နိုင်ငံခြားကြွေးမြီ မဆပ်နိုင်ကြောင်း ရုရှားအစိုးရ ထုတ်ပြန်

0
437

ပြီးခဲ့သည့် တနင်္ဂနွေနေ့က ပေးဆပ်ရန်ရှိသည့် နိုင်ငံခြားကြွေးမြီများ ရက်ကျော်သွားခဲ့ရာ ရုရှားသည် ရာစုနှစ် တစ်ခုကျော်အတွင်း ပထမဆုံးအကြိမ် နိုင်ငံခြားကြွေးမြီ မဆပ်နိုင်မှုဖြစ်စဉ် ကြုံတွေ့ခဲ့ရကြောင်း Bloomberg သတင်းတစ်ရပ်က ဖော်ပြထားသည်။

ဒေါ်လာ သန်း ၁၀၀ ပေးသွင်းငွေအတွက် ရုရှားတွင် ပိုက်ဆံရှိကာ ပြန်လည်ပေးသွင်းလိုကြောင်း၊ သို့သော် စီးပွါးရေး ပိတ်ဆို့ထားခြင်းများကြောင့် နိုင်ငံတကာမြီရှင်များသို့ ပေးဆောင်နိုင်ရန် မဖြစ်နိုင်ကြောင်း ရုရှား ဘက်က ထုတ်ပြန်ထားသည်။

ရုရှားအစိုးရက ကြွေးမြှီမဆပ်နိုင်မှုကို ရှောင်ရှားလိုပြီး ယခုဖြစ်စဉ်သည် တိုင်းပြည်၏ ဂုဏ်သတင်းကို ထိခိုက်ကြောင်း အစိုးရဘက်က ဆိုထားသည်။

ယခုဖြစ်စဉ်မှာ ဟာသပြဇာတ်ကြီးလို ဖြစ်နေကြောင်း ရုရှား ဘဏ္ဍာရေးဝန်ကြီးက ပြောကြားခဲ့သည်။ နောက်ဆုံးတစ်ကြိမ် ရုရှားက နိုင်ငံခြားကြွေးမြီ မဆပ်ခဲ့မှုမှာ ၁၉၁၈ ခုနှစ်က ဖြစ်ပြီး ဘော်ရှီဗစ် တော်လှန်ရေး အတွင်း ဗလာတီမာလီနင် က ရုရှားအင်ပါယာကြီး၏ အကြွေးများကို မဆပ်ရန် ငြင်းဆန်ခဲ့စဉ်က ဖြစ်သည်။

၁၉၈၈ ခုနှစ် ဘောရစ်စ်ယက်ဆင် လက်ထက်ကလည်း ရူဘယ်ငွေကြေး အကျပ်အတည်းကြောင့် စီးပွါးရေး အခက်အခဲကြုံကာ ပြည်တွင်း ငွေတိုက်စာချုပ်များကို ငွေထုတ်မပေးနိုင်ခဲ့သော်လည်း နိုင်ငံရပ်ခြား ကြွေးမြီကိုမူ မဆပ်နိုင်မှု မဖြစ်ပွါးအောင် ကိုင်တွယ်နိုင်ခဲ့သည်။

ယူကရိန်းကို ကျူးကျော်ဝင်ရောက်ပြီးနောက် အမေရိကန် နှင့် ဥရောပသမဂ္ဂတို့က စီးပွါးရေးများ ပိတ်ဆို့ခဲ့ကြရာ ရုရှားသည် ကြွေးမြီပြန်မဆပ်နိုင်သည့် လမ်းကြောင်းပေါ် ရောက်သွားခဲ့ခြင်း ဖြစ်သည်။

စီးပွါးရေး ပိတ်ဆို့မှုများကြောင့် ရုရှားသည် အပြည်ပြည်ဆိုင်ရာ ရင်းနှီးမြှုပ်နှံသူများထံသို့ ငွေများ ပြန်လည်ပေးဆပ် ရန် နိုင်ငံတကာ ဘဏ်စနစ်ကို ရယူအသုံးပြုနိုင်ခြင်း မရှိတော့ပေ။