မိုးစပါးစိုက်သူ နည်းလာတော့

ကိုဗစ်ဒုတိယလှိုင်းကာကွယ်ရေး စည်းကမ်းတင်းကြပ်ချက်များ

မြန်မာနိုင်ငံအနှံ့တွင် ဖြစ်ပေါ်နေသည့် နယ်မြေမငြိမ်းချမ်းမှုများနှင့်အတူ သွင်းအားစုဈေးများ မြင့်မားမှုကြောင့် ယခုနှစ်စပါးစိုက်ရာသီတွင် လယ်လုပ်ရန် အခြေအနေမပေးသည့် ဒေသအများအပြား ရှိနေသည်။

မြန်မာနိုင်ငံတောင်ပိုင်း တနင်္သာရီတိုင်းတွင်လည်း ယခုနှစ်မိုးစပါး စိုက်ပျိုးချိန်တွင် အကြောင်းအမျိုးမျိုးကြောင့် လယ်မလုပ်သူ၊ ဧကအနည်းငယ်သာ လုပ်သူများ ပိုမိုများပြားလာနေသည်။

တိုက်ပွဲဖြစ်ပွားရာဒေသမှ လယ်သမားအများစုကမူ လယ်လုပ်နိုင်ခြင်း မရှိပေ။

ယခုနှစ်တွင် တနင်္သာရီတိုင်းမှ လယ်သမားများမှာ သွင်းအားစု (ဓာတ်မြေဩဇာ၊ လောင်စာဆီ စသဖြင့်) များ ဈေးတက်ခြင်း၊ မိုးရေရရှိမှု နည်းနေသေးခြင်း၊ နယ်မြေမအေးချမ်းခြင်း စသဖြင့် အခက်အခဲများစွာဖြင့် ရင်ဆိုင်နေကြရသည်။

ယင်းကြောင့် ယခုတစ်ပတ် တနင်္သာရီပုံရိပ် အစီအစဉ်တွင် စပါးစိုက်ပျိုးမှုနှင့် ကြုံတွေ့နေရသော အခက်အခဲများကို တွေ့ဆုံမေးမြန်း ဖော်ပြအပ်ပါသည်။

“လယ်မလုပ်ခင်ကကို ရှုံးနေတယ်”

ထားဝယ်မြို့၊ ဥဿရံရပ်ကွက်မှ လယ်သမား ဦးကျော်ကျော်လင်း

ဦးကျော်ကျော်လင်းမှာ လောင်းလုံးမြို့နယ်နိမိတ်တွင်းရှိ ပြန်ကြီးကျွန်းပေါ်တွင် မိသားစုပိုင် လယ်ဧက ၃၀၀ ကို ညီအစ်ကိုများနှင့်အတူ ဦးစီးလုပ်ကိုင်နေသူဖြစ်သည်။

DW ။ အကိုလေးတို့ အခု လယ်စထွန်နေပြီလား။

ဖြေ ။ အင်း… အခု စထွန်နေပြီ၊ ဧက ၁၅၀ လောက်ပဲ ပြီးသေးတယ်။ ထက်ဝက်လောက်ပဲ ပြီးသေးတယ်။

DW ။ အခုမှ လယ်ထွန်နေတုန်းဆိုတော့ ပျိုးမကြဲ ရသေးဘူးပေါ့။

ဖြေ ။ လယ်ထွန်ရင်းနဲ့ တစ်ခါတည်းပျိုးကြဲနေပြီ။ စပါးမစိုက်ဘူး (အရင်ကလို ကောက်စိုက်သမငှားပြီး ကောက်စိုက်တာမျိုး မလုပ်တော့ဘူး) ကြဲလိုက်တာလောက်ပဲ။

DW ။ ဒီနှစ်လယ်အတွက် ကုန်ကျစရိတ်တွေ ဘယ်လိုရှိလဲ။

ဖြေ ။ ဒီနှစ်ကုန်ကျစရိတ်က လယ်တစ်ဧကကို စက်ခထွန်ခသက်သက်ကို ရှစ်သောင်းခွဲ ကိုးသောင်းရှိတယ်။ လယ်မလုပ်ခင်ကကို ရှုံးနေတယ်။ အရင်က စက်သုံးဆီတစ်ပေပါကို တစ်သိန်းခွဲ၊ အခုက ၅ သိန်းကျော် ၆ သိန်းဖြစ်နေတယ်။ မနေ့ကပဲ တစ်ပေပါကို ၆ သိန်းနဲ့ ၄ ပေပါသွားဝယ်လာတယ်။ မနှစ်တုန်းကလည်း ၂ သိန်းခွဲလောက်နဲ့ ဝယ်ရတယ်။ ကိုလေးတို့မှာတော့ ကိုယ့်စက်နဲ့ ကိုယ့်ဆီနဲ့ဆိုတော့ အလုပ်သမားခနဲ့ ဆီခလောက်ပဲ ဆိုတော့ တစ်ဧက ထွန်ယက်ခက ငါးသောင်းလောက်ပဲ ကုန်ကျစရိတ်ရှိမှာပေါ့။

ရှေ့တစ်နှစ်တုန်းက (၂၀၁၉-၂၀၂၂) ဓာတ်မြေဩဇာ ပုလဲတစ်အိတ်ကို နှစ်သောင်းခွဲ သုံးသောင်းပေါ့နော်။ သုံးသောင်းဆိုတာ အများဆုံး အခုက ပုလဲတစ်အိတ်ကို တစ်သိန်းဖြစ်နေတယ်။ အဲဒီတော့ ကိုလေးက လယ်မလုပ်ခင်ကကို ရှုံးတယ်ဆိုတာ သိနေတယ်။

အဲဒီတော့ ငါ့မှာ စရိတ်လျှော့ချဖို့ ဘာရှိသလဲဆို လိုက်ကြည့်လိုက်တော့ အရင်တုန်းက အလုပ်သမားက ၃၀ ကျော် ၄၀ လောက်ရှိတာကိုး အဲတော့ မရတော့ဘူး။ ဒီတစ်နှစ်တော့ ငါလယ်လုပ်တာ ရှုံးပြီ နင်တို့ကိုတော့ ခေါ်မနိုင်ပြီဆိုပြီး လာမယ့်နွေလောက်မှ စပါးဈေးလေးဘာလေး နည်းနည်းပါးပါး ပြန်ကောင်းလာမှ နင်တို့ကို ငါပြန်ခေါ်မယ်ဆိုပြီး ပြောလိုက်ရတယ်၊ အခုက လူ ၁၅ ယောက်လောက်နဲ့ အလုပ်လုပ်နေရတယ်။

DW ။ ဒါဆို မနှစ်က ဓာတ်မြေဩဇာ ဘယ်နှစ်အိတ်လောက်ထည့်ဖြစ်လဲ။ ဒီနှစ်ရော ဘယ်နှစ်အိတ်လောက် ထည့်ဖို့ လျာထားလဲ။

ဖြေ ။ ၂၀၂၀ လောက်တုန်းကအထိတော့ ကိုလေးတို့လယ်မှာ တစ်ဧကကို ဓာတ်မြေဩဇာ တစ်အိတ်ထည့်တယ်။ အခုတော့ ထည့်လို့မနိုင်တော့ဘူး၊ ဓာတ်ဆားလည်း ကြဲမနိုင်တော့ဘူး။ အခုလည်း ဓာတ်ဆား တစ်အိတ်ကို ၁၀၅၀၀၀ ကျပ် လိုလိုလည်း ပြောနေတယ်၊ အရင်တုန်းကလိုမျိုး အားလုံးကို ကြဲမယ်ဆိုတာမျိုး ကြဲမနိုင်တော့ဘူး။

လယ် ဧက ၃၀၀ မှာ နှစ်တိုင်းဆို ဓာတ်မြေဩဇာ အိတ်ပေါင်း ၃၅၀ လောက်ကြဲတာရှိတယ်။ နှစ်ခါကြဲရတဲ့ လယ်တွေလည်း ရှိတာကိုး။ ဝါဆို ဝါခေါင်ဆို တစ်ကြိမ်ဝယ်တယ်၊ တော်သလင်းလဆို တစ်ခါ ဝယ်ပြီး ကြဲတယ်ပေါ့၊ မနှစ်တုန်းကလည်း ဓာတ်ဆား အိတ် ၁၀၀ နဲ့ ပြီးခိုင်းလိုက်တယ်။ မနှစ်တုန်းကလည်း စပါးထွက်ခါနီးမှာ ဓာတ်ဆား တစ်အိတ်ကို ၈၀၀၀၀ ဖြစ်နေတာကိုး၊ ဒီနှစ်လည်း အိတ် ၁၀၀ လောက်ပဲ ကြဲမယ်လို့ စဉ်းစားထားတယ်။

DW ။ မနှစ်တုန်းက စပါးဘယ်လောက်ထွက်လဲ၊ ဒီနှစ်ရော ထွက်နှုန်းဘယ်လို မှန်းထားလဲ။

ဖြေ ။ မနှစ်တုန်းက စပါးတင်းပေါင်း တစ်သောင်းခွဲတောင် မပြည့်ချင်ဘူး။ ခါတိုင်းက တင်းနှစ်သောင်းခွဲ လောက် ရတယ်။ ဧက ၃၀၀ စာအတွက်ကိုပေါ့လေ။ နွေတုန်းကဆို စပါး တအားလျော့တယ်။ စပါး တင်းနှစ်ထောင်လောက် ထွက်နေတဲ့လယ်က စပါး တင်းတစ်ထောင်လောက်ပဲ ရတယ်။ ထက်ဝက်လောက် လျော့ဆင်းသွားတယ်။ မနှစ်တုန်းကကို လျော့ဆင်းသွားတယ်ဆိုရင် ဒီတစ်နှစ် ပိုဆိုးမယ်။ အစာလည်း မနိုင်ဘူး၊ လုပ်အားလည်း ထည့်မနိုင်ဘူးဆိုတော့ လျော့လိမ့်မယ်။ အလုပ်သမားတွေ လျှော့ချလိုက်လည်း ဒီစပါးဈေးနဲ့က ရှုံးနေတုန်းပဲ၊ မလုပ်ဘဲလည်း မရဘဲ၊ ဒါဆို ရှုံးရှုံးနဲ့ ဘာလို့ လုပ်နေလည်းဆို မလုပ်ဘဲလည်း မရဘဲကိုး။

DW ။ မိုးစပါးချေးငွေရော ရလား။

ဖြေ ။ မိုးစပါးချေးငွေမရတာ ဒီနှစ်နဲ့ပါဆို နှစ်နှစ်ရှိပြီ၊ အရင်တုန်းကဆို ရပ်ကွက်မှာထုတ်ပေးတယ်။ အခုလည်း အဲဒါ ဘာသံမှ မကြားဘူး။ မနှစ်တုန်းက သွားမေးလည်း အဖြေမရ။ ထောက်ပံ့ကြေးငွေတွေ မကျလာဘူးဆိုပြောတယ်. မနှစ်တုန်းကလည်း မရဘူး၊ အခုလည်း မရဘူပေါ့နော်။

DW ။ အကူအညီရမယ်ဆိုရင် ဘယ်လို အကူညီမျိုးလိုချင်လဲ။

ဖြေ ။ ဓာတ်မြေဩဇာဈေး သက်သက်သာသာနဲ့ ရောင်းချပေးတာမျိုး၊ စက်သုံးဆီဈေးကိုလည်း ဘယ်လို ပြောရမလဲ စက်သုံးဆီဈေးကလည်း တစ်နိုင်ငံလုံးတက်နေတာဆိုတော့။

DW ။ စပါးဈေးကရော ဘယ်လိုရလဲ။

ဖြေ ။ စပါးတစ်တင်းကို ၆၀၀၀၊ ၇၀၀၀ ပဲရတယ်။

DW ။ ဘယ်လို စပါးမျိုးတွေ အဓိကစိုက်ပျိုးလဲ။

ဖြေ ။ ကျော်ဇေယျ၊ ဧည့်မထရယ် ကမာကြည်ပေါ့။

“လယ်လုပ်တဲ့သူက နည်းနည်းပါးပါးပဲရှိတယ်”

သရက်ချောင်းမြို့နယ်၊ ကြာအင်းရွာမှ ဒေသခံအမျိုးသမီးတစ်ဦး

DW ။ အခု လယ်လုပ်နေကြပြီလား၊ မလုပ်ဖြစ်တဲ့ လယ်တွေရော ရှိလား။

ဖြေ ။ လယ်က မလုပ်တဲ့ လယ်တွေ များသွားပြီ ကျွန်မတို့ရွာမှာ၊ မလုပ်တဲ့လူတွေက များသွားပြီ။ လုပ်လည်း မနိုင်ကြဘူး၊ ကျွန်မတို့မှာလည်း အမေတို့ အဖေတို့လည်း မနိုင်တော့ မလုပ်တော့ဘူး။

DW ။ ဘာကြောင့် လယ်ပစ်သူတွေ များတာလဲ။ ညီမတို့မှာရော ဘာလို့ မလုပ်တော့တာလဲ။ ကုန်ကျစရိတ်တွေများလို့လား။

ဖြေ ။ ရွာမှာ လယ်လုပ်နိုင်တဲ့သူတွေ မရှိတော့ဘူးဆိုတော့ လုပ်မယ့်သူလည်း မရှိဘူးဆိုတော့ မလုပ်နိုင်ကြတော့ ဘူးပေါ့၊ တော်တော်များများက လယ်ပစ်များသွားပြီ၊ လယ်လုပ်တဲ့သူက နည်းနည်းပါးပါးပဲရှိတယ်။ ကျွန်မတို့အိမ်မှာလဲ အမေတို့ အဖေတို့လည်း မနိုင်ဘူးဆိုတော့ ကျွန်မလည်း မလုပ်တော့ဘူး။

“အလကားပေးလုပ်တာတောင် မလုပ်ကြဘူး”

ရေဖြူမြို့နယ်၊ သစ်တိုထောင့်ကျေးရွာမှ ဒေသခံလူငယ်အမျိုးသားတစ်ဦး

DW ။ အခုနှစ် လယ်လုပ်ဖြစ်လား။

ဖြေ ။ မလုပ်တာ နှစ်နှစ် သုံးနှစ် ဖြစ်သွားပြီ၊ ကျွန်တော်မှာ ပစ်ထားတာကြာပြီ။

DW ။ ဘယ်အချိန်တည်းက လယ်ကို ပစ်ထားတာလဲ။

ဖြေ ။ အခုဆို ၄ နှစ် ၅ နှစ်လောက်ဖြစ်နေပြီ ပစ်ပြီးထားထားတာ၊ ၂၀၁၈ လောက်တည်းက ပစ်ပြီးထားထားတာ။

DW ။ ဘာကြောင့် လယ်မလုပ်ဖြစ်တာလဲ။ ဘာကြောင့် လယ်ပစ်ပြီး ထားထားလိုက်တာလဲ။

ဖြေ ။ ဘာလို့လဲဆိုတော့ လုပ်ရတာနဲ့ ပိုက်ဆံကျန်တာနဲ့ မတန်တာက တစ်ပိုင်း၊ နောက်ပြီး အလုပ်သမားငှားရ ခက်ခဲတာက တစ်ပိုင်းပေါ့၊ အရှုံးပေါ်လို့တော့ မဟုတ်ဘူး။ ကျန်နည်းပြီးတော့ အလုပ်သမားငှားရခက်ခဲလို့ မလုပ်ဖြစ်တော့တာပေါ့၊ ၂၀၁၈ တုန်းက သူများကို တစ်နှစ်ပေးလုပ်လိုက်သေးတယ်၊ အခုက သူများကို ပေးလုပ်တာတောင် ပေးလုပ်တဲ့သူကလည်း မလုပ်တော့ဘူး။

DW ။ ဘယ်နှစ်ဧကလောက်ရှိလဲ။

ဖြေ ။ ၁၀ ဧကခွဲရှိတယ်၊ မနှစ်တုန်းကတော့ သူများကို ပေးလုပ်တာပေါ့။ ဒီနှစ်တော့ သူများကို ပေးလုပ်တာတောင် သူများက မလုပ်ကြဘူး။

DW ။ အလုပ်သမား ငှားမရဘူးဆိုတာက ဘာကြောင့်လဲ။

ဖြေ ။ အဓိကတော့ အရနည်းလို့ပေါ့။ အလုပ်သမားကလည်း ငှားရခက်တယ်။ လယ်လုပ်တယ်ဆိုတာ စစိုက်တည်းကနေ ရိတ်သိမ်းချိန်ထိ လယ်ထဲကစပါးကို အိမ်ရောက်အောင် သယ်ရဦးမယ် လုပ်ရဦးမယ်လေ။ စက်နဲ့ ရိတ်တာတောင် အိမ်ရောက်လာအောင် လုပ်ရသေးတယ်လေ။ လယ်ထဲမှာပဲ ထားလို့မှ မရဘဲ၊ အဲဒီလိုလုပ်ပြီးတော့လည်း ကိုယ့်အတွက် ရနည်း ကျန်နည်းလို့ မကိုက်လို့ မလုပ်တော့တာ။ ကိုယ်ကိုယ်တိုင် ပါဝင်နေမှရတာ၊ ကိုယ်ကိုယ်တိုင် ပါဝင်ထိလည်း အမြတ်မရတော့ လယ်ပစ်ထားလိုက်တာပေါ့၊

DW ။ ဒါဆို အခုက ဘာလုပ်နေလဲရှင်။

ဖြေ ။ အခုက ကုန်သည်လုပ်နေတာပေါ့။ ကုန်သည်လုပ်ငန်းကလည်း သွားရလာရတယ်မလား။ အခု နိုင်ငံရေးအခြေကြောင့် သိပ်ပြီး အဆင်မပြေဘူးပေါ့။ လမ်းအခြေအနေကလည်း မအေးဆေးဘူးဆိုတော့ နည်းနည်းအခက်အခဲရှိတာပေါ့၊

‌DW ။ သူတို့ (လယ်အလကားပေးလုပ်သူ) ကရော ဘာကြောင့် မလုပ်ကြတာလဲ။

ဖြေ ။ သူတို့လည်း မကျန်လို့ဖြစ်မှာပေါ့။ သူတို့လည်း (လယ်) အလကား ပေးလုပ်တာတောင် မလုပ်ကြဘူးဆိုတော့ သူတို့အတွက်လည်း မကိုက်လို့ မကျန်လို့ဖြစ်မှာပေါ့။ မနှစ်က ၁၀ ဧကခွဲမှာ ၃ ဧကတော့ လုပ်တယ်။ သူ့တဲနားမှာရှိတဲ့ လယ်ကွက်လောက်ပဲ သူလည်း လုပ်တယ်။ ကျန်တဲ့ ၇ ဧကကျော်ကလည်း တစ်ဆက်တည်းပဲ ဝေးတာမဟုတ်ဘူး။ ဒါပေမဲ့ သူလည်းမလုပ်ဘူး။ ဒီနှစ်တော့ သူများတွေလည်း ဘယ်သူမှ မလုပ်ကြဘူး။ လယ်က ကျွန်တော့်အဖေလယ်။ အဖေ့လယ်ကို သားတွေကို လုပ်ခိုင်းတာ တစ်ယောက်မှ မလုပ်ကြဘူး။ အဲဒီလိုပဲ ပစ်ပြီးထားထားတယ်။ အဲဒီကြားထဲမှာ သူစိမ်းလူက ၂၀၁၈ က တစ်နှစ်လုပ်တယ်။ မနှစ်က တစ်နှစ်လုပ်ပြီး ဒီနှစ်ဆိုတာနဲ့ တခါ မလုပ်တော့ပြန်ဘူးသူတို့။

DW ။ လယ်ငှားခကို စပါးဘယ်လောက်ပေးရလဲ။

ဖြေ ။ အဲဒါက သတ်မှတ်ချက်မရှိဘူး။ ၇ ဧကကို ၁၅ တင်း၊ တင်း ၂၀ လောက်ပဲ ပေးတယ်၊ သတ်မှတ်ချက်မရှိဘူး။ အဆင်ပြေရင် အဆင်ပြေသလိုပဲ။ လယ်ကို ဒီအတိုင်းပစ်ပြီးထားရင် လယ်က မြက်တွေချုံတွေထူပြီး ပစ်ကြာရင် အခြေနေဆိုးလာမှာစိုးလို့ နည်းနည်း ထိန်းသိမ်းပုံစံနဲ့ လုပ်ခိုင်းတာလောက်ပဲ။ လယ်က ပစ်ပြီးထားကြာရင် မြက်တွေတက်ပြီး မြေရိုင်းမျိုးဖြစ်သွားမှာစိုးလို့၊ နောက်ပိုင်းဆို မြေက အရမ်းမာသွားတယ်လေ။ မြေရိုင်းမျိုးဖြစ်သွားရင် နောက်ထပ် လယ်မျိုးဖြစ်အောင် ပြန်လုပ်ရတာ တော်တော်ကြီးပင်ပန်းသွားတယ်။ အဲဒါကြောင့် ဒီအတိုင်း ပေးလုပ်တာလောက်ပဲ။ အခကြေးနဲ့ ပေးလုပ်တာမဟုတ်ဘူး။ အလကားပေးလုပ်တာတောင် လုပ်သမားမရှိဘူး ဖြစ်နေတယ်။