ကဒတ်ဥစျေး ၃ ဆခန့်မြင့်တက်

0
1219
ဓာတ်ပုံ - FB

ထားဝယ်တွင်လူကြိုက်များပြီး ဟင်းချိုချက်စားရသော ကဒတ်ဥများ စျေးတက်နေပြီး ယခင်ကထက် ၃ ဆခန့်စျေးပေးဝယ်နေရကြောင်း ဒေသခံများက ပြောသည်။

ကဒက်ဥတစ်ချောင်း ယခင်က အသေးအကြီးလိုက် ၍ သုံးရာကျပ်မှ ငါးရာကျပ်အထိ ပေးဝယ်နေရာမှာ ယခုနှစ်တွင် ယခင်က သုံးရာကျပ် ပေးဝယ်ရသော တစ်လက်မအချင်း အရှည် တစ်ပေခွဲခန့်ရှိသော ကဒက်ဥတစ်ချောင်းကို ကျပ်ရှစ်ရာခန့် အထိ ပေးဝယ်ခဲ့ရသည်ဟု ဒေသခံတစ်ဦးကပြောသည်။

“မနေ့က ဟင်းချိုချက်မလို့ ပေါ်ဦးပေါ်ဖြားဆိုတော့ ဈေးမှာသွားကြည့်တယ်။ အသေးတစ်ချောင်း ရှစ်ရာတောင်‌ ခေါ်တယ် ဈေးပွဲ(စျေးသိမ်း)ခါနီးမို့ ငါးရာကျပ်ပေးပြီး ဝယ်ခဲ့ရတယ်”ဟု ၎င်းကပြောသည်။

ယခုနှစ် ဇွန်လ ဒုတိယအပတ်မှစပြီး လောင်းလုံးမြို့နယ် တောတောင်တစ်လျှောက်တွင် ပစ်ခတ်မှုများ ဖြစ်နေသောကြောင့် ကဒတ်ဥ ရှာဖွေကြသူနည်းပါးကြောင်း လောင်းလုံးမြို့နယ်မှ ဈေးသည်တစ်ဦးက ပြောသည်။

“မနှစ်က ဒီအချိန်ဆိုပေါမှပေါ အခုကတောထဲမဝင်ရဲကြတော့ မနှစ်က ကဒတ်ဥ ဖော်တဲ့သူတောင် ဒီနှစ် မဖော်ကြတော့ဘူး “ဟု သူမက ‌ပြောသည်။

ကဒက်ဥသည် အမွေးပါ၍ရှည်သော နွယ်ပင်အမျိုးအစားဖြစ်ပြီး အဖြူတစ်မျိုး အနီတစ်မျိုးရှိရာ ဟင်းချိုချက်ရာတွင် အသုံးပြုကြသည်။ 

ကဒက်ဥ ကို ယခုလိုမိုးဦးကျရာသီများတွင် အများဆုံးတူးဖော် ရောင်းချကြပြီး အချို့ ဒေသခံတောင်သူများမှာ မိသားစုအလိုက် တောတောင်များသို့သွားရောက်၍ ကဒတ်ဥ ကို စီးပွားဖြစ်ရှာဖွေ ရောင်းချကြသည်။

ကဒက်ဥသည် တစ်လက်မ အချင်း အရှည်တစ်ပေခွဲခန့်မှသည် သုံးလက်မ အချင်း အရှည် သုံးပေအထိ အသေးအကြီးလိုက် ဈေးကွက်များတွင် တွေ့ရလေ့ရှိသည်။

ယခုလိုမိုးဦးကျ အချိန်ကာလများတွင် ကလေးသူငယ်များကို ကျွေးပါကသန်ကောင်ကျ သည်ဟု ထားဝယ်ဒေသခံအများစုက ယုံကြည်ကြပြီး ဟင်းချိုချက်ကျွေးလေ့ရှိကြသည်။