မြိတ်မျှင်ငပိ တစ်နှစ်အတွင်း တစ်ပိဿာကျပ်နှစ်ထောင်ဈေးတက်

0
889

မြိတ်ဒေသ ရေထွက်ကုန်တစ်မျိုးဖြစ်သည့် မျှင်ငပိ တစ်နှစ်အတွင်း တစ်ပိဿာလျှင် ကျပ်နှစ်ထောင် ဈေးတက်သွားကြောင်း မြို့‌ပေါ်ရှိ ငပိရောင်းဝယ်ရေးလုပ်ကိုင်နေသူတို့မှ သိရသည်။

ပြီးခဲ့သည့်နှစ် ဇူလိုင်လအတွင်းက တစ်ပိဿာလျှင် ငါးထောင်ကျပ်ခန့်သာရှိပြီး လက်ရှိတွင် တစ်ပိဿာကျပ် ခုနစ်ထောင်ဈေးရှိကြောင်း ငပိရောင်းဝယ်ရေးလုပ်ကိုင်နေသူအချို့က ပြောသည်။

ပြီးခဲ့သည့်နှစ် နှစ်ကုန်ပိုင်းမှစတင်ကာ ငပိဈေး စတက်လာခြင်းဖြစ်ပြီး သင်္ကြန်ကာလတွင် ခြောက်ထောင်ကျပ်အထိ ဈေးတက်လာပြီး ယခုနှစ် မေလ လယ်ပိုင်းတွင် ခုနစ်ထောင်ကျပ်အထိ ဈေးတက်လာခြင်းဖြစ်ကြာင်း ၎င်းတို့ထံမှ သိရသည်။

“လုပ်အားခရော၊ စရိတ်စကတွေပါကြီးလာနေတာ ဈေးမတက်ဘဲ နေပါ့မလား” ဟု မြိတ်တောင်ရပ်ရှိ ငပိရောင်းဝယ်ရေး လုပ်ကိုင်နေသူ အသက် ၅၀ကျော်အရွယ်ရှိ အမျိုးသမီးတစ်ဦးက ပြောသည်။

ပင်လယ်ရွာဘက်မှ မှာယူထားသည့်ငပိအား မြိတ်ရောက်သည်အထိ သယ်ယူစရိတ်နှင့် အလုပ်သမားခတို့ ကုန်ကျမှု များလာသဖြင့် ဈေးနှုန်းမြင့်တက်လာခြင်းဖြစ်ကြောင်း ၎င်းက ပြောပြသည်။

ယင်းကဲ့သို့ စရိတ်စကကြီးမြင့်မှုကြောင့် ငပိတစ်ပိဿာလျှင် အရည်အသွေးအပေါ်မူတည်ကာ အနည်းဆုံး ၅၀၀၀ ကျပ်မှ အများဆုံး ၇၀၀၀ ကျပ်အထိ ရောင်းချ‌နေရကြောင်း ဈေးကွက်အတွင်းမှ သိရသည်။

သို့သော် ငပိများ ထွက်ရှိရာ မြိတ်အနီးဝန်းကျင်ရွာတို့နှင့် ကျွန်းစုမြို့နယ်အတွင်းတို့ရှိ ပင်လယ်ကျေးရွာတို့တွင် တစ်ပိဿာလျှင် ၃၀၀၀ ကျပ်၊ ၄၀၀၀ ကျပ်၊ ၅၀၀၀ ကျပ်အထိသာ ဈေးရှိကြောင်း ဒေသခံများထံ မေးမြန်းချက်အရ သိရသည်။

“ရွာမှာဆို တစ်ပိဿာ သုံးထောင်ငါးရာပဲ ရတယ်” ဟု မြိတ်တောင်ကျေးရွာအုပ်စု တောထွင်ကြီးကျေးရွာနေ အမျိုးသားတစ်ဦးက ပြောသည်။

မြိတ်မြို့ပေါ်ရှိ ငပိရောင်းဝယ်ရေးလုပ်ကိုင်နေသူတို့သည် ငပိထွက်ရှိရာ‌ ပင်လယ်ကျေးရွာတို့မှ ဝယ်ယူကြပြီး မြိတ်နှင့် ရန်ကုန်ဈေးကွက်တို့အထိ ပြန်လည်ရောင်းချလေ့ရှိကြသည်။

မျှင်ငပိများရရှိရန် မြစ်ချောင်းတို့တွင် ဝါးလုံးဖြင့်ပြုလုပ်ထားသည့် ဝါးဖောင်နှင့် ပိုက်တို့အား အသုံးပြုကာ ဂွေးကောင်ငယ်တို့အား ဖမ်းဆီးပြီး ငပိပြုလုပ်ကြသည်။