စက်သုံးဆီဈေးတက်နေ၍ ကင်းမွန်ငါးဖမ်းလုပ်ငန်းများ လုပ်ကိုင်ရန်ခက်ခဲ

0
566

စက်သုံးဆီဈေးနှုန်းများ ဆက်တိုက်မြင့်တက်လာနေသဖြင့် ကင်းမွန်ငါးဖမ်းလုပ်ငန်းများ လုပ်ကိုင်ရန် ခက်ခဲနေပြီး မြိတ်အခြေစိုက် ကင်းမွန်ငါးဖမ်းလုပ်ငန်းအများစု လုပ်ရန်မသေချာသည် အခြေအနေနှင့် ကြုံတွေ့နေရကြောင်း ယင်းလုပ်ငန်းလုပ်ကိုင်သူများထံမှ သိရသည်။

ကင်းမွန်ငါးဖမ်းကာလမှာ လာမည့်နိုဝင်ဘာလတွင် စတင်မည်ဖြစ်သော်လည်း လတ်တလော ဒီဇယ်လောင်စာဆီဈေးနှုန်း ကြီးမြင့်လာသည့်အပေါ် စောင့်ကြည့်နေရကြောင်း ကင်းမွန်လှေ လုပ်ကိုင်သူတစ်ချို့က ပြောပြသည်။

ဒီဇယ်ဆီတစ်ပီပါ (၅၀ ဂါလံ)လျှင် ယနေ့ (ဇူလိုင် ၁) ကျပ်ခြောက်သိန်းနီးပါးခန့် စျေးပေါက်ကြောင်း မြိတ်စက်သုံးဆီ ဈေးကွက်အတွင်းမှ သိရသည်။

“ဒီထက်ဈေးထပ်တက်လာရင် လုပ်နိုင်တဲ့လှေတွေ နည်းသွားလိမ့်မယ်” ဟု ကျွန်းစုမြိုနယ် ကျွဲခရံကျေးရွာအုပ်စုနေ ကင်းမွန်ငါးဖမ်းလှေပိုင်ရှင် တစ်ဦးက ပြောသည်။

ဒီဇယ်ဆီဈေးမှာ ကျပ်ခြောက်သိန်းငါးသောင်းကျော်သွားပါက ကင်းမွန်ငါးဖမ်းလုပ်ငန်း လုပ်ကိုင်ရန် အခက်အခဲတွေ့မည်ဖြစ်ကြောင်း ၎င်းက ဆိုသည်။

ကင်းမွန်ငါးဖမ်းလှေတစ်စီးသည် ငါးဖမ်းထွက်သည့် ၁၅ ရက် တစ်ခေါက်လျှင် လှေနဲ့အင်ဂျင်စက် အမျိုးအစားအပေါ်မူတည်ပြီး အနည်းဆုံး ဒီဇယ်ဆီ ၄ ပီပါမှ အများဆုံး ၁၀ ပီပါအထိ ကုန်ကျလေ့ရှိကြောင်း သိရသည်။

“ခါတိုင်းစရိတ်က သိန်းတစ်ရာကျမယ့်လှေက အခုသိန်းနှစ်ရာဖြစ်သွားမယ်” ဟု အထက်ပါ ကင်းမွန်ငါးဖမ်းလှေရှင်က ပြောသည်။

ဒီဇယ်ဆီဈေးနှုန်း ထပ်တက်ပါက ကင်းမွန်လှေတစ်စီးလျှင် ၁၅ ရက်လှေတစ်ခေါက်အတွက် ကုန်ကျစရိတ် နှစ်ဆတိုးသွားမည့်သဘောဖြစ်သည်။

ကုန်ကျစရိတ်တိုးမြင့်သွားပြီး ကင်းမွန်ရောင်းရ‌ငွေနှင့် မကာမိသဖြင့် စရိတ်ပါဆုံးရှူံးမှုရှိလာမည်ဖြစ်ကြောင်း ကင်းမွန်ငါးဖမ်းလုပ်ကိုင်သူတစ်ချို့က ပြောပြသည်။

အလားတူ ဆုံးရှုံးမှုအား ပြီးခဲ့သည့်နှစ်က ကြုံတွေ့ခဲ့ရသဖြင့် လုပ်ငန်းအများစု အရှုံးပေါ်ကာ ငါးဖမ်းကာလအား တစ်လ စောကာ ရပ်နားခဲ့ကြရသည်။

“ဒါတောင်မနှစ်က ဒီဇယ်ဈေးငါးသိန်းခွဲပဲရှိသေးတယ်” ဟုမြိတ်မြို့ နောက်လယ်ရပ်နေ ကင်းမွန်ငါးဖမ်းလှေရှင်တစ်ဦးက ပြောသည်။

ယင်းကြောင့် ယခုနှစ် ကင်းမွန်ငါးဖမ်းကာလ စတင်သည့်အချိန်တွင် လက်ရှိဈေးနှုန်းအတိုင်းဖြစ်ပါက လုပ်ငန်းအား ဆက်လက်လုပ်ကိုင်မည်ဖြစ်သော်လည်း ကင်းမွန်ဈေးကောင်းမရခြင်းနှင့် ကင်းမွန်အရနည်းမည်ဆိုပါက လုပ်ငန်းရပ်နားမည်ဖြစ်ကြောင်း ကင်းမွန်ငါးဖမ်းလှေရှင်တစ်ချို့က ပြောပြသည်။

“လောင်စာဆီဈေးကျမှပဲ လုပ်နိုင်မယ် လုပ်ဖို့ကိုက်မယ် လောင်စာဆီဈေးက မငြိမ်ဘူး တက်လိုက် ကျလိုက်ပဲ ရာသီပွင့်ချိန်မှာ ဘယ်ဈေးဖြစ်မယ်ဆိုတာ ဘယ်သူမှ ခန့်မှန်းမနိုင်ဘူး” ဟု မြိတ်ခရိုင် ကင်းမွန်ငါးဖမ်းလုပ်ငန်းရှင်များအသင်း တာဝန်ရှိသူတစ်ဦးက ပြောသည်။

ကင်းမွန်ငါးဖမ်းလုပ်ငန်းကာလမှာ နှစ်စဉ် နိုဝင်ဘာလမှစပြီး ဧပြီလကုန်အထိ လုပ်ကိုင်လေ့ရှိကြသည်။

မြိတ်ခရိုင်အတွင်း ကင်းမွန်မီးထွန်းငါးဖမ်းလှေ အစီးရေနှစ်ထောင်ကျော်ရှိပြီး ရေလုပ်သားဦးရေနှစ်သောင်းခန့်မှာ ယင်းလုပ်ငန်းအား မှီခိုလုပ်ကိုင်နေကြရသည်။