မဟာချိုင်တွင် အလုပ်ထုတ်ခံရသောမြန်မာလုပ်သား ၄၅ဦး လျော်ကြေးဘတ် တစ်သန်းကျော်ရ

0
216
Photo - MWRN

ထိုင်းနိုင်ငံ မဟာချိုင်မြို့တွင် ကိုဗစ်ကာလအတွင်း အလုပ်ထုတ်ခံရသည့် မြန်မာအလုပ်သမား ၄၅ဦး လျော်ကြေး ဘတ် ၁ ဒသမ ၃ သန်းကျော်ရရှိပြီး ယင်းငွေကို ဇူလိုင်လ ၄ ရက်နေ့တွင် ထုတ်ယူနိုင်ခဲ့ပြီဖြစ်ကြောင်း ရွှေ့ပြောင်းအလုပ်သမားအခွင့်ရေးကွန်ရက် (MWRN) မှ သိရှိရသည်။

MWRN သည် စမွတ်စခွန်ခရိုင် မဟာချိုင်မြို့အခြေစိုက်ကာ မြန်မာရွှေ့ပြောင်းအလုပ်သမားများအရေး ကူညီဆောင်ရွက်ပေးနေသည့်အဖွဲ့ဖြစ်ပြီး ယခုဖြစ်စဉ်တွင်လည်း ကူညီဆောင်ရွက်ပေးခဲ့သည့် အဖွဲ့ဖြစ်သည်။

အဆိုပါမြန်မာအလုပ်သမား ၄၅ ဦးသည် မဟာချိုင်မြို့ ဘန့်လိုင်ရပ်ကွက် လျှပ်စစ်ပစ္စည်းစက်ရုံတစ်ရုံတွင် တရားဝင် အထောက်အထားအပြည့်အစုံဖြင့် အလုပ်လုပ်ကိုင်နေကြခြင်းဖြစ်ပြီး ၂၀၂၁ခုနှစ် ဩဂုတ်လ ကိုဗစ်ကာလအတွင်း အလုပ်ထုတ်ခံရခြင်းဖြစ်သည်။

လျော်ကြေးမပေးဘဲ အလုပ်ထုတ်ခဲ့သဖြင့် အလုပ်ထုတ်ခံရသည့် မြန်မာအလုပ်သမား ၄၅ ဦးကို လျော်ကြေးငွေ ဘတ် ၁ ဒသမ ၃ သန်းပေးရန် အလုပ်ရှင်ကို စမွတ်စခွန်တရားရုံးက ဇွန်လ ၂၂ ရက်နေ့တွင် အမိန့်ချခဲ့သည်။

အမိန့်ချပြီးနောက် မြန်မာအလုပ်သမားများသည် တရားဝင်အထောက်အထား ပြည့်စုံစေရန်အတွက် ပြင်ဆင်ခဲ့ရပြီး ဇူလိုင်လ ၄ ရက်နေ့တွင် ကန်ချနဘူရီခရိုင်ရှိ အမှတ် (၇) အလုပ်သမားတရားရုံးတွင် လျော်ကြေးငွေ ထုတ်ယူနိုင်ခဲ့ကြောင်း MWRN မှ အလုပ်သမားတာဝန်ခံ ကိုဇော်က ပြောသည်။

“လျော်ကြေးကိုက အမိန့်ချပြီး ၁၅ ရက်အတွင်း ထုတ်လို့ရတယ်။ ကျွန်တော်တို့က စာရွက်စာတမ်းတွေ မှန်အောင် ကိုက်ညီအောင် ပြင်ဆင်နေရတော့ ဒီရက်မှပဲ ထုတ်နိုင်ခဲ့တယ်” ဟု ၎င်းက ဆိုသည်။

အလုပ်ရှင်ဘက်က ကိုဗစ်ရောဂါကို အကြောင်းပြ၍ တရားဝင်အထောက်အထားအပြည့်အစုံဖြင့် အလုပ်လုပ်နေသည့် မြန်မာအလုပ်သမား ၄၅ ဦးကို လျော်ကြေးမပေးဘဲ ထုတ်ပယ်ခဲ့ရာ အလုပ်သမားက မကျေနပ်သဖြင့် အလုပ်သမား ကာကွယ်စောင့်ရှောက်ရေးရုံး (စဝါဒီကမ်) သို့ အမှုဖွင့်တိုင်ကြားခဲ့သည်။

အလုပ်သမား ကာကွယ်စောင့်ရှောက်ရေးရုံးက အမှုအတွက် လျော်ကြေးငွေ ဘတ် ၂ ဒသမ ၆ သန်း ပေးချေရန် အမိန့် ထုတ်ပြန်ခဲ့သော်လည်း အလုပ်ရှင်ဘက်က မကျေနပ်သဖြင့် ကန်ချနဘူရီခရိုင်ရှိ အမှတ် ၇ အလုပ်သမား တရားရုံးသို့ အယူခံတင်သွင်းခဲ့သည်။

ထို့နောက် တရားသူကြီးများက အလုပ်ရှင်နှင့် အလုပ်သမားများကို လေးကြိမ် ညှိနှိုင်းပေးခဲ့ပြီး ၅၀ ရာခိုင်နှုန်း ပေးချေရန် သဘောတူညီမှုရရှိခဲ့သဖြင့် ဘတ် ၁ ဒသမ ၃ သန်းကျော်ကို ပေးချေရန် အမိန့်ချမှတ်လိုက်ခြင်းဖြစ်ကြောင်း MWRN ထံမှ သိရသည်။

အလုပ်ရှင်က လျော်ကြေးငွေကို ကန်ချနဘူရီခရိုင်ရှိ တရားရုံးတွင် ပေးဆောင်ထားပြီးနောက် မြန်မာအလုပ်သမား များနှင့်အတူ လျော်ကြေးငွေထုတ်ယူကာ ၎င်းတို့၏ ဘဏ်အကောက်ထဲသို့ လွှဲပြောင်းနိုင်ခဲ့ကြောင်း MWRN ထံမှ သိရသည်။

အလုပ်သမားတစ်ယောက်သည် လုပ်ငန်းခွင်တွင် ရက်ပေါင်း ၁၂၀ ကြာသည်အထိ အလုပ်လုပ်ခဲ့ပါက ထိုင်းအလုပ်သမားဥပဒေအရ တရားဝင်အလုပ်သမားဖြစ်ပြီး အလုပ်ရှင်ဘက်မှ လျော်ကြေးမပေးဘဲ အကြောင်းမဲ့ အလုပ်ထုတ်ပိုင်ခွင့်မရှိပေ။

အကြောင်းမဲ့ အထုတ်ခံရပါက ၃ ရက်အတွင်း မိမိခရိုင်အတွင်းရှိ အလုပ်သမားကာကွယ်စောင့်ရှောက်ရေးရုံးသို့ တိုင်ကြားရကြောင်း MWRN ထံမှ သိရသည်။