ပုလောတိုက်ပွဲ လေးရက်အတွင်း ပြည်သူ့ကာကွယ်ရေးအဖွဲ့မှ တစ်ဦးကျဆုံး

0
216

ပုလောမြို့နယ်၌ ဖြစ်ပွါးခဲ့သည့် လေးရက်တာ တိုက်ပွဲအတွင်း ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့ဝင် တစ်ဦးကျဆုံးခဲ့ကြောင်း ပုလောပြည်သူ့ကာကွယ်ရေးတပ်(PPDF)က  ယနေ့ နေ့လယ်တွင် ထုတ်ပြန်ခဲ့သည်။

ပုလောအရှေ့ဖျား ကျေးရွာများဖြစ်သော နန်းတောင်၊ မှော်မိ၊ ဂျက်ဂါ၊ ကျောင်းနိမ့်၊ ပုလောကုန်းနှင့် မကျည်းကုန်း စသည့်ကျေးရွာများတွင် ဇွန်လ ၂၇ ရက်နေ့မှ ဇွန်လ ၃၀ ရက်နေ့အထိ အနည်းဆုံးတိုက်ပွဲ ၅ ကြိမ်ဖြစ်ပွါးခဲ့သည်။

ယင်းတိုက်ပွဲများတွင် စစ်ကောင်စီဘက်ကလည်း ၁၀ ဦးကျော်သေဆုံးကြောင်း၊ ပြည်သူ့ကာကွယ်ရေး မဟာမိတ်ဘက်မှ တပ်သားတစ်ဦးကျဆုံးခဲ့ရပြီး လေးဦး ဒဏ်ရာအနည်းငယ်ရရှိခဲ့သည်ဟု ထုတ်ပြန်ချက်တွင် ရေးသားထားသည်။

ယင်းတိုက်ပွဲတွင် ပုလောစစ်ကောင်စီတပ်ဘက်မှ နေ့ရော ညပါ လက်နက်ကြီးများဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့သည်။

လက်နက်ကြီးကျရောက်ခြင်းကြောင့် မှော်မိကျေးရွာတွင် နေအိမ် ၅ လုံးထက်မနည်း ပျက်စီးခဲ့ရကြောင်း ဒေသခံများကပြောသည်။

“အိမ်တွေရော ပြိုတယ်။ ဝက်တွေလည်းလက်နက်ကြီးကျလို့ သေကြတယ်။ လူတွေလည်း အကုန်ပြေးပဲ”ဟု ဂျင့်ဂါရွာနေအမျိုးသား တဦးကပြောသည်။

တိုက်ပွဲကြောင့် နန်းတောင်၊ မှော်မိ၊ ဂျက်ဂါ၊ ကျောင်းနိမ့်၊ ပိန္နဲတောင် စသည့်ကျေးရွာများမှ ပြည်သူထောင်ချီ ဘေးလွတ်ရာသို့ ထွက်ပြေးခဲ့ကြရသည်။

ယနေ့ဇူလိုင်လ ၁ ရက်နေ့တွင်လည်း အဆိုပါကျေးရွာများ ဘက်သို့ ပုလောစစ်ကောင်စီတပ်မှ လက်နက်ကြီးများဖြင့် ဆက်လက်ပစ်ခတ်နေကြောင်း ဒေသခံများက ပြောဆိုသည်။