မွန်တွင် လူတစ်ထောင်ကျော် သွေးလွန်တုပ်ကွေးကူးစက်၊ သုံးဦးသေဆုံး

0
996

မွန်ပြည်နယ်အတွင်း သွေးလွန်တုပ်ကွေးရောဂါကူးစက်ဖြစ်ပွားသူ တစ်ထောင်ကျော်ရှိပြီး သေဆုံးသူ သုံးဦးအထိ ရှိလာကြောင်း မွန်ပြည်နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာနထံမှ သိရသည်။

ယခုနှစ် ဇန်နဝါရီလ ၁ ရက်နေ့မှ ဇွန်လကုန်အထိစာရင်းအရ ရောဂါကူးစက်ဖြစ်ပွားသူ တစ်ထောင်ကျော်ရှိကာ ရေးမြို့နယ်က ကလေးတစ်ဦးနှင့် ကျိုက်ထိုမြို့နယ်က ကလေးနှစ်ဦး သေဆုံးသွားခြင်းဖြစ်သည်။

သွေးလွန်တုပ်ကွေးရောဂါ ကူးစက်ဖြစ်ပွားသူ အများစုသည် အသက် ၁၅ နှစ်အောက် ကလေးများဖြစ်သည်ဟုလည်း ပြည်နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာန တာဝန်ရှိသူတစ်ဦးက ပြောသည်။

“ကလေးတွေ ဖျားရင် သတိထားရပါမယ်။ သွေးလန့်တဲ့လက္ခဏာတွေ အဖျားကျလာပြီးတော့ အေးစက်သွားတယ်၊ မှိန်းသွားတယ်၊ အန်တဲ့အခါ အညိုရောင်ဖြစ်တဲ့အခါ ဝမ်းအမဲရောင်ဖြစ်တာ၊ ဒါမျိုးလေး တစ်ခုခုဖြစ်တာနဲ့ နီးစပ်ရာ ဆေးရုံ၊ ဆေးခန်းပြကြဖို့ အချိန်မီကုသဖို့ လိုပါတယ်” ဟု ၎င်းက ပြောဆိုသည်။

သွေးလွန်တုပ်ကွေးအဖြစ်များသည့် မြို့နယ်များမှာ မော်လမြိုင်၊ ပေါင်၊ သံဖြူဇရပ်တို့ဖြစ်သည်။

သွေးလွန်တုပ်ကွေးသည် ၂နှစ်တစ်ကြိမ်၊ သုံးနှစ်တစ်ကြိမ် အဖြစ်များတတ်သည့်သဘောသဘာဝရှိပြီး ပြီးခဲ့သည့်နှစ် များက ရောဂါဖြစ်ပွားခဲ့သည့်အခြေအနေကို ကြည့်ခြင်းအားဖြင့် ယခုနှစ်တွင် ရောဂါအဖြစ်များနိုင်သည်ဟု ကျန်းမာရေး တာဝန်ရှိသူတို့က ခန့်မှန်းထားသည်။

သွေးလွန်တုပ်ကွေးရောဂါသည် မိုးရာသီတွင်အဖြစ်များပြီး အထူးသဖြင့် ဇွန်၊ ဇူလိုင်၊ ဩဂုတ်လတို့တွင် အဖြစ်များ တတ်သည့် သဘောရှိသည့်အတွက် ပြည်နယ်အတွင်း၌ သွေးလွန်တုပ်ကွေး ရောဂါဖြစ်ပွားမှု များလာနိုင်သေးသည့် အနေအထားရှိကြောင်း ၎င်းတို့က ဆိုသည်။

သွေးလွန်တုပ်ကွေးရောဂါ ကာကွယ်တားဆီးရန် ပြည်နယ်ကျန်းမာရေးဌာအနေဖြင့် ကျန်းမာရေးပညာပေးလုပ်ငန်းများ၊ မြို့နယ်ကျန်းမာရေးဌာတို့နှင့် ပူးပေါင်းပြီး အပတ်စဉ် ခြင်နှိမ်နင်းကာကွယ်ရေးလုပ်ငန်းများနှင့် ပိုးလောက်လန်း သတ်ဆေးခပ်ခြင်း လုပ်ငန်းတို့ကိုလည်း သက်ဆိုင်ရာ မြို့နယ်ရှိ ကျေးရွာ၊ ရပ်ကွက်များတွင် ဆောင်ရွက်လျက်ရှိကြောင်း ယင်းဌာနမှ သိရသည်။

ကြိုတင်ကာကွယ်တားဆီးရေးလုပ်ငန်းများတွင် ပြည်သူလူထု ပူးပေါင်းပါဝင်မှုရှိမှသာ အောင်မြင်နိုင်မည်ဟု ပြည်နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ တာဝန်ရှိသူတို့က ပြောသည်။