တနင်္သာရီမြို့နယ်တွင် ထိုင်းမျိုး ဒူးရင်းပင် စီးပွားဖြစ်စတင်စိုက်ပျိုး

0
485
Tanintharyi

မြိတ်ခရိုင် တနင်္သာရီမြို့နယ်အတွင်းရှိ ဥယျာဉ်ခြံလုပ်ကိုင်နေသူအချို့ ထိုင်းမျိုး ဒူးရင်းပင်များကို စီးပွားဖြစ် စိုက်ပျိုးနေကြပြီဖြစ်ကြောင်း ယင်းမြို့နယ်ရှိ ဥယျာဉ်ခြံလုပ်ကိုင်သူအချို့ထံမှ သိရသည်။

ပြီးခဲ့သည့်နှစ် အနည်းငယ်ခန့်မှစပြီး ဥယျာဉ်ခြံပိုင်ရှင်အချို့သည် ထိုင်းမျိုး ဒူးရင်းပင်တို့အား တစ်ပိုင်တစ်ပိုင်ပုံစံဖြင့် စတင်စမ်းသပ် စိုက်ပျိုးခဲ့ကြကြောင်း တနင်္သာရီမြို့နယ် ရမ်းဖိုကျေးရွာနေ ဥယျာဉ်ခြံလုပ်ကိုင်သူအချို့က ပြောသည်။

ယင်းကဲ့သို့ စမ်းသပ်စိုက်ပျိုးရာတွင် ငွေအကုန်အကျနည်းပြီး တွက်ခြေကိုက်သဖြင့် ယခုနှစ်တွင် စီးပွားဖြစ် စိုက်ပျိုးသူ ဦးရေ ဆယ်ဂဏန်းအထိ ရှိလာနေပြီဖြစ်ကြောင်း တနင်္သာရီမြို့နယ် ရမ်းဖိုရွာနေ ထိုင်းမျိုးဒူးရင်းပင် စိုက်ပျိုးနေသူ အသက် ၄၀ နှစ်ရှိ အမျိုးသားတစ်ဦးက ပြောသည်။

၎င်းကိုယ်တိုင် အပင်ရေ ဆယ်ဂဏန်းခန့်ဖြင့် စတင်စမ်းသပ်စိုက်ပျိုးခဲ့ပြီး လက်ရှိတွင် အပင်ရေ တစ်ရာကျော်အထိ တိုးချဲ့စိုက်ပျိုးနေကြောင်း ပြောပြသည်။

“အသီးကတော့ လူကြိုက်များသလို ဈေးကလည်း ကောင်းစပဲ” ဟု ၎င်းက ပြောသည်။

ထိုင်းမျိုးဒူးရင်းပင်က ထွက်ရှိသည့် အသီးတို့သည် အလုံးကြီးပြီး အသားများကာ တစ်ကီလိုလျှင် သုံးထောင်ငါးရာ ကျပ်အထိ ဈေးရရှိနေကြောင်း ရမ်းဖိုရွာနေသူအချို့က ပြောပြသည်။

“ဒူးရင်းမျိုးချောက ရေပြတ်လို့မရဘူး။ သေချာ ဂရုစိုက်ရတယ်” ဟု ထိုင်းဒူးရင်း အပင်‌ရေ ဆယ်ဂဏန်းခန့်ဖြင့် စတင် စိုက်ပျိုးနေသည့် အော်ကြီးရွာနေ ဥယျာဉ်ခြံရှင်တစ်ဦးက ပြောသည်။

ထိုင်းမျိုးဒူးရင်းပင်တို့အား ရေသွင်းစိုက်ပျိူးလေ့ရှိကြပြီး ပျိုးပင်အရွယ်မှ ငါးနှစ်ကျော်အပင်အရွယ် အသီးသီးချိန်အထိ အပင်တစ်ပင်အတွက် ကုန်ကျစရိတ် ကျပ်သောင်းဂဏန်းခန့်သာရှိကြောင်း ထိုင်းဒူးရင်းပင် စိုက်ပျိုးနေသူအချို့က ပြောသည်။

တစ်ပင်နှင့် တစ်ပင်အကြား နှစ်ဆယ်ငါးပေအကွာ အဝေးခန့်ဖြင့် စိုက်ပျိုးပါက တစ်ဧကလျှင် အပင်ရေ ခြောက်ဆယ်ကျော်အထိ စိုက်ပျိုးနိုင်ကြောင်း ၎င်းတို့ထံမှ သိရသည်။

ထို့အပြင် မြိတ်မြို့နယ်အတွင်းရှိ ကျေးရွာအချို့တို့တွင် ထိုင်းမျိုးဒူးရင်းအပင်ရေ ရာဂဏန်းအထိ စိုက်ပျိုးမှုများ ရှိနေကြောင်း ပင်းအိုကျေးရွာအုပ်စုနေသူတို့ထံမှ သိရသည်။

အဆိုပါ ထိုင်းဒူးရင်းမျိုး ပျိုးပင်တစ်ပင်လျှင် ရှစ်ထောင်ကျပ်ခန့်ဖြင့် မြန်မာ-ထိုင်းနယ်စပ်ဖြစ်သည့် မောတောင်-စင်ခွန်းနယ်စပ်ဂိတ်မှတဆင့် ဝယ်ယူစိုက်ပျိုးကြပြီး မြိတ်မြို့ပေါ်ရှိ ပျိုးပင်အရောင်းဆိုင်အချို့တို့မှလည်း ဝယ်ယူပြီး စိုက်ပျိုးလေ့ ရှိကြကြောင်း သိရသည်။