မလေးရှားမှ ထားဝယ်ပြန်သူ လေယာဉ်စီးခွင့်မရသဖြင့် ဟိုတယ်တွင်နားနေစဉ်သေဆုံး

0
855

ကျန်းမာရေးမကောင်းသဖြင့် မလေးရှားနိုင်ငံကနေ ထားဝယ်မြို့သို့ ပြန်လာမည့် အမျိုးသမီးတစ်ဦးကို လေကြောင်း လိုင်းက လိုက်ပါခွင့်မပြုသဖြင့် ဟိုတယ်တွင် တည်းခိုနားနေစဉ် သေဆုံးသွားကြောင်း မလေးရှားနိုင်ငံရှိ နှလုံးလှပရဟိတ လူငယ်များသွေးလှူရှင်အဖွဲ့ထံမှ သိရသည်။

သေဆုံးသူမှာ ထားဝယ်မြို့နယ် ဇဟာကျေးရွာနေထိုင်သည့် မဝင်းဝင်းထွေးဆိုသူဖြစ်ပြီးမလေးရှားနိုင်ငံ ပီနန်မြို့တွင် အလုပ် လုပ်ကိုင်နေသူဖြစ်ကြောင်း အဆိုပါအဖွဲ့က ယနေ့ (ဇူလိုင် ၂) သတင်းထုတ်ပြန်ထားသည်။

သေဆုံးသူအမျိုးသမီးသည် အသည်းရောဂါခံစားနေရပြီး မသက်သာသဖြင့် သံရုံးတွင် CI လက်မှတ် (မြန်မာ နိုင်ငံသားဖြစ်ကြောင်း အထောက်အထားလက်မှတ်) လျှောက်ပြီး မိသားစုထံပြန်လာရန် စီစဉ်ထားခြင်းဖြစ်သည်။

‌မလေးရှား လေယာဉ်ကွင်းသို့ ရောက်သော် ကျန်းမာရေးအခြေအနေအရ လေယာဉ်စီးခွင့် မပြုသဖြင့် ရှားလမ်းမြို့ (Shah Alam) ဟိုတယ်တစ်ခုတွင် တည်းခိုနေထိုင်စဉ် သေဆုံးသွားကြောင်း ယင်းအဖွဲ့က ထုတ်ပြန်ထားသည်။

သေဆုံးသူအား ဇူလိုင်လ ၃ ရက်နေ့တွင် မီးသင်္ဂြိုဟ်မည်ဖြစ်သည်။