တောင်ပျောက်တိုက်နယ်ထဲ စစ်ကြောင်းထိုးလာသဖြင့် ဒေသခံငါးထောင်ခန့် စစ်ဘေးရှောင်

0
460

သရက်ချောင်းမြို့နယ်၊ တောင်ပျောက်တိုက်နယ်ထဲကို စစ်ကောင်စီတပ်က ဇူလိုင်လ ၂ ရက် နံနက်ပိုင်းတွင် စစ်ကြောင်းထိုးလာသောကြောင့် ဒေသခံငါးထောင်ခန့် စစ်ဘေးရှောင်လာရကြောင်း တောင်ပျောက်တိုက်နယ် စစ်ဘေးရှောင်ကူညီရေးအဖွဲ့က ထုတ်ပြန်ထားသည်။

အင်အား ၁၀၀ ကျော်ရှိသည့် စစ်ကောင်စီတပ်စစ်ကြောင်း ၃ ကြောင်းသည် တောင်ပျောက်တိုက်နယ်အတွင်းကို မနေ့က နံနက် ၇နာရီခန့်တွင် စစ်ကြောင်းထိုးဝင်ရောက်လာခြင်းဖြစ်ကြောင်း အဆိုပါတိုက်နယ် ကျွဲခြံရွာမှ ဒေသခံအမျိုးသမီးတစ်ဦးက ပြောသည်။

စစ်ကောင်စီတပ် စစ်ကြောင်းဝင်လာပါက ပြည်သူ့ကာကွယ်ရေးတပ်နှင့် ထိတွေ့တိုက်ပွဲဖြစ်လာမည်ကို စိုးရိမ်သဖြင့် စစ်ဘေးရှောင်ကြခြင်းဖြစ်ကြောင်း အထက်ပါအမျိုးသမီးက ဆိုသည်။

“စကစဘက်က စစ်ကြောင်းထိုးတော့မယ်ဆိုတာ အရိပ်အငွေ့မြင်နေတာကြောင့် မိုးလင်းပိုင်းကတည်းက ပြောင်း ရွှေ့နေသူတချို့ရှိတယ်။ အခြေအနေတွေ ဒီလိုဖြစ်လာနိုင်တယ်လို့သုံးသပ်ပြီး (ဇူလိုင် ၁) ရှေ့တစ်နေ့ကတည်းက အနီးအနားက ရွာတွေက ကြိုတင်ပြောင်းရွှေ့နေတာမျိုးလည်းရှိတယ်” ဟု အထက်ပါအမျိုးသမီးက ဆိုသည်။

လက်ရှိတွင် သဲချောင်းကြီး၊ ကျွဲခြံ၊ ဝင်းကဖော်၊ ဗြက်ဝိသား၊ အလယ်စု၊ တောင်ပျောက်၊ ကျောက်အိုင် စသည့် ကျေးရွာ ၇ ရွာခန့်မှ ဒေသခံ ငါးထောင်ခန့် စစ်ဘေးရှောင်နေကြရကြောင်း တောင်ပျောက်တိုက်နယ် စစ်ဘေးရှောင်ကူညီရေးအဖွဲ့ထံမှ သိရသည်။  

စစ်ဘေးရှောင်သူများကို နေရာချခြင်း၊ ပြောင်းရွှေ့ပေးခြင်း၊ စားစရာများ စီစဉ်ပေးခြင်းများကို တောင်ပျောက်နယ် စစ်ဘေးရှောင်ကူညီရေးအဖွဲ့က လုပ်ဆောင်ပေးနေကြောင်း ယင်းအဖွဲ့က ထုတ်ပြန်ထားသည်။

ဇူလိုင်လ ၁ ရက် ညနေပိုင်းက သဲချောင်းကြီးရွာတွင် တပ်စွဲထားသည့် စစ်ကောင်စီတပ်ဖွဲ့နှင့် ပြည်သူ့ကာကွယ်ရေး တပ်တို့ ထိတွေ့ပစ်ခတ်မှုဖြစ်ပွားခဲ့ကြောင်း ဒေသခံများထံမှ သိရသည်။

ယင်းနောက် ဇူလိုင်လ ၂ ရက်နေ့တွင် စစ်ကောင်စီတပ် စစ်ကြောင်းသုံးကြောင်း တောင်ပျောက်တိုက်နယ်ထဲသို့ ဝင်ရောက်လာခြင်း ဖြစ်ကြောင်း ၎င်းတို့က ဆိုသည်။

အဆိုပါပစ်ခတ်မှုနှင့် ပတ်သက်ပြီး တောင်ပျောက်တိုက်နယ်တွင် စစ်ရေးလှုပ်ရှားနေသည့် ပြည်သူ့ကာကွယ်ရေးတပ် ဒေါင်းမင်းစစ်ဆင်ရေးတပ်ဖွဲ့ကမူ တစ်စုံတစ်ရာ ထုတ်ပြန်ထားခြင်းမရှိသေးပါ။

တောင်ပျောက်တိုက်နယ်ကို စစ်ကောင်စီတပ်က ရိက္ခာသယ်ယူခွင့် ဝယ်ယူခွင့်၊ သွားလာခွင့်တို့ကို ကန့်သတ်မှုများ ပြုလုပ်ထားသည်။ ယခုရက်ပိုင်းတွင်လည်း ဖုန်းလိုင်းပြတ်တောက်မှုများဖြစ်ပေါ်နေကြောင်း ဒေသခံအချို့ထံက သိရသည်။

မတ်လ ၃၀ ရက်က တောင်ပျောက်တိုက်နယ်အတွင်းကို စစ်ကောင်စီတပ်က စစ်ကြောင်းထိုးလာပြီးနောက် ဒေသခံ ၂၁ ဦးကို ဖမ်းဆီးခေါ်သွားပြီး ဧပြီလ ၂ ရက်နေ့တွင် ပြည်သူ့ကာကွယ်ရေးတပ်နှင့် ထိတွေ့တိုက်ပွဲ ဖြစ်ပွားခဲ့ပြီးနောက် ဖမ်းဆီးခံခေါ်ဆောင်ခံရသည့် ဒေသခံနှစ်ဦး သေနတ်ဖြင့် ပစ်သတ်ခံခဲ့ရကြောင်း ဒေသခံများထံမှ သိရသည်။

ယင်းအပြင် ဝင်းကဖော်ကျေးရွာ၊ မယ်ကဲ၊ ကျောက်အိုင်ကျေးရွာမှ လူနေအိမ် ၁၄ လုံး မီးရှို့ခံရပြီး ဆိုင်ကယ် ၁၅ စီး၊ ကား ၁ စီး၊ ကုန်စုံဆိုင် ၁ ဆိုင်၊ ငွေကျပ် သိန်း ၂၀၀ နှင့် စပါးကျီတစ်ခု၊ ရွှေသုံးကျပ်သားခန့် မီးရှို့ဖျက်ဆီးခံခဲ့ရကြောင်း ဒေသခံများထံမှ သိရသည်။