တောင်ပျောက်တိုက်နယ်တွင် စစ်ဘေးရှောင်တစ်ထောင်ခန့်ထပ်တိုး၊ ရိက္ခာအရေးပေါ်လိုအပ်

0
307

သရက်ချောင်းမြို့နယ် တောင်ပျောက်တိုက်နယ်တွင် စစ်ဘေးရှောင်တစ်ထောင်ခန့် ထပ်တိုးလာပြီး စားနပ်ရိက္ခာများအရေးပေါ် လိုအပ်လာကြောင်း တောင်ပျောက်တိုက်နယ် စစ်ဘေးရှောင်ကူညီရေးအဖွဲ့က ယနေ့ (ဇူလိုင် ၅) ထုတ်ပြန်ထားသည်။

ဇူလိုင်လ ၃ ရက်နေ့ နံနက်ပိုင်းတွင် တိုက်နယ်အတွင်းသို့ စစ်ကောင်စီတပ်ဖွဲ့က စစ်ကြောင်းထိုး ဝင်ရောက်လာသော ကြောင့် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့နှင့် တိုက်ပွဲဖြစ်လာမည်ကို စိုးရိမ်သဖြင့် ဒေသခံပြည်သူ ၅၀၀၀ နီးပါးမှာ ယင်းနေ့တွင်ပင် ဘေးလွတ်ရာသို့တိမ်းရှောင်ခဲ့ကြသည်။  

ယင်းနောက်တွင်လည်း ဒေသခံများ ထပ်မံတိမ်းရှောင်လာကြသဖြင့် စစ်ဘေးရှောင် ၁၀၀၀ နီးပါး ထပ်တိုးလာကြောင်း အထက်ပါအဖွဲ့က ထုတ်ပြန်ထားသည်။

၎င်းတို့အတွက် ဆန်၊ ဆီ စသည့် စားနပ်ရိက္ခာများနှင့် အမိုးအကာတဲများ၊ ဖုန်းများအားသွင်းရန် ဆိုလာပြားနှင့် ဘတ္ထရီအိုးများ၊ ပါဝါဘန့် စသည့် ပစ္စည်းများ လိုအပ်နေကြသည်။

“ရိက္ခာကော်မတီက ပြောထားချက်အရဆိုရင် ရိက္ခာက တစ်ပတ်စာလောက်ပဲ ရှိပြီတဲ့။ စားကုန်တွေ အဓိက လိုအပ်နေတာပေါ့နော်” ဟု တောင်ပျောက်တိုက်နယ် စစ်ဘေးရှောင်ကူညီရေးအဖွဲ့မှ တာဝန်ရှိသူအမျိုးသမီးတစ်ဦးက ပြောသည်။

ဇူလိုင်လ ၃ ရက် ညနေ ၃ နာရီခန့်က စစ်ကောင်စီတပ်ဖွဲ့နှင့် ဒေသခံပြည်သူ့ကာကွယ်ရေးတပ် – PDF တို့ သဲချောင်း ကြီးရွာနှင့် ကျွဲခြံရွာကြားတွင် ပစ်ခတ်မှုဖြစ်ပွားပြီး ၄ ရက်နေ့တွင်လည်း တိုက်နယ်အတွင်း နှစ်ဖက်ပစ်ခတ်မှု ထပ်မံဖြစ်ပွား ခဲ့ကြောင်း ဒေသခံအချို့က ပြောသည်။

စစ်ကြောင်းထိုးဝင်ရောက်လာသည့် နေ့မှစတင်ကာ သဲချောင်းကြီးရဲကင်းစခန်းတွင် တပ်စွဲထားသည့် စစ်ကောင်စီ တပ်ဖွဲ့က လက်နက်ကြီးများဖြင့် နေ့စဉ်၊ ညစဉ် ပစ်ခတ်မှုများ ပြုလုပ်နေကြောင်း ဒေသခံအချို့က ပြောသည်။

လက်နက်ကြီးများဖြင့် ပစ်ခတ်နေခြင်း၊ ဖမ်းဆီးခံရမည်ကို စိုးရိမ်ခြင်း၊ စစ်ကောင်စီတပ်နှင့် ပြည်သူ့ကာကွယ်ရေး တပ်တို့ နှစ်ဖက်အပြန်အလှန် တိုက်ပွဲဖြစ်မည်ကို စိုးရိမ်ခြင်း စသည်တို့ကြောင့် ဒေသခံများသည် ဘေးလွတ်ရာကို ကြိုတင်စစ်ဘေးရှောင်နေကြခြင်းဖြစ်ကြောင်း ဒေသခံများထံ မေးမြန်းချက်အရ သိရသည်။

တောင်ပျောက်တိုက်နယ်သို့ ရိက္ခာသယ်ယူခွင့်ကိုလည်း ပိတ်ဆို့ခံထားရပြီး လက်ရှိတွင် ဖုန်းလိုင်းများလည်း ပြတ်တောက်နေကြောင်း ဒေသခံအချို့က ပြောသည်။

ဇွန်လ နောက်ဆုံးအပတ်မှ စတင်ကာ ထားဝယ်မြို့ကအထွက် ပေါက်တိုင်းတံတားဂိတ်တွင် သရက်ချောင်းမြို့နယ်ထဲကို ဆန်သယ်ယူခွင့်ကို တင်းကျပ်စွာစစ်ဆေးနေကြောင်း ကားလိုင်းပြေးဆွဲနေသူအချို့က ပြောသည်။