လုံခြုံရေးစိတ်မချရ၍ စမတ်ဖုန်းများတွင် Tik Tok အသုံးပြုခွင့်ပိတ်ရန် လုပ်ဆောင်

0
374

လုံခြုံရေးစိတ်မချရသဖြင့် တရုတ်မိုဘိုင်း အပ်ပလီကေးရှင်း Tik Tok အပ်ပလီကေးရှင်းကို Apple နှင့် Google တို့၏ Play Store များမှ ဇူလိုင်လ ၈ ရက်နေ့တွင် နောက်ဆုံးထားပြီး ဖယ်ရှားပေးရန်ဟု အမေရိကန် ဖယ်ဒရယ်ဆက်သွယ်ရေးကော်မရှင် (FCC)မှ ပြောဆိုလိုက်သည်။

အကယ်၍ ဖြုတ်ချခြင်းမပြုလုပ်နိုင်ခဲ့လျှင်လည်း လုံခြုံရေးအကြောင်းအရင်းများကို ရေးသားကာ သီးခြားအကြောင်းပြန်ပေးရန် အမေရိကန် ဖယ်ဒရယ်ဆက်သွယ်ရေး ကော်မရှင် (FCC)မှ Brendan Carr က Apple နှင့် Google ၏ စီအီးအိုများထံလိပ်မူ၍ Twitter စာမျက်နှာတွင် ရေးသားခဲ့သည်။

တရုတ်နိုင်ငံနှင့်သက်ဆိုင်နေပြီး ကိုယ်ရေးအချက်အလက်များ လုံခြုံရေးအတွက် စိတ်မချရသောကြောင့် Tit Tok ကိုဖယ်ရှားရန် အမေရိကန်နိုင်ငံ၏ ဆက်သွယ်ရေးကုမ္ပဏီ အားလုံးအပါအဝင် နိုင်ငံတကာကုမ္ပဏီများနှင့် ဆက်စပ်လုပ်ကိုင်နေသော လုပ်ငန်းရှင်များအားလုံးကို Brendan Carr ကညွှန်ကြားလိုက်ခြင်းဖြစ်သည်။

TikTok တွင် လူအများက ရယ်စရာဗီဒီယိုများ မျှဝေကြည့်ရှုကြသော်လည်း ၎င်းတို့၏ အချက်အလက်များကို ချိုးဖောက်ကာ စောင့်ကြည်ရေး လက်နက်တစ်ခုအဖြစ် လုပ်ဆောင်နေသည်ဟု Brendan Carr ကရေးသားထားသည်။

TikTok ၏အချက်အလက်လုံခြုံရေးအပေါ် စိုးရိမ်မှုများရှိခဲ့သဖြင့် အမေရိကန်သမ္မတဟောင်း ဒေါ်နယ်ထရမ့်လက်ထက်တွင် လွှတ်တော်အမတ်များက အမိန့်နှစ်ခုထုတ်ပြန်ပြီး ပိတ်ပင်ဖို့ ကြိုးပမ်းခဲ့သေးသည်။

TikTok သည် ၂၀၂၂ နှစ်အတွင်း အမေရိကန်နိုင်ငံ၏ တတိယအကြီးမားဆုံး လူမှုကွန်ရက်တစ်ခုဖြစ်ပြီး လစဉ်အသုံးပြုသူ ၉၄ သန်းကျော်ရှိကာ ၈ ဒဿမ ၂ ရာခိုင်နှုန်း အသုံးပြုမှု များလာခဲ့သည်။

TikTok သည် ၂၀၂၄ ခုနှစ်သို့ရောက်သောအခါ အမေရိကန်စျေးကွက်အတွင်း Twitter နှင့် SnapChat များကိုကျော်လွန်ကာ အသုံးပြုသူဦးရေ သန်း ၁၀၀ ရှိလာနိုင်ကြောင်း ခန့်မှန်းထားကြသည်။

Ref: AWEEK, CTN News