ပုလောစစ်ဘေးရှောင်စခန်း ရိက္ခာပြတ်လုနီးပါးဖြစ်နေပြီဟုပြော

0
487
ဓါတ်ပုံ - ပုလောစစ်ရှောင်စခန်း စီမံခန့်ခွဲမှုကော်မတီ

မြိတ်ခရိုင်၊ ပုလောမြို့နယ်တွင်ရှိသည့် စစ်ဘေးရှောင်စခန်းတွင် နေထိုင်နေကြသည့် စစ်ဘေးရှောင်ပြည်သူများ စားနပ်ရိက္ခာ ပြတ်တောက်လုနီးပါးအခြေအနေနှင့် ရင်ဆိုင်နေရကြောင်း ယင်းစစ်ဘေးရှောင်စခန်းထံမှ သိရသည်။

ပုလောစစ်ဘေးရှောင်စခန်းတွင် ယခင်စစ်ဘေးရှောင်ဦးရေ တစ်ထောင်လေးရာခန့်ရှိရာမှ ဇွန်လအတွင်း တိုက်ပွဲ များကြောင့် စစ်ဘေးရှောင်ဦးရေတိုးလာပြီး လက်ရှိတွင် နှစ်ထောင်နီးပါးဖြစ်လာနေကြောင်း စခန်းတာဝန်ရှိသူက ပြောသည်။

“ရိက္ခာက တစ်ပတ်စာလောက်ပဲ ကျန်တော့တယ်။ လုံးဝသယ်လို့ မရဘူးဖြစ်နေတယ်” ဟု ၎င်းကပြောသည်။

ဇွန်လ ၂၇ ရက်မှ ဇွန် ၃၀ ရက်နေ့အထိ ပုလောအရှေ့ဖျား ကျေးရွာများတွင် စစ်ကောင်စီတပ်နှင့် ပုလောပြည်သူ့ကာကွယ်ရေး မဟာမိတ်တပ်တို့အကြား တိုက်ပွဲများ ဆက်တိုက်ပြင်းထန်ခဲ့ပြီးနောက် ရိက္ခာသယ်ယူ၍ မရတော့သည့် အခြေအနေဖြစ်ကြောင်း အထက်ပါတာဝန်ရှိသူက ပြောဆိုသည်။

“တိုက်ပွဲမဖြစ်ခင် တစ်ပတ်လောက်ကစပြီး ထောက်ပို့လမ်းကြောင်းတွေကို ပိတ်လိုက်တော့ ဘယ်လိုမှ သယ်လို့ မရတော့ဘူး” ဟု ၎င်းက ဆက်လက်ပြောဆိုသည်။

ဇွန်လအတွင်း တိုက်ပွဲများကြောင့် နန်းတောင်၊ ဂျင့်ဂါ၊ မှော်မိ၊ ကျောင်းနိမ့်၊ ပိန္နဲတောင်၊ ဒူးရင်းပင်ရှောင် စသည့် ကျေးရွာများက လူဦးရေတစ်ထောင်ကျော် အိုးအိမ်စွန့်ခွာထွက်ပြေးခဲ့ကြရသည်။

ထွက်ပြေးခဲ့ကြသူများအနက် တချို့ထက်ဝက်မှာ စစ်ဘေးရှောင်စခန်းများသို့ သွားရောက်နေထိုင်နေကြပြီး တချို့ထက်ဝက်မှာ နီးစပ်ရာကျေးရွာများတွင် ခိုလုံနေကြရကာ လက်ရှိအချိန်အထိ အိမ်မပြန်ရဲကြသေးကြောင်း ဒေသခံများ၏ ပြောဆိုချက်များအရ သိရသည်။

“တိုက်ပွဲ ဘယ်အချိန်ပြန်ဖြစ်မလဲ စိုးရိမ်စိတ်နဲ့ လူတွေက အိမ်မပြန်ရဲကြသေးဘူး။ စားရေးသောက်ရေးလည်း တော်တော် ဒုက္ခရောက်နေကုန်ပြီ” ဟု ဂျင့်ဂါကျေးရွာမှ ထွက်ပြေးလာသည့် စစ်ဘေးရှောင် အမျိုးသားတစ်ဦးက ပြောသည်။

ပုလောမြို့နယ်တွင် မေနှင့် ဇွန် နှစ်လအတွင်း အဖမ်းအဆီး အစစ်အဆေးမှု များနေကြောင်း ဒေသခံများထံမှ သိရသည်။

ဇွန်လအတွင်း ပုလောမြို့ရှိ ကုန်စုံဆိုင်ရောင်းချသူအချို့ကို စစ်ကောင်စီတပ်က ဖမ်းဆီးခဲ့ကြောင်း ပုလောဒေသခံများ ထံမှသိရသည်။