ကလေးတွေ ပုံမှန်ကာကွယ်ဆေး ထိုးခွင့်မရတော့

ကိုဗစ်ဒုတိယလှိုင်းကာကွယ်ရေး စည်းကမ်းတင်းကြပ်ချက်များ

ကလေးမွေးစမှ ၂လ၊ ၄လ၊ ၆လ၊ ၇လ၊ ၉လ၊ တစ်နှစ်၊ တစ်နှစ်ခွဲ စသဖြင့် ကလေးများအတွက် လိုအပ်သည့် ကာကွယ်ဆေးများကို ပုံမှန်ထိုးပေးကြရသည်။

ကာကွယ်ဆေး မထိုးပေးပါက ရုပ်ပိုင်း၊ ဉာဏ်ရည်ပိုင်းထိခိုက်မှုမှသည် အသက်သေဆုံးသည်အထိ ဖြစ်ပွားနိုင်သည်။

သို့သော် ကိုဗစ်ကပ်ဘေးနှင့် စစ်တပ်အာဏာသိမ်းမှု ဖြစ်စဉ်ကြောင့် မြန်မာနိုင်ငံတွင် ကလေးများအတွက် ကာကွယ်ဆေးထိုးမှု လုပ်ငန်းစဉ်များ နေရာအများစုတွင် ရပ်ဆိုင်းသွားကြောင်း တွေ့ရသည်။

အထူးသဖြင့် ကျေးလက်ဒေသများတွင် ကျန်းမာရေးဝန်ထမ်းရှားပါးမှုနှင့်အတူ ပြည်သူများမှာ ကျန်းမာရေးအတွက် မြို့ပြကိုသာ အားပြုလာကြရသည်။

မြန်မာနိုင်ငံတောင်ပိုင်း တနင်္သာရီတိုင်းရှိ ကျန်းမာရေး ဝန်ထမ်းများမှာ စစ်အာဏာသိမ်းမှုကို ဆန့်ကျင်သည့် CDM လှုပ်ရှားမှုတွင် အင်တိုက်အားတိုက် ပါဝင်ခဲ့ကြသည်။

ယင်းကြောင့် ကျန်းမာရေး ဝန်ထမ်းရှားပါးသည့် တနင်္သာရီတိုင်းတွင်လည်း ကလေးများမှာ ပုံမှန်ကာကွယ်ဆေးထိုးရန် အခက်အခဲများရှိနေပြီး ပိုက်ဆံတတ်နိုင်သူများက ပုဂ္ဂလိကဆေးရုံများတွင် သွားရောက်ထိုးနှံကြသည်။

စစ်ကောင်စီအနေနှင့် မြို့ပေါ်နေရာအချို့တွင် စုရပ်လုပ်ပြီး ကလေးများကို အခါအားလျော်စွာ ဆေးထိုးပေးနေသည်ဆိုသော်လည်း သတင်းအချက်အလက် မရခြင်း၊ ခရီးကွာဝေးခြင်းတို့ကြောင့် ကျေးလက်နေကလေးအများစုမှာ ဆေထိုးနိုင်ခွင့်မရဖြစ်နေသည်။

ကျေးလက်တောရွာပိုင်းမှ ပြည်သူများမှာ ကာကွယ်ဆေးထိုး လုပ်ငန်းစဉ်ကို နားမလည်သလို ပုဂ္ဂလိကဆေးရုံများတွင် သွားရောက်ထိုးနှံရန်လည်း မတတ်နိုင်ကြပေ။

မြို့ပေါ်တက်ပြီး အစိုးရဆေးရုံများတွင် ကာကွယ်ဆေးသွားထိုးရန်မှာလည်း သွားလာရေး ကုန်ကျစရိတ်များက ရှိနေသည်။ စစ်ဘေးရှောင်ဒေသမှ ကလေးများမှာ ပုံမှန်ကာကွယ်ဆေး ထိုးရန်လုံးဝမလွယ်ကူသည့် အခြေအနေဖြစ်နေသည်။

ယင်းကြောင့် ယခုတစ်ပတ် တနင်္သာရီပုံရိပ် အစီအစဉ်တွင် ကျေးလက်ဒေသနေ မိခင်များ၏ အခက်အခဲများကို တွေ့ဆုံမေးမြန်းဖော်ပြအပ်ပါသည်။

“ရွာဆေးခန်းတောင် ခြုံထူနေပြီ”

လောင်းလုံးမြို့နယ်က မိခင်တစ်ဦး

DW ။ အစ်မက ကလေးမီးဖွားပြီးတာ မကြာသေးဘူးလို့ သိရတယ်။ ကလေးကို ကာကွယ်ဆေးထိုးဖို့ အဆင်ပြေရဲ့လား။

ဖြေ ။ ဆေးရုံ (ပုဂ္ဂလိက) ကတော့ မှာလိုက်တယ်။ ရွာမှာ ကျန်းမာရေးဆရာမရှိရင် ရွာမှာပဲထိုး၊ မရှိရင် ဆေးခန်းမှာ လာထိုးလည်းရတယ်လို့ မှာလိုက်တယ်။

DW ။ အစ်မက ဘယ်လိုလုပ်မှာလဲ။

ဖြေ ။ ဆေးခန်းမှာပဲ ထိုးရမှာရှင်။ ကျွန်မတို့ရွာမှာ ကျန်းမာရေးဆရာမက CDM လုပ်ထားတယ်။

DW ။ ဆေးခန်းမှာ ထိုးရမှာဆိုတော့ ငွေရေးကြေးရေး အခြေအနေကရော အဆင်ပြေရဲ့လား။

ဖြေ ။ မပြေလည်း ထိုးရမှာပဲရှင်။ ပိုက်ဆံကတော့ တော်တော်ကုန်မှာ။ အခုကလေးမွေးတာတောင် ဆယ်သိန်း (ကျပ်) လောက်ကုန်သွားပြီ။ ဆေးခန်းတစ်ခါလာပြရင် ငါးသောင်း (ကျပ်)၊ တစ်ခါတလေ တစ်သိန်း (ကျပ်) လောက် ကုန်တယ်ရှင်။ ကျွန်မတို့ရွာကနေ ထားဝယ်ကို ကားတစ်စီးငှားရင် လေးသောင်း၊ ငါးသောင်းပေးရတယ်။ အခုကလေးကာကွယ်ဆေးထိုးရင်လည်း ကားခနဲ့ ဆေးဖိုးနဲ့ ထပ်ကုန်ဦးမှာ။ အပြင်ဆေးခန်းမှာထိုးရတာဆိုတော့ ဆေးဖိုးကတော့ ဈေးကြီးမှာပဲ။ ကားခကလည်း ဈေးကြီးသေးတယ်။ အရင်က နှစ်သောင်းခွဲကို အခု လေးငါးသောင်း ပေးငှားနေရတယ်။

DW ။ အပြင်ဆေးခန်းမှာ ကလေးကာကွယ်ဆေးထိုးရင် ဘယ်လောက်ပေးရမှာလဲ။

ဖြေ ။ အဲဒာတော့ မသိသေးဘူး။ ကလေးကအခုမှ တစ်လ‌တောင်မပြည့်သေးဘူး ဆိုတော့ မထိုးရသေးဘူးလေ။ မေးလည်း မမေးရသေးဘူးရှင့်။

DW ။ ကုန်ကျစရိတ်များတယ်ဆိုရင် ကားစီးလုံးပြတ်မငှားဘဲ သွားလို့မရဘူးလား။ ဘယ်လိုအခက်အခဲရှိလို့ ကားစီးလုံးပြတ်ငှားရတာလဲ။

ဖြေ ။ ကျွန်မက ဗိုက်ခွဲမွေးထားလို့ ဆိုင်ကယ်နဲ့သွားလို့ အဆင်မပြေဘူးရှင်။ ကားနဲ့မှအဆင်ပြေတယ်။ ဆိုင်ကယ်နဲ့သွားရင် လမ်းခရီးကလည်း မအေးဘူးလေရှင်။ ကိုယ်သွားတုန်း လမ်းမှာ မတော်တဆ တစ်ခုခုဖြစ်ရင်… မတော်တဆတစ်ခုခုဆိုတာက တိုက်ပွဲလိုမျိုး၊ ဗုံးပေါက်တာမျိုးကို ပြောတာရှင်။ကျွန်တို့ဖက်မှာ မအေးဘူးရှင် လမ်းခရီကလေ။ အဲဒါကြောင့် ကားနဲ့သွားရတာရှင်။ ပိုက်ဆံကတော့ ရေလိုမျိုးပဲ သုံးရတာပဲရှင်။

DW ။ အစ်မတို့ရွာတွေမှာ ကလေးတွေကို ကာကွယ်ဆေး မထိုးပေးဘူးလား။ ဘယ်လိုအခြေအနေရှိလဲ။

ဖြေ ။ ကျွန်မတို့ရွာမှာ ကာကွယ်ဆေး လာမထိုးပေးတော့ဘူးရှင်။ ကျန်းမာရေးဆရာမလည်း မရှိဘဲကိုရှင်။ အရင်တုန်းကတော့ ဆရာမနဲ့ ရွာထဲက လူငယ်လေးတွေ အိမ်မှာလာခေါ်ပြီး ကာကွယ်ဆေးထိုးပေးတယ်။ ကလေးကို ပေါင်ချိန်ပေးတယ်။ အရပ်တိုင်းပေးတယ်။ ပေါင်မပြည့်ရင် ဘာတွေစားပေးပါ။ အရပ်ရှည်အောင် ဘာတွေလုပ်ပါ အဲဒီလိုတွေမှာပေး၊ လုပ်ပေးတယ်လေရှင်။ အခုကတော့ အာဏာသိမ်းပြီးကတည်းက အဲဒာတွေတစ်ခုမှ မရှိတော့ဘူးရှင်။ ရွာဆေးခန်းတောင် ခြုံထူနေပြီ။

DW ။ တစ်ခြားရွာတွေမှာရော အစ်မတို့ရွာလိုပဲလား။

ဖြေ ။ အားလုံးအတူတူပဲရှင်။ တခြားရွာမှာထိုး‌ပေးနေရင် ကျွန်မတို့ အဲဒီမှာသွားထိုးမှာပေါ့။ ပိုက်ဆံကုန်ခံပြီး မြို့တက်နေစရာကို မလိုပြီလားရှင်။ လောင်းလုံးဆေးရုံမှာတော့ ထိုးပေးနေတယ်။ လောင်းလုံးနဲ့နီးတဲ့သူတော့ အဆင်ပြေတယ်ရှင်။ ကျွန်မတို့က နည်းနည်းဝေးသေးတယ်။ ထားဝယ်သွားတာနဲ့ ဘာမှမထူးဘူး။

DW ။ ကာကွယ်ဆေးထိုးတာနဲ့ ပတ်သတ်ပြီး တခြားဘာတွေအခက်အခဲရှိသေးလဲ။

ဖြေ ။ တခြားကတော့ ကလေးမွေးစာရင်း လုပ်ရတာအဆင်မပြေဘူးရှင်။ အရင်ကဆို ဆေးရုံကဆင်းတာနဲ့ မွေးစာရင်းရတယ်။ အခုက ကလေးမွေးကြောင်း လက်မှတ်ပဲပေးလိုက်တယ်။ ကိုယ့်ဘာသာကိုယ် ‌မွေးစာရင်း လုပ်ရမှာတဲ့။ ရွာမှာ ဆရာမ ရှိရင်တော့ အကြောင်းမဟုတ်ဘူးပေါ့ရှင်။ အခုက ကျွန်မတို့လည်း သိပ်နားမလည်တော့ မေးဖို့လူလည်း မရှိဘူးရှင်။ ဘယ်လိုလုပ်ရမှန်းကို မသိသေးဘူး။ စဉ်းစားထားတာတော့ လောင်းလုံးဆေးရုံမှာ သွားမေးကြည့်ပြီး လုပ်မယ်လို့တော့ စိတ်ကူးထားတယ်။

DW ။ ဘာများဖြည့်စွက်ပြောချင်တာရှိသေးလဲ။

ဖြေ ။ ကလေးမွေးရတာ အရင်က‌နဲ့တော့ မတူတော့ဘူးပေါ့ရှင်။ သွားရလာရပင်ပန်းတယ်။ ပိုက်ဆံကုန်ကျများ‌တာပေါ့ရှင် အခုကလေ။ ခေတ်ကာလ မကောင်းလို့ ကိုယ်ညီမတွေကို ပြောနေရတယ် လန်မယူကေ့နဲ့ (လင်မယူကြနဲ့ဆိုပြီး) ။

DW ။ ကျေးဇူးတင်ပါတယ်။

“အရင်ကတော့ ရပ်ကွက်ထဲက ဆရာမဆီမှာ ဆေးသွားထိုးရုံပဲလေ …… အခုကတော့”

ဒေါ်သီသီလွင် ထားဝယ်မြို့

DW ။ ပထမဆုံး အစ်မရဲ့ကလေး နာမည်နဲ့အသက် မိတ်ဆက်ပေးပါ။

ဖြေ ။ ကလေးနာမည်အတည်အကျမရှိသေးဘူး။ မပေးရသေးတာ။ ကလေးကအခု ဒီလဆို တစ်နှစ်ကျော်နေပြီ။

DW ။ ကလေးတွေပုံမှန်ထိုးရမယ့် ကာကွယ်ဆေး ထိုးပြီးပြီလား။ ဘယ်နှကြိမ်ထိုးပြီးပြီလဲ။

ဖြေ ။ နှစ်ခါ။ မနှစ်က ထိုးထားတယ်။ ကလေးက လေးငါးခြောက်လ အရွယ်တုန်းက ထင်တယ်။ သေချာတော့ မမှတ်မိတော့ဘူး။ အဲဒီတုန်းက ကိုဗစ်တွေအရမ်းဖြစ်နေတဲ့အချိန်လေ။ သိတယ်မလား ဆေးရုံအသစ် (တိုင်းပြည်သူ့ကျန်းမာရေးဦးစီးဌာနရုံး) မှာ ထိုးပေးတာလေ။ အဲဒီတုန်းက တစ်ခါထိုးပေးဖူးတယ်။ နောက် ရှစ်လသားလောက်မှာ တစ်ခါထင်တယ် ထိုးပေးဖူးတယ်။

DW ။ မနှစ်ကကိုဗစ်ကာလထဲမှာ ဆေးသွားထိုးရတဲ့ အကြောင်း‌နဲ့ အခက်အခဲတွေရှိရင် ပြောပြပေးပါ။

ဖြေ ။ ဟုတ်ကဲ့။ အဲဒီတုန်းကတော့ ကိုဗစ်အရမ်းတွေ ဖြစ်နေတဲ့အချိန်လေ။ ဆေးရုံမှာကလည်း လူတွေ၊ လူတွေ အများကြီးပဲ တန်းလာစီနေကြတာလေ။ မနက်မိုး‌တောင် မလင်းသေးဘူး တန်းစီစောင့်နေကြတာ။ မိုးကလည်းရွာ နယ်ကလူတွေဆို ကားအစီးလိုက်ငှားပြီး အုပ်လိုက် အုပ်လိုက်ရောက်လာကြတာလေ။ တချို့ဆို မနက်ကတည်းက တန်းစီတာ (နေ့လယ်) ၁၂ နာရီမှထိုးပြီးပြန်ရတဲ့သူလည်း ရှိတယ်။ ကလေးတွေကလည်းငို။ တော်တော်ကို စိတ်ညစ်ဖို့ကောင်းတယ်။ အဲဒီတုန်းကလေ။ ကိုဗစ်ကိုလည်း ကြောက်နေရသေးတယ်လေ။ ဒါပေမဲ့ ကိုယ်က မိဘမဟုတ်လား။ ကိုယ့်သားသမီးဆိုတော့လည်း ကိုဗစ်တွေဘာတွေ မကြောက်တော့ဘူး။ ကူးချင်ကူး။ ကာကွယ်ဆေးထိုးရဖို့က အရေးကြီးတယ်ဆိုပြီး သွားထိုးရတယ်။

DW ။ ဘာဖြစ်လို့ ကိုဗစ်ကာလကြီးထဲမှာ အဲဒီလို လူအများကြားထဲ ကလေးကိုကာကွယ်ဆေး သွားထိုးပေးရတာလဲ။ ရပ်ကွက်ထဲမှာ ထိုးလည်း ရတာပဲမဟုတ်လား။

ဖြေ ။ အဲဒီတုန်းက ရပ်ကွက်ထဲမှာ ကာကွယ်ဆေး မထိုးပေးတော့ဘူးလေ။ (ကျန်းမာရေး) ဆရာမတွေလည်း မရှိဘူး။ ဆန္ဒပြလို့ ပြေးတဲ့သူက ပြေး၊ ပုန်းတဲ့သူကပုန်းနေတဲ့ အချိန်ကလေ။ ကလေးမွေးပြီး (ကာကွယ်) ဆေးဘယ်မှာ လိုက်ထိုးရမှန်းမသိ ဖြစ်နေချိန်မှာ ဆေးရုံသစ် (တိုင်းပြည်သူ့ကျန်းမာရေးဦးစီးဌာန) မှာ ဆေးထိုးပေးနေတယ် ပြောသံကြားလို့ အလုအယက် သွားထိုးပေးထားရတာ။

DW ။ နှစ်ခါထိုးပြီးတာနဲ့ ဘာဖြစ်လို့ ဆက်မထိုးပေးတော့တာလဲ။

ဖြေ ။ နှစ်ခါထိုးပြီးရင် ရပြီမဟုတ်လား။ ရပြီထင်လို့လေ။

DW ။ အရင်ကနဲ့ အခုအာဏာသိမ်းပြီးချိန် ကာကွယ်ဆေးထိုးရတာ ဘာတွေကွာခြားသွားတာ သတိထားမိလဲ။

ဖြေ ။ အရင်ကတော့ ကလေးမွေးပြီးရင် ရပ်ကွက်ထဲက ဆရာမဆီမှာ ဆေးသွားထိုးရုံပဲလေ။ ကိုယ်တောင် သွားမေးစရာမလိုဘူး။ ကာကွယ်ဆေးထိုးမယ့်အချိန်ဆို သူတို့လိုက်ခေါ်ပေးတာရှိတယ်လေ။ သူတို့လာခေါ်ချိန် အေးဆေး သွားထိုးလိုက်ရုံပဲ။ အခုကတော့ ဘယ်မှာ ဆေးထိုးပေးနေလဲ၊ ပိုက်ဆံပေးရသေးလား မေးနေရသေးတယ်။ တော်ကြာ ပိုက်ဆံမပေးနိုင်ရင် မထိုးရမှာ လည်းကြောက်ရတာလေ။

DW ။ ရပ်ကွက်ထဲမှာ ကာကွယ်ဆေး မထိုးရသေးတဲ့ ကလေးတွေရှိလား။

ဖြေ ။ အဲဒီလိုမျိုးတော့ မကြားမိဘူး။ အပြင်ဆေးခန်းတွေမှာ သွားထိုးပေး‌နေရတယ်လို့ တော့ကြားဖူးတယ်။ တချို့ကျတော့လည်း ဒီရပ်ကွက်မှာ မထိုးပေးရင် နောက်ရပ်ကွက်မှာသွားထိုး အဲဒီလိုတော့ နည်းနည်း အလုပ်ရှုပ်တာတော့ ရှိတာပေါ့နော်။ ထိုးတော့ထိုးရတယ်။ မထိုးရဘူးဆိုတာမျိုးတော့ မကြားရဘူး။ မနှစ်ကထက်စာရင်တော့ ပိုအဆင်ပြေလာတယ်လို့ ပြောလို့ရတာပေါ့။ မနှစ်ကဆို အသည်းအသန် သွားထိုးပေးရတာလေ။

DW ။ ထားဝယ်ဆေးရုံလိုမျိုး၊ ပြည်သူ့ကျန်းမာရေး ဦးစီးဌာနလိုနေရာမျိုးမှာ ကလေးတွေကို ကာကွယ်ဆေး ထိုးပေးနေတယ်လို့ ကြားရတယ်။ အဲဒီမှာရော သွားမထိုးဘူးလား။

ဖြေ ။ ကျွန်မတို့က အဲဒါတွေမသိဘူး။ သူများပြောသံလည်း မကြားရဘူးလေ။ ကိုယ့်မှာကလည်း နှစ်ခါထိုးပြီးဆိုတော့ ရပြီဆိုပြီး အေးဆေးနေနေတာပေါ့။ မေးလည်း မေးတော့ဘူးလေ။

‌DW ။ ကျေးဇူးတင်ပါတယ်။