်းများကို ညွှန်ကြားလိုက်ပြန်သည်။

ဒေါ်လာဈေးကို ဗဟိုဘဏ်က ၁၈၅၀ ကျပ် ပုံသေသတ်မှတ်ထားရာ ယခုပြောင်းလဲညွှန်ကြားမှုကြောင့် ထိခိုက်မှုများရှိလာနိုင်ကြောင်း နယ်စပ်ကုန်သည်များက ပြောဆိုကြသည်။ 

သင်ဇာဝင့်ကျော် အဖမ်းခံရ၊ ပိုင်သက်ကျော် ထောင်ဒဏ် သုံးနှစ်ချခံရ

ယခုပတ်တွင် အနုပညာအသိုင်းအဝိုင်းက ထူးခြားသည့် သတင်းနှစ်ခုရှိသည်။ သရုပ်ဆောင်မော်ဒယ် သင်ဇာဝင့်ကျော် ဖမ်းဆီးခံရခြင်းနှင့် အဆိုတော်ပိုင်သက်ကျော် အလုပ်ကြမ်းနှင့် ထောင်ဒဏ် သုံးနှစ်ချမှတ်ခံရခြင်းဖြစ်သည်။

သရုပ်ဆောင် သင်ဇာဝင့်ကျော်သည် စစ်ကောင်စီတပ်နှင့် တိုက်ပွဲများဖြစ်နေသည့် ရှမ်းပြည်တိုးတက်ရေးပါတီ ရှမ်းပြည်တပ်မတော် (SSPP/SSA) ဌာနချုပ်ရှိရာ ဝမ်ဟိုင်းမြို့တွင် ဒေသဖွံ့ဖြိုးရေး မှတ်တမ်းရုပ်ရှင်သွားရိုက်ပြီး အပြန်တွင် အဖမ်းခံရခြင်း ဖြစ်သည်။ SSPP ပြောရေးဆိုခွင့်ရှိသူ၏ သမီးမင်္ဂလာဆောင်သို့ SSA စစ်ဝတ်စုံဖြင့် တက်ရောက်ခဲ့သည့် ဓာတ်ပုံများ လူမှုကွန်ရက်စာမျက်နှာတွင် ပျံ့နှံ့လာပြီးနောက် ၎င်းကို ဖမ်းဆီးရန် စစ်ကောင်စီ ထောက်ခံရေးသားသည့် တယ်လီဂရမ်ချန်နယ်များတွင် ရေးသားခဲ့ကြသည်။

အဆိုတော် ပိုင်သက်ကျော်မှာမူ CDM များကို ထောက်ပံ့ကူညီသည့် ဆိုသည့်စွပ်စွဲချက်ဖြင့် လွန်ခဲ့သည့်လေးလခန့်က ဖမ်းဆီးခံရကာ အကြမ်းဖက် တိုက်ဖျက်ရေးဥပဒေ ပုဒ်မ ၅၀ (ည) ဖြင့် တရားစွဲဆိုခံရထားရခြင်းဖြစ်သည်။ ယင်းအမှုကို အင်းစိန်ထောင်တွင်း တရားရုံက အလုပ်ကြမ်းနှင့် ထောင်ဒဏ် ၃နှစ် ဇွန်လအတွင်း ချမှတ်ခံရခြင်းဖြစ်ပြီး ယခုလဆန်းပိုင်းတွင် မိသားစုနှင့်နီးစပ်သူအချို့က ထုတ်ပြောလာခြင်းဖြစ်သည်။

အလုပ်သမားထောင်ချီ ဆန္ဒပြတောင်းဆိုမှု

ရန်ကုန် မင်္ဂလာဒုံမြို့နယ် ဇေကမ္ဘာဝန်းထဲက ADK အထည်ချုပ်စက်ရုံက အလုပ်သမား နှစ်ထောင်ကျော် လုပ်ခတိုးပေးရေး အပါအဝင် တောင်းဆိုချက်များရရှိရေး ဇူလိုင်လ ၇ ရက်နေ့က ဆန္ဒပြကြသည်။

လုပ်အားခ တိုးပေးရန်၊ ဆုကြေး၊ ကျွမ်းကျင်ကြေးများ တိုးပေးရန်၊ တနင်္ဂနွေကို ပိတ်ရက်အဖြစ် သတ်မှတ်ပေးရန်၊ ရက်မှန်ကြေး၊ လုပ်သက်ကြေးများ တိုးပေးရန်၊ ရှောင်တခင်ခွင့်၊ ဆေးခွင့်၊ လူမှုရေးခွင့်များစသည့် ခံစားခွင့်များကို ပေးရန် အပါအဝင် အချက် ၁၀ ချက်ကို တောင်းဆိုကြခြင်းဖြစ်သည်။

အလုပ်သမားညွှန်ကြားရေးဦးစီးဌာနက အလုပ်ရှင်၊ အလုပ်သမားတို့နှင့် လာရောက်ညှိနှိုင်းပေးပြီးနောက် ပြေလည်မှု ရရှိသည်ဟု RFA သတင်းတွင် ဖော်ပြထားသည်။

ဘီးလင်း NLD ဥက္ကဋ္ဌနှင့် ပါတီဝင်နှစ်ဦး၏ အလောင်းများ ပြန်တွေ့ခြင်း

U-Kyaw-Myo-Min
ပုံစာ – ဘီးလင်းမြို့နယ် NLD ပါတီ ဥက္ကဋ္ဌ ဦးကျော်မျိုးမင်း

မွန်ပြည်နယ်၊ ဘီးလင်းမြို့နယ် NLD ပါတီ ဥက္ကဋ္ဌ ဦးကျော်မျိုးမင်းနှင့် ပါတီဝင် ဦးပန်းမြင့်၊ ဦးကိုကိုမောင်တို့ကို စစ်ကောင်စီတပ်က ပစ်ခတ်ဖမ်းဆီးခေါ်သွားပြီးနောက် နှစ်ပတ်အကြာတွင် ရုပ်အလောင်းများကို ပြန်လည်တွေ့ရှိခဲ့သည်။

ဦးကျော်မျိုးမင်း၊ ဦးပန်းမြင့်၊ ဦးကိုကိုမောင်၊ ရွာသားတစ်ဦးတို့သည် ဇွန်လ ၂၂ ရက်နေ့တွင် သွားလာနေစဉ် လယ်ကတဲကျေးရွာအနီးတွင် စစ်ကောင်စီစစ်ကြောင်းနှင့် တွေ့ပြီး ပစ်ခတ်ဖမ်းဆီးခံခဲ့ရခြင်းဖြစ်သည်။ အခင်းဖြစ်နေရာတွင် ရွာသားဖြစ်သူ သေဆုံးပြီး ကျန်သုံးဦးအဖမ်းခံရခြင်းဖြစ်သည်။

ယင်းနောက် ၁၀ ရက်အကြာ ဇူလိုင် ၂ ရက်နေ့တွင် ဦးပန်းမြင့်နှင့် ဦးကိုကိုမောင်တို့နှစ်ဦး သတ်ဖြတ်မြှုပ်နှံ ခံထားရသည်ကို ဘီးလင်းမြို့နယ် ကြိုးဝိုင်းကျေးရွာအနီးတွင် ပြန်လည်တွေ့ရှိခဲ့ပြီး ဇူလိုင်လ ၆ ရက်နေ့တွင် လက်ပြန်ကြိုးတုပ်ကာ သတ်ဖြတ်ခံထားရသည့် ဦးကျော်မျိုးမင်း၏ အလောင်းကို ပြန်တွေ့ခြင်းဖြစ်သည်။