ထိုင်းနိုင်ငံသား အသတ်ခံရမှုတွင် မြန်မာလုပ်သားသုံးဦးကို တရားစွဲ

0
324
Thai-Migration

ထိုင်းနိုင်ငံတောင်ပိုင်း ဟတ်ယိုင် (Hat Yai) တွင် ထိုင်းနိုင်ငံသားအသတ်ခံရမှုနှင့် ပက်သက်၍ မြန်မာအလုပ်သမား သုံးဦးကို တရားစွဲဆိုထားကြောင်း ထိုင်းရဲတပ်ဖွဲ့က ဇွန်လ ၂၃ ရက်တွင် ပြုလုပ်သည့်သတင်းစာရှင်းလင်းပွဲတွင် ပြောသည်။

စွန်ခရာခရိုင်၊ ဟတ်ယိုင်မြို့နယ်ရှိ တောထဲ၌ ထိုင်းနိုင်ငံသားတစ်ဦး ကြိုးတုပ်ကာ သတ်ဖြတ်မြှုပ်နှံခံထားရသည်ကို ဇွန်လ ၁ ရက်နေ့တွင် ထိုင်းရဲတပ်ဖွဲ့က တွေ့ရှိခဲ့သည်။

ယင်းနောက် တရားမဝင် မြန်မာရွှေ့ပြောင်းအလုပ်သမား ၁၀၉ ဦးကို ထိုင်းရဲတပ်ဖွဲ့က ဖမ်းဆီးစစ်ဆေးခဲ့သည့်အနက် သုံးဦးကို လူသတ်မှု၊ အလောင်းဖျောက်ဖျက်မှုတို့ဖြင့် တရားစွဲဆိုလိုက်ကြောင်း ထိုင်းရဲတပ်ဖွဲ့၏ ပြောဆိုချက်ကို ကိုးကားကာ ထိုင်းသတင်းများတွင် ဖော်ပြသည်။

သို့သော် တရားစွဲဆိုလိုက်သည့် နေ့ရက်ကို ဖော်ပြထားခြင်း မရှိကြပေ။

သက်သေအထောက်အထားများအရ လူသတ်မှုတွင်ပါဝင်ကျူးလွန်ထားသည့် တရားမဝင် မြန်မာအလုပ်သမား ရှစ်ဦးရှိသည်ဟု ထိုင်းရဲတပ်ဖွဲ့က ပြောဆိုပြီး သတင်းစာရှင်းလင်းပွဲတွင် ငါးဦး၏ အချက်အလက်များကို ထုတ်ပြန်ခဲ့သည်။

ကိုမောင်၊ စန်းအေး၊ ချစ်ကိုကိုတို့ကို ဖမ်းဆီးရမိထားပြီး ကျန်သော မြတ်ဝင်းနှင့် အောင်ကိုဝင်းတို့နှစ်ဦးမှာ လွတ်မြောက်နေဆဲဖြစ်ကာ ကျန်သုံးဦး၏ အချက်အလက်ရရှိရန် ကြိုးစားနေသည်ဟု ထိုင်းအာဏာပိုင်များက ဆိုထားသည်။

 အထက်ပါကိစ္စနှင့် ပက်သက်၍ ထိုင်းနိုင်ငံဆိုင်ရာ မြန်မာအလုပ်သမားသံအရာရှိများထံသို့ ဆက်သွယ် မေးမြန်းရန် ယနေ့ (ဇွန် ၂၄) ဖုန်းဖြင့် အကြိမ်ကြိမ်ခေါ်ဆိုခဲ့သော်လည်း ဖုန်းလက်ခံဖြေကြားခြင်း မရှိပေ။

ထိုင်းနိုင်ငံသား လျှပ်စစ်ဝန်ထမ်းတစ်ဦးသည် ဟတ်ရိုင်ဒေသရှိ တောထဲတွင် ငါးမျှားသွားစဉ် လက်နှင့် ခြေထောက်ကို ချည်ထားလျက် သတ်ဖြတ်မြှုပ်နှံခံထားရသည်ကို ဇွန်လ ၁ ရက်နေ့တွင် ထိုင်းရဲက တွေ့ရှိခဲ့သည်။

ယင်းနောက် ထိုင်းနိုင်ငံသို့ တရားမဝင် ဝင်ရောက်ပြီး မလေးရှားသို့ သွားရောက်ရန် အခင်းဖြစ်ရာ အနီးဝန်းကျင်ရှိ နေအိမ်တစ်အိမ်တွင် စောင့်ဆိုင်းနေကြသည့် မြန်မာအလုပ်သမား ၁၀၉ ဦး ဇွန်လ ၂ ရက်နေ့တွင် ဖမ်းဆီးခံခဲ့ရသည်။

မြန်မာအလုပ်သမားများကို စစ်မေးချက်အရ ပွဲစားကို စောင့်ဆိုင်ရင်း တောထဲတွင် ပုန်းခိုနေသည့် မြန်မာအလုပ်သမားအဖွဲ့ကို ထိုင်းနိုင်ငံသားက တွေ့သွားခြင်းဖြစ်သည်ဟု ထွက်ဆိုကြကြောင်း ရဲတပ်ဖွဲ့ ပြောဆိုချက်ကို ကိုးကားက ထိုင်းသတင်းများတွင် ဖော်ပြသည်။

ယင်းနောက် လာခေါ်သည့်ပွဲစားအထင်ဖြင့် လိုက်ပါရန် ပြင်ဆင်သည့် အမျိုးသမီးကို ဓားစာခံအဖြစ် ဖမ်းဆီးကာ သေနတ်၊ ဓားတို့ဖြင့် ခြိမ်းခြောက်ပြီး မြန်မာများထံမှ ငွေကြေးတောင်းခံသည်ဟု ဆက်လက်ဖော်ပြသည်။

တောင်းခံသော ငွေကြေးကို မြန်မာအလုပ်သမားများက အချင်းချင်းစုကာ ပေးသော်လည်း မြန်မာမိန်းကလေးကို ပြန်မလွှတ်ပေးဘဲ သေနတ်ထောက်ခြိမ်းခြောက်ပြီး ပြန်ပေးဆွဲရန်ပြင်သဖြင့် တုတ်ဖြင့် ခေါင်းကို ရိုက်နှက်ခဲ့ကြောင်း ထွက်ဆိုသည်ဟုလည်း ဖော်ပြထားသည်။

ယင်းနောက် ပွဲစားထံ ဆက်သွယ်အကြောင်းကြားခဲ့ပြီး မောင်ချစ်ကိုကို အမည်ရှိ ပွဲစားက မြန်မာအလုပ်သမား အားလုံးကို ကားလေးစီးဖြင့် လာခေါ်ကာ ဘန်ဖလူး (Bang Phru) ဒေသတွင် အိမ်ငှားပြီး နေစေခဲ့ကြောင်း ထိုင်းရဲက ထုတ်ပြန်သည်။

ပြီးနောက် အခင်းဖြစ်ပွားရာနေရာသို့ ပြန်လာကာ သေဆုံးသူကို မြေမြှုပ်၍ ၎င်းစီးလာသည့် ဆိုင်ကယ်ကိုလည်း ရေအိုင်ထဲသို့ လွှင့်ပစ်ခဲ့သည်ဟု ထိုင်းရဲတပ်ဖွဲ့က ပြောဆိုချက်ကို ကိုးကားကာ ထိုင်းသတင်းများတွင် ဖော်ပြသည်။

ယင်းအမှုတွင် ဝရမ်းထုတ်ထားသူ နှစ်ဦးကို ဖမ်းဆီးနိုင်ရန် ကြိုးစားမည်ဖြစ်ပြီး ကျန်သုံးဦး၏ ကိုယ်ရေး အချက်အလက် များကိုလည်း ရရှိရန် ထပ်မံဆောင်ရွက်သွားမည်ဖြစ်ကြောင်း ထိုင်းရဲတပ်ဖွဲ့က ဆိုသည်။  

လူသတ်မှုဖြင့် စွဲချက်တင် မခံရသည့် အခြား တရားမဝင် မြန်မာအလုပ်သမားများကိုမူ တရားမဝင် နယ်စပ် ဖြတ်ကျော်ဝင်ရောက်မှုဖြင့် အရေးယူသွားမည်ဖြစ်ကြောင်းလည်း ပြောဆိုထားသည်။

Ref: Thairath Online, MGR ONLINE, Khaosod Online, Bangkok Post