မြန်မာအပါအဝင် တရားမဝင်လုပ်သားများကို တရားဝင်လုပ်ကိုင်ခွင့်ကတ်လုပ်ပေးရန် ထိုင်းအစိုရဆုံးဖြတ်

0
842
စမူစခွန်ခရိုင်ရှိ အလုပ်သမားတစ်ဦး၏ ပန်းရောင်ကတ် (Bangkok Post)

ထိုင်းနိုင်ငံတွင် တရားဝင်အထောက်အထားမရှိဘဲ လုပ်ကိုင်နေကြသည့် မြန်မာအလုပ်သမားများကို ပန်းရောင် ဘတ်ကတ်ဟုခေါ်သည် တရားဝင်နေထိုင်အလုပ်လုပ်ခွင့်ကတ် ထုတ်ပေးမည်ဟု ထိုင်းအစိုးရအဖွဲ့က အတည်ပြုလိုက် ကြောင်း အစိုးရအဖွဲ့၏ ပြောရေးဆိုခွင့်ရပုဂ္ဂိုလ်က ပြောသည်။

မြန်မာအပါအဝင် လာအို၊ ကမ္ဘောဒီးယား၊ ဗီယက်နမ်နိုင်ငံတို့မှ တရားမဝင် လာရောက်အလုပ်လုပ်ကိုင်နေသည့် ရွှေ့ပြောင်းအလုပ်သမားများကို ပန်းရောင်ဘတ်ကတ် ထုတ်ပေးမည်ကြောင်း ထိုင်းအစိုးရအဖွဲ့က ဇူလိုင်လ ၅ ရက်နေ့ တွင် အတည်ပြုလိုက်ခြင်းဖြစ်သည်။

ယခုလျှောက်ထားသော အထောက်အထားမဲ့ ရွှေ့ပြောင်းအလုပ်သမားများကို ၂၀၂၃ ခုနှစ် ဖေဖော်ဝါရီလ ၁၃ ရက်အထိ ထိုင်းနိုင်ငံအတွင်း တရားဝင် အလုပ်လုပ်ကိုင်ခွင့်ပြုမည်ဖြစ်ကြောင်း အစိုးရပြောခွင့်ရပုဂ္ဂိုလ် Thanakorn Wangboonkongchana က ပြောသည်။

အလုပ်လုပ်ခွင့်လက်မှတ် Work Permit ကို တစ်ကြိမ်လျှင် တစ်နှစ်စီဖြင့် သက်တမ်း ၂ ကြိမ်အထိ တိုးနိုင်သဖြင့် ၂၀၂၅ ခုနှစ် ဖေဖော်ဝါရီလ ၁၃ ရက်နေ့အထိ တရားဝင် အလုပ်လုပ်ခွင့်ရရှိမည်ဖြစ်ကြောင်း ၎င်းက ဆိုသည်။

အလုပ်ရှင်ဘက်က မိမိလုပ်ငန်းခွင်ရှိ အထောက်အထားတစ်စုံတစ်ရာ မရှိသေးသော အလုပ်သမားများ၏ အမည်စာရင်းကို ထိုင်းအလုပ်သမားဝန်ကြီးဌာန အလုပ်အကိုင်ရှာဖွေခန့်ထားရေးဦးစီးဌာနသို့ တင်သွင်းရမည် ဖြစ်သည်ဟု ဆိုသည်။

ယင်းနောက် အလုပ်လုပ်ကိုင်ခွင့် (Work Permit) များကို အလုပ်ရှင်ဘက်က ရက်ပေါင်း ၆၀ အတွင်း ဆောင်ရွက်ပေးရမည်ဖြစ်ကြောင်းလည်း ပြောဆိုသည်။

အလုပ်သမား အမည်စာရင်းတင်ခအတွက် ဘတ် ၁၀၀ နှင့် အလုပ်လုပ်ကိုင်ခွင့်လက်မှတ် လျှောက်ထားခအတွက် ဘတ် ၉၀၀ ပေးချေရမည်ဟု ပြောရေးဆိုခွင့်ရှိသူက ပြောဆိုသည်။

အလုပ်လုပ်ကိုင်ခွင့် စာအုပ်မရသေးချိန်တွင် အလုပ်သမားများအနေဖြင့် ငွေပေးချေထားသော ပြေစာစာရွက်ကို အစားထိုးအနေဖြင့် ကိုင်ဆောင်ကာ လုပ်ကိုင်ရမည်ဖြစ်ကြောင်းလည်း ဆိုသည်။

နိုင်ငံတဝှမ်း ကိုဗစ်ကူးစက်မှု လျော့ကျလာပြီးနောက် စီးပွားရေးနှင့် ကဏ္ဍအသီးသီးကို ပြန်လည်ထူထောင်နိုင်ရေး အတွက် လေးနိုင်ငံမှ အထောက်အထားမဲ့ ရွှေ့ပြောင်းအလုပ်သမားများကို ပန်းရောင်ကတ် ပြုလုပ်ပေးရန် ထိုင်းအစိုးရအဖွဲ့က အတည်ပြုခဲ့ခြင်းဖြစ်သည်။

ပန်းရောင်ဘတ်ကတ်ကို ထိုင်းပြည်ထဲရေးဝန်ကြီးဌာနနှင့် အလုပ်သမားဝန်ကြီးဌာနတို့၏ အမိန့်စာ ကျလာသော အချိန်မှသာလျှင် စတင်ပြုလုပ်နိုင်မည်ဖြစ်ကြောင်း Thanakorn Wangboonkongchana က ပြောဆိုထားသည်။

ထို့အပြင် ၂၀၂၃ ခုနှစ် ဖေဖော်ဝါရီလ ၁၃ ရက်တွင် သက်တမ်းကုန်ဆုံးမည့် တရားဝင်ရွှေ့ပြောင်းလုပ်သား ၁ ဒသမ ၆ သန်း ကျော်ကိုလည်း ၎င်းတို့၏ အလုပ်လုပ်ခွင့်သက်တမ်းကို ၂၀၂၃ ခုနှစ် ဖေဖော်ဝါရီလ ၁၃ ရက်နေ့အထိ လုပ်ကိုင်ခွင့် တိုးမြှင့်ပေးမည်ဖြစ်ကြောင်း ထုတ်ပြန်ထားသည်။

ပန်းရောင်ဘတ်ကတ် လုပ်ပေးမည့် နေ့ရက် အပါအဝင် အသေးစိတ်အချက်အလက်များ ပါဝင်လာခြင်း မရှိသေးပေ။

“အခုထုတ်ပြန်တဲ့အထဲမှာ ဘယ်နေ့ ဘယ်ရက် လုပ်ပေးမယ်ဆိုတာတော့ အတိအကျတော့ မပါသေးဘူး။ တရားမဝင်ဖြစ်နေတဲ့ အလုပ်သမားတွေကို အလုပ်ရှင်တွေက အကြောင်းကြားထားလို့ ရပြီဆိုတဲ့သဘောပေါ့” ဟု ထိုင်းရောက်မြန်မာအလုပ်သမာများအရေးဆောင်ရွက်နေသည့် ပညာရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးဖောင်ဒေးရှင်း (FED) မှ အလုပ်သမားတာဝန်ခံ ဦးမင်းမင်းဦးက ဆိုသည်။

ထိုင်းနိုင်ငံအတွင်း ၂၀၂၀ ခုနှစ် အောက်တိုဘာလစာရင်းများအရ တရားဝင် ရွှေ့ပြောင်းအလုပ်သမား ၂ ဒသမ ၃ သန်းကျော်ရှိကြောင်း ထိုင်းအလုပ်အကိုရှာဖွေခန့်ထားရေးဦးစီးဌာနထံမှ သိရှိရသည်။