မြိတ်တွင်စက်သုံးဆီ တစ်လီတာ ၆၀၀ ကျပ်နီးပါးဈေးကျ

0
268

မြိတ်မြို့ရှိ စက်သုံးဆီဈေးကွက်တွင် ယနေ့ (ဇူလိုင် ၈) 92 အောက်တိန်းတစ်လီတာလျှင် ၆၀၀ ကျပ်နီးပါးအထိ ဈေးကျဆင်းခဲ့ကြောင်း ဆီဆိုင်များထံမှ သိရသည်။

ယခင်က 92 အောက်တိန်း တစ်လီတာလျှင် ၂၆၂၅ ကျပ်မှ ၂၀၄၅ ကျပ်ဖြင့် ရောင်းချနေကြသဖြင့် ၅၈၀ ကျပ် ကျဆင်းလာခြင်းဖြစ်သည်။

“ဆီဈေးက စစ်ကောင်စီက သတ်မှတ်ပေးတဲ့ဈေးနဲ့ ရောင်းနေကြရတာ။ ဈေးတက် ဈေးကျက သူတို့ပဲလုပ်ကြတာ” ဟု မြိတ်တောင်ရပ်ရှိ စက်သုံးဆီအရောင်းဆိုင်ရှင်တစ်ဦးက ပြောသည်။

ထို့အပြင် ၉၅ အောက်တိန်းတစ်လီတာလျှင် ၂၇၁၅ ကျပ်မှ ၂၃၀၀ ကျပ်၊ ပရီမီယံဒီဇယ်တစ်လီတာလျှင် ၂၆၆၅ ကျပ်မှ ၂၃၅၀ ကျပ်အထိ ကျဆင်းလာကြောင်း စက်သုံးဆီအရောင်းဆိုင်အချို့ထံမှ သိရသည်။

“အခုမှပဲ နည်းနည်းအသက်ရှုချောင်သွားတာ၊ တစ်ရက်တစ်ရက် ဆီဖိုးငါးထောင်ကျော် ကုန်နေတာ” ဟု မြို့သစ်ရပ်ရှိ သုံးဘီးယာဉ်မောင်းနေသူတစ်ဦးက ပြောသည်။

မြိတ်မြို့က ဆီဆိုင်ငယ်များတွင်မူ 92 တစ်လီတာလျှင် ၂၄၈၀ ကျပ် ဝန်းကျင်ဖြင့် ရောင်းချနေကြကြောင်း အဆိုပါ ဆိုင်များထံမှ သိရသည်။

စက်သုံးဆီတင်သွင်းသိုလှောင် ဖြန့်ဖြူးခြင်းလုပ်ငန်းကြီးကြပ်ရေးကော်မတီက ရည်ညွှန်းလက်လီဈေးနှုန်းများကို သတ်မှတ်ပေးပြီး ဇူလိုင် ၇ ရက်နေ့က သတ်မှတ်ချက်မှာ 92၊ 95 တစ်လီတာလျှင် ကျပ် နှစ်ထောင်အောက်ကို ပြန်လည် ရောက်ရှိလာခြင်းဖြစ်သည်။

တနင်္သာရီတိုင်း ထားဝယ်မြို့အတွက် ရည်ညွှန်းလက်လီဈေးမှာ 92 တစ်လီတာ ၁၉၀၀၊ 95 က ၂၀၂၀ ကျပ်ရှိပြီး ပရီမီယံဒီဇယ်ဈေးမှာ ၂၂၀၀ အထက်တွင် ရှိသည်။

ပြီးခဲ့သည့် ဇွန်လနောက်ဆုံးအပတ်က ရပ်နားခဲ့သည့် စက်သုံးဆီအရောင်းဆိုင်ကြီး လေးဆိုင်မှာ ယခုရက်ပိုင်းအတွင်း ပြန်လည် ဖွင့်လှစ်ရောင်းချပြီဖြစ်သည်ကို တွေ့ရသည်။  

စစ်ကောင်စီက သတ်မှတ်ပေးသည့်ဈေးနှုန်းဖြင့် ရောင်းချကြရာ အလုပ်သမားနှင့် ကုန်ကျစရိတ်တို့ မကာမိသဖြင့် ရပ်နားခဲ့ရခြင်းဖြစ်ကြောင်း စက်သုံးဆီအရောင်းအချို့ထံမှ သိရသည်။

မြိတ်တွင် စက်သုံးဆီအရောင်းဆိုင်ကြီး ၁၀ ကျော် ရှိသည်။