လေးရက်ဆက် တိုက်ပွဲများကြောင့် ပုလောဒေသခံထောင်ချီ စစ်ဘေးရှောင်

0
222
ထွက်ပြေးတိမ်းရှောင်နေကြသော ပုလောဒေသခံများ

ပုလောမြို့နယ်တွင် ဇွန်လ ၂၇ ရက်နေ့မှ ဇွန် ၃၀ ရက်နေ့အထိ လေးရက်ဆက်တိုက် ဖြစ်ပွါးနေသည့် တိုက်ပွဲများကြောင့် ဒေသခံထောင်ချီ စစ်ဘေးရှောင် ထွက်ပြေးနေကြရကြောင်း ၎င်းတို့ထံမှသိရသည်။

မြိတ်ခရိုင်၊ပုလောမြို့နယ်၊ အရှေ့ခြမ်းကျေးရွာများဖြင့်သည့် နန်းတောင်၊မှော်မိ၊ ဂျက်ဂါ၊ကျောင်းနိမ့်၊ပိန္နဲတောင် စသည့်ကျေးရွာများတွင် စစ်ကောင်စီတပ်နှင့် ပုလောဒေသ ပြည်သူ့ကာကွယ်ရေး မဟာမိတ်တပ်ဖွဲ့တို့ တိုက်ပွဲဖြစ်ပွားနေသည်မှာ  လေးရက်ရှိပြီဖြစ်သည်။

“ကရင်ရွာတွေဖြစ်တဲ့ ဂျင်းနီ၊ဆားခဲ ကျေးရွာတွေဖက်ကို ထွက်ပြေးသွားတာက တစ်ထောင်ကျော်ရှိနေပြီ နန်းတောင်ဖက်က(စစ်ဘေးရှောင်တွေ)တော့ ပုလောမြို့ထဲဝင်ပြေးသွားကြတယ်”ဟု ပုလောဒေသခံတဦးကပြောသည်။

ယင်းအပြင် ဇွန်လ ၂၉ ရက်နေ့က မကျည်းကုန်းရွာတွင်လည်း တိုက်ပွဲဖြစ်ပွါးခဲ့ပြီး ရွာသားထက်ဝက်နီးပါးသည်လည်း အနီးအနားကျေးရွာများသို့ ရွှေ့ပြောင်း နေထိုင်နေကြကြောင်း ဒေသခံများ ထံမှသိရသည်။

ယနေ့(ဇွန် ၃၀) နံနက် ၈ နာရီတွင်လည်း ကျောင်းနိမ့်ရွာတွင် နှစ်ဖက်တိုက်ပွဲများ ပြင်းထန်နေပြီး ပုလောစစ်ကောင်စီတပ်မှ လက်နက်ကြီးများဖြင့်လည်း မွန်းလွဲ ၂ နာရီအထိ ဆက်တိုက်ပစ်ခတ်နေကြောင်း ဒေသခံများကပြောသည်။

တိုက်ပွဲဖြစ်နေစဉ် ယနေ့နေ့လယ်ပိုင်းတွင် ကျောင်းနိမ့်ကျေးရွာဖက်မှ မီးခိုးလုံးများ ထွက်ပေါ်နေသည်ကို မြင်တွေ့ နေရကြောင်း ဂျင့်ဂါရွာသားများ ကပြောသည်။

တိုက်ပွဲသုံးရက်အတွင်း လက်နက်ကြီးကျရောက်မှုကြောင့် မှော်မိရွာရှိ နေအိမ်ငါးလုံး ပျက်စီးသွားကြောင်း ဒေသခံများကပြောပြသည်။

ပုလောမြို့နယ်အတွင်း တိုက်ပွဲများကြောင့် အနည်းဆုံးကျေးရွာ နှစ်ဆယ်ကျော်မှ ပြည်သူများ နေရပ်စွန့်ခွါ ထွက်ပြေးနေကြရကြောင်း စစ်ဘေးရှောင်များအား အကူအညီပေးနေသည့်အဖွဲ့အစည်းများ ထံမှသိရသည်။