မြိတ်ကွမ်းသီး ယမန်နှစ်ထက် ဈေးကျ

0
1192

မြိတ်ဒေသထွက် ကွမ်းသီး ယမန်နှစ်ကဲ့သို့ ဈေးမရသေးကြောင်း ကွမ်းသီးစိုက်တောင်သူအချို့တို့မှ သိရသည်။

ပြီးခဲ့သည့်နှစ် ဇူလိုင်လအတွင်းက ကွမ်းသီးအဟောင်းပါကင် (လုံးကောင်းလုံးသန့်) တစ်ပိဿာလျှင် ၇၂၀၀ ကျပ်အထိရရှိခဲ့ပြီး ယခုနှစ် ဇူလိုင်လအစတွင် ၄၅၀၀ ကျပ်သာ ရရှိနေကြောင်း မြိတ်ခရိုင် တနင်္သာရီမြို့နယ်ရှိ ကွမ်းသီးစိုက်တောင်သူအချို့က ပြောသည်။

“ဒိုင်တွေကလည်း ဈေးကိုဆွဲဆွဲချနေတာ၊ တိုး‌တောင် တိုးမပေး‌သေးဘူး” ဟု တနင်္သာရီမြိုနယ် အော်ကြီးရွာနေ ကွမ်းသီးစိုက်‌တောင်သူတစ်ဦးက ဆိုသည်။

လတ်‌တလောတွင် ကွမ်းသီးတို့အား ပြည်ပက မှာယူမှုနည်းနေသည့်အတွက် ဈေးနှုန်းလျော့နည်း‌နေရခြင်းဖြစ်ကြောင်း မြိတ်မြို့ရှိ ကွမ်းသီးရောင်းဝယ်ရေးလုပ်ကိုင်နေသူတစ်ဦးက ပြောဆိုသည်။

“ဈေးအပြောင်းအလဲ ရှိပါတယ်။ တက်ဦးမှာပါ” ဟု ၎င်းက ဆိုသည်။

ကွမ်းစိုက်တောင်သူတို့သည် အများအားဖြင့် ဒေသတွင်းရှိ ကွမ်းသီးရောင်းဝယ်ရေးဒိုင်များသို့ ရောင်းချလေ့ရှိကြသည်။

သို့သော် နှစ်စဉ် ကွမ်းသီးပိဿာချိန် ထောင်ဂဏန်းမှ သောင်းဂဏန်းအထိ ထွက်ရှိကြသည့် တောင်သူအချို့သည် ရန်ကုန်ပွဲရုံသို့ တိုက်ရိုက်တင်ပို့ရောင်းချလေ့ရှိကြသည်။

“ရန်ကုန်ပွဲရုံဈေးက ခြောက်ထောင့်နှစ်ရာပဲရတယ်။ မနှစ်ကဆို ကိုးထောင်အထိရတာ” ဟု တနင်္သာရီမြို့နယ် ရမ်းဖိုရွာနေ ကွမ်းသီးစိုက်တောင်သူ အမျိုးသားတစ်ဦးက ပြောသည်။

ကွမ်းသီးဈေး ယမန်နှစ်ထက် ဈေးအနည်းငယ်ကျသည်ကိုတွေ့ရကြောင်း မြိတ်တောင်နယ်မြေ အောင်ဆန်းလမ်းမကြီးက ကွမ်းယာဆိုင်ရှင်တစ်ဦးက ပြောသည်။

“ပါကင်ကွမ်းသီး ညှပ်တာကိုပဲ ဝယ်သုံးတယ်။ မနှစ်က တစ်ပိဿာ တစ်သောင်းကျော် တက်သေးတယ်။ အခု ရှစ်ထောင်ငါးရာပဲ။ ဈေးနည်းနည်းကျတာပေါ့” ဟု ၎င်းက ဆိုသည်။

လက်ရှိ ကွမ်းသီးဈေးမှာ တောင်သူတို့အတွက် ထိခိုက်မှု မရှိသေးသော်လည်း ထပ်မံလျော့နည်းလာပါက အလုပ် သမားခနှင့် စိုက်ပျိုးကုန်ကျစရိတ်တို့ မကာမိပဲ အရှုံးပေါ်မည်ဖြစ်ကြောင်း မြိတ်မြို့နယ်အတွင်းရှိ တောင်သူအချို့က ပြောပြသည်။

ပြီးခဲ့သည့် လေးနှစ်ဝန်းကျင်က ကွမ်းသီးဈေးသုံး‌ထောင်သာရကြသဖြင့် မမြတ်သည့်အပြင် လုပ်အားခ ငါးသိန်းခန့်ပင် ရှုံးဆုံးခဲ့သေးကြောင်း ပင်းအိုရွာနေ ကွမ်းခြံဆယ်ဧကနီးပါးခန့် စိုက်ပျိုးနေသူ အမျိုးသမီးတစ်ဦးက ပြောသည်။