တစ်ပတ်အတွင်း ကမ္ဘာ့ရေးရာ

0
368

ကမ္ဘာ့တစ်ဝန်း ဖြစ်ပျက်ခဲ့သည့် အဖြစ်အပျက်များထဲမှ ထူးခြားဖြစ်စဉ်များကို ကောက်နုတ်ကာ အပတ်စဉ် စနေနေ့တိုင်းတွင် စုစည်းဖော်ပြပေးသွားမည်ဖြစ်ပါသည်။

Dawei Watch (ဇွန် ၁၈-၂၄)

အိန္ဒိယတွင် စစ်မှုထမ်းဥပဒေအသစ်ကို ဆန္ဒပြရင်း လူ ၁ ဦးသေဆုံးခဲ့ပြီး ၁၃ ဦးဒဏ်ရာရရှိခဲ့

အိန္ဒိယနိုင်ငံတွင် အငြင်းပွားဖွယ် စစ်မှုထမ်း ငှားရမ်းမှုဥပဒေသစ် မူကြမ်းကို ပြည်နယ်အများစုတွင် မကျေနပ်သဖြင့် ဆန္ဒပြရင်း လူ ၁ ဦးသေဆုံးကာ ၁၃ ဦးဒဏ်ရာ ရရှိခဲ့သည်။

လုံခြုံရေးတပ်ဖွဲ့ဝင်များသည် ဆန္ဒပြသူများကို ပစ်ခတ်ဖြိုခွင်းခဲ့ကြောင်း ကြားသိရသော်လည်း သေဆုံးသူသည် သေနပ်ဒဏ်ရာဖြင့် သေဆုံးခဲ့ခြင်း ရှိမရှိ အတည်ပြုချက်မရသေးကြောင်း အာဏာပိုင်များက ထုတ်ပြန်ထားသည်။

ဆန္ဒပြသူများသည် ဘစ်ကားများ၊ မီးရထားများကိုပါ မီးရှို့ဖျက်ဆီးခဲ့ကြသည်။

ယခင် ၁၅ နှစ်စာချုပ်ဖြင့် ခေါ်ယူရာမှ ယခု ၄ နှစ်စာချုပ်ဖြင့် ခေါ်ယူမည့်အပြင် ပင်စင်မပေးတော့ခြင်းကဲ့သို့ ရပိုင်ခွင့်များလျှော့ချလိုက်မှုကြောင့် အဆိုပါ ဥပဒေအသစ်မူကြမ်းကို လက်မခံနိုင်ကြဘဲ ဆန္ဒပြကြခြင်းဖြစ်သည်။

Ref: CGTN

ကိုလမ်ဘီယာသမ္မတရွေးကောင်ပွဲတွင် လက်ဝဲဝါဒီ တိုက်ခိုက်ရေးသမားဟောင်း ပထမဆုံးအနိုင်ရ

ကိုလမ်ဘီယာသမ္မတရွေးကောင်ပွဲတွင် လက်ဝဲဝါဒီ မြို့ပြပြောက်ကျား တိုက်ခိုက်ရေးသမားဟောင်းဖြစ်သူ မစ်စတာ ဂူစတာဗိုပီထရိုမှ အနိုင်ရရှိသွားပြီးဖြစ်ကြောင်း ကြေညာခဲ့သည်။

အဆိုပါသမ္မတသည် M-19 အမည်ရှိ မြို့ပြပျောက်ကြားအဖွဲ့ဝင်ဟောင်းတစ်ဦးဖြစ်ပြီး ဆောက်လုပ်ရေးအိမ်ခြံမြေသူဌေးကြီးကို မဲအနည်းငယ်အသာဖြင့် အနိုင်ရရှိခဲ့ခြင်းဖြစ်သည်။

Ref: Dawei Watch

ကမ္ဘောဒီယားတွင် ဖမ်းမိခဲ့သော ငါးလိပ်ကျောက် ကမ္ဘာ့အကြီးဆုံးရေချိုငါးအဖြစ် စံချိန်တင်

ကမ္ဘောဒီးယားနိုင်ငံ မဲခေါင်မြစ်အတွင်း ဇွန်လ ၁၃ ရက်နေ့တွင် ဖမ်းဆီးရမိသော ငါးလိပ်ကျောက်သည် ကမ္ဘာ့အကြီးဆုံးရေချိုငါးအဖြစ် မှတ်တမ်းတင်နိုင်ခဲ့ကြောင်း သိပ္ပံပညာရှင်များက ဆိုသည်။

အဆိုပါငါးလိပ်ကျောက်သည် နှာခေါင်းမှ အမြီးအထိ ၄ မီတာရှည်ပြီး အလေးချိန်အနေဖြင့် ၃၀၀ ကီလိုဂရမ်ရှိကြောင်း ဇွန်လ ၂၀ ရက်နေ့တွင်ပြုလုပ်သော ကမ္ဘောဒီးယား-အမေရိကန် သုတေသနပရောဂျက်မှ ထုတ်ပြန်ခဲ့သည်။

အရင်စံချိန်တင်ထားသည်မှာ ထိုင်းနိုင်ငံ မဲခေါင်မြစ်အတွင်း ဖမ်းဆီးရမိခဲ့သော ငါးခူအမျိုးအစားဖြစ်ပြီး ၂၉၃ ကီလိုဂရမ်လေးကာ ယခုငါးလိပ်ကျောက်သည် ၎င်းစံချိန်ကိုချိုးခဲ့ခြင်းဖြစ်သည်။

Ref: CNA

တောင်ကိုးရီယား ကေပေါ့ပ်အဖွဲ့ BTS သည် အဖွဲ့လိုက်လှုပ်ရှားမှု ရပ်နားမည်

တောင်ကိုးရီးယားနိုင်ငံမှ ကမ္ဘာကျော် ကေပေါ့ပ် အဖွဲ့ဖြစ်သော BTS သည် အဖွဲ့လိုက်ဖျော်ဖြေမှုကို ရက်အကန့်အသတ်မရှိ ရပ်ဆိုင်းတော့မည်ဖြစ်ပြီး တစ်ဦးချင်းဂီတခရီးများ လျှောက်လှမ်းမည်ဖြစ်ကြောင်း ကြေညာခဲ့သည်။

အဆိုပါအဖွဲ့သည် ကမ္ဘာတဝှမ်းလူကြိုက်များခဲ့သော K-POP သီချင်းများစွာကို သီဆိုနိုင်ခဲ့ပြီး BTS ARMY ဟုခေါ်သော ပရိသတ်သန်းချီ အခိုင်အမာရရှိထားသော အဖွဲ့ဖြစ်သည်။

BTS သည် အမေရိကန် အိမ်ဖြူတော်၌ သမ္မတ ဂျိုးဘိုင်ဒင်နှင့် တွေ့ဆုံခဲ့သလို ကုလသမဂ္ဂအထွေထွေညီလာခံ အဖွင့်ပွဲတွင် စကားပြောခွင့်ရသော အဖွဲ့ဖြစ်သည်။

Ref: BBC NEWS

တောင်ကိုးရီးယားနှင့် စင်ကာပူတို့တွင် မျောက်ကျောက်ရောဂါ စတွေ့

တောင်ကိုးရီးယားနိုင်ငံနှင့် စင်ကာပူနိုင်ငံတို့တွင် မျောက်ကျောက်ရောဂါကို ပထမဆုံးစတင်ကူးစက်သူကို တွေ့ရှိခဲ့ကြောင်း နိုင်ငံပိုင်သတင်းဌာနများတွင် ဇွန်လ ၂၂ ရက်နေ့၌ ကြေညာခဲ့သည်။

ဂျာမနီနိုင်ငံမှပြန်လာသော တောင်ကိုးရီးယားနိုင်ငံသားသည် လွန်ခဲ့သောအပတ်မှစတင်၍ မျောက်ကျောက်ရောဂါလက္ခဏာများ စတင်ခံစားနေခဲ့ရပြီး တခြားသူများနှင့် မထိတွေ့မီ လေဆိပ်ရောက်သည်နှင့်တပြိုင်နက် အာဏာပိုင်များကို ဆက်သွယ်ခဲ့ခြင်းဖြစ်သည်။

စင်ကာပူကျန်းမာရေးဝန်ကြီးဌာနမှ အသက် ၄၂ အရွယ် ဗြိတိန်နိုင်ငံသား လေယာဥ◌်မောင်တစ်ဦးတွင်လည်း မျောက်ကျောက်ရောဂါ စတင်တွေ့ရှိကြောင်း ကြေညာခဲ့ပြီး ၎င်းနှင့် ထိတွေ့ခဲ့သူ ၁၂ ဦးကို ကွာရင်တိုင်း ၂၁ ရက်ထားရှိမည်ဟု ကြေညာခဲ့သည်။

Ref: Bangkok Post

အာဖဂန်နစ္စတန်၏ ငလျင်ကြောင့် သေဆုံးသူ ထောင်ချီရှိ

အာဖဂန်နစ္စတန်နိုင်ငံတွင် အင်အားပြင်ငလျင်တစ်ခု လှုပ်ခတ်မှုကြောင့် သေဆုံးသူ ၁၀၀၀ ကျော်အထိရှိလာခဲ့ပြီး သေဆုံးသူအရေအတွက် ဆက်လက်မြင့်တက်နိုင်ကြောင်း အာဏာပိုင်များက ကြေညာခဲ့သည်။

အင်အား ၆ဒသမ၁ ပြင်းအားရှိသော ငလျင်တစ်ခုသည် ဇွန်လ ၂၂ ရက် မနက် ၁ နာရီဝန်းကျင်တွင် လှုပ်ခတ်ခဲ့ခြင်းဖြစ်ပြီး အိမ်ခြေရာပေါင်းများစွာကို ပျက်စီးစေခဲ့သည်။

အိန္ဒိယနှင့် ပါကစ္စတန် နိုင်ငံတို့ပါ ခံစားခဲ့ရသော ဒီငလျင်သည် အာဖဂန်နစ္စတန်အတွက် ဆယ်စုနှစ် နှစ်ခုအတွင်း အပြင်းထန်ဆုံးဖြစ်ခဲ့ပြီး တာလီဘန်များအတွက်ပါ ကြီးမားသော ရင်ဆိုင်မှုတစ်ခုဖြစ်လာမည်ဖြစ်သည်။

Ref: BBC News

ရထားလမ်းအား ပိတ်ဆို့ထားမှုကြောင့် နောက်ဆက်တွဲများကြုံတွေ့ရမည်ဟု လစ်သူရေးနီးယားကို ရှရှားသတိပေး

ရှရှားပိုင် ကလင်နင်ဂတ်ဒေသ၏ ကုန်စည်ပို့ဆောင်နေသော ရထားလမ်းအား လစ်သူရေးနီးယားမှ ပိတ်ဆို့လိုက်သဖြင့် နောက်ဆက်တွဲပြဿနာများ ကြုံတွေ့ရမည်ဟု ရှရှားအာဏာပိုင်များက သတိပေးလိုက်သည်။

ယူကရိန်းကို ကျူးကျော်တိုက်ခိုက်မှုကြောင့် အီးယူမှချမှတ်ထားသော ဒဏ်ခတ်ပိတ်ဆို့အရေးယူမှုသာဖြစ်ကြောင်း လစ်သူရေးနီးယားမှ ပြန်လည်တုံ့ပြန်ခဲ့သည်။

ရှရှား၏ ကလင်နင်ဂတ်ဒေသသည် စစ်သင်္ဘောများ အခြေစိုက်ရာနေရာဖြစ်ပြီး ရှရှားကုန်းမြေနှင့် နယ်စပ်မရှိသောဒေသဖြစ်သည်။

Ref: BBC News

အိန္ဒိယတွင် ရေလွှမ်းမိုးမှုကြောင့် လူ ၅ သန်းနီးပါး ဒုက္ခရောက်ခဲ့

အိန္ဒိယ အရှေ့မြောက်ပိုင်း အာသံပြည်နယ်တွင် ဆိုးရွားသောရေလွှမ်းမိုးမှုကြောင့် အနည်းဆုံး လူ ၄၅ ဦးသေဆုံးခဲ့ပြီး လူပေါင်း ၄ ဒဿမ ၇ သန်း အိုးအိမ်စွန့်ခွာထွက်ပြေးကြရကြောင်း ဘီဘီစီသတင်းဌာနက ဖော်ပြထားသည်။

လွန်ခဲ့သောအပတ်ကနေစပြီး အိန္ဒိယအရှေ့မြောက်ပိုင်းတွင် မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် အာသံပြည်နယ်အတွင်းရှိ ခရိုင် ၃၂ ခု ရေဘေးသင့်ခဲ့ပြီး ရေဘေးဒုက္ခသည်စခန်း ၁၄၂၅ ခုဖွင့်လှစ်ထားခဲ့ရကြောင်း သိရသည်။

ယခုကဲ့သို့ ဆိုးဝါးစွာ ရေကြီးမှုသည် အာသံပြည်နယ်အတွက် ဒီနှစ်ထဲ ၂ ကြိမ်မြောက်ဖြစ်ပြီး မကြာသေးသော မေလအတွင်းတွင် ရေလွှမ်းမိုးမှုကြောင့် လူပေါင် ၃၉ ဦးအသက်ဆုံးရှုံးခဲ့ရသေးသည်။

Ref: BBC NEWS

ကျောင်းသား ၁၉ ဦးနှင့် ဆရာမ ၂ ဦးသေဆုံးခဲ့ရသော ရော့ဘ်မူလတန်းကျောင်းကို ဖြိုဖျက်မည်

တက္ကဆပ်ပြည်နယ်၊ယူဗယ်ဒီမြို့တွင် ပစ်ခတ်မှုဖြစ်ပွားပြီး ကျောင်းသား ၁၉ ဦးနှင့် ဆရာမ ၂ ဦး သေဆုံးခဲ့ရသော ရော့ဘ်မူလတန်းကျောင်းကို ဖြိုဖျက်ပစ်မည် ဖြစ်ကြောင်း ဇွန်လ ၂၁ ရက်နေ့တွင် မြို့တော်ဝန် ဒွန် မက်လာဂျ်လင်က ပြောခဲ့သည်။

အဆိုပါရော့ဘ်မူလတန်းကျောင်းကို လုံးဝဖြိုဖျက်ပြီး ကျောင်းသား/သူ ၆၀၀ နီးပါးအတွက် ကျောင်းအသစ်ဆောက်လုပ်မည်ဖြစ်ကြောင်း ၎င်းကဆိုသည်။

“ကျွန်တော် ကျောင်းခရိုင်ကြီးကြပ်ရေးမှူးနဲ့ ဆွေးနွေးခဲ့တာက ကျောင်းကို ဖြိုဖျက်ပစ်မယ်။ အဲဒီကျောင်းကို ကလေးတစ်ယောက် (ဒါမှမဟုတ်) ဆရာမတစ်ယောက်ကို ပြန်သွားဖို့ ဘယ်တော့မှ တောင်းဆိုလို့ရမှာမဟုတ်ဘူး”ဟု မြို့တော်ဝန်က ဆိုသည်။

သို့သော်မည်သည့်အချိန်တွင် ဖြိုဖျက်မည်ဆိုသည်ကိုမူ ပြောပြခဲ့ခြင်းမရှိသေးပေ။

Ref: The Guardian

သီရိလင်္ကာတွင် စီးပွားရေး ပြိုလဲပြီဟု ဝန်ကြီးချုပ်ပြော

သီရိလင်္ကာနိုင်ငံတွင် အကြွေးများနွံနစ်လာမှုနှင့်အတူ စီးပွားရေး လုံးဝ ပြိုလဲသွားပြီဖြစ်ကြောင်း ဝန်ကြီးချုပ် Ranil Wickremesinghe က ယနေ့ (ဇွန် ၂၂) ရက်နေ့တွင် ပြောကြားလိုက်သည်။

နိုင်ငံအတွင်းတွင် စက်သုံးဆီဝယ်ယူတင်သွင်းနိုင်ခြင်း မရှိတော့ဘဲ ဓါတ်ငွေ့၊ လျှပ်စစ်၊ အစားအစာနှင့် ကျန်းမာရေးဆိုင်ရာဆေးဝါးများ မလုံလောက်မှုပြဿနာကို လပေါင်းများစွာရင်ဆိုင်လာရပြီးနောက် ဝန်ကြီးချုပ်က ယခုလိုပြောကြားလိုက်ခြင်းဖြစ်သည်။

သီရိလင်္ကာနိုင်ငံ၏ Ceylon Petroleum Corporation မှ ဒေါ်လာ သန်း ၇၀၀ အထိအကြွေးတင်လျက်ရှိသဖြင့် အခြားမည်သည့်နိုင်ငံမှ စက်သုံးဆီကို ထောက်ပံ့ပေးရန်ဆန္ဒမရှိကြကြောင်း ငွေပေး၍ ဝယ်ယူမည်ဆိုလျှင်လည်း ရောင်းချရန် စိတ်မရှိကြကြောင်း ဝန်ကြီးချုပ်ကဆိုသည်။

Ref: AP News