ရေဖြူပြည်သူ့ကာကွယ်ရေးတပ်က မူးယစ်အဖွဲ့ကို ဝင်ဖမ်း

0
344

ရေဖြူမြို့နယ် ၊ပုဂေါဇွန်းရွာနဲ့ မင်းဒပ်ရွာကြားရှိ မူးယစ်ဂိုဏ်းတစ်ခုကို ဇွန်လ ၂၃ ရက်ညနေ သုံးနာရီခန့်က ရေဖြူမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ က ဝင်ရောက်စီးနင်းခဲ့သည်ဟု ယင်းအဖွဲ့၏ထုတ်ပြန်ချက်အရ သိရသည်။

အဆိုပါ မူးယစ်ဂိုဏ်းကိုဝင်ရောက်စီးနင်းခဲ့ရာ WY စိတ်ကြွဆေးပြား ၁၂၀၀ ၊ရေခဲ(ခေါ်) ICE ဆယ့်ခြောက်တောင့်နှင့် အထုတ်သုံးထုတ်အပါဝင် ဟန်းဖုန်းခုနှစ်လုံး၊ ပုဆိန်နှစ်လက်နှင့် ငွေသား ၉၅၂၉၀၀ ကျပ်တို့ကို သိမ်းဆည်းရမိခဲ့ကြောင်း အဆိုပါထုတ်ပြန်ချက်တွင် ရေးသားဖော်ပြထားသည်။

မူးယစ်ဆေးသုံးစွဲကြသူအများစုမှာ လူငယ်များဖြစ်ပြီး ယခင်အာဏာမသိမ်းခင်ကထက် ယခုအာဏာသိမ်းပြီးနောက်ပိုင်း အတင်းရဲလာကြသည်ဟု အမည်မဖော်လိုသူ ဒေသခံတစ်ဦးကပြောသည်။

“လူမရှိတဲ့အိမ်တွေမှာ စုဖွဲ့ကြတာများတယ်။ မူးယစ်ကြောင့်ဖမ်းဆီးခံရဖူးပြီး ပြန်လွတ်လာတဲ့သူတွေက အရင်ထက်ပိုပြီး ရဲရဲတင်းတင်းလုပ်လာကြတယ်”ဟု ၎င်းကပြောသည်။

တနင်္သာရီတိုင်းတွင် မူးယစ်ဆေးသုံးသူများ ပိုမိုများပြားလာပြီး ပေါ်ပေါ်တင်တင် သုံးစွဲလာကာ ဒေသခံပြည်သူများကို နှောင့်ယှက်မှုများပါ လုပ်ဆောင်လာကြကြောင်း ဒေသခံများကဆိုသည်။

အဆိုပါမူးယစ်ဆေး ဖမ်းဆီးမှုကို ရေဖြူမြို့နယ် ပြည်သူကာကွယ်ရေးတပ်ဖွဲ့ (ပကဖ-ရေဖြူ) ဇင်ယော်တပ်စု ရဲဘော်များက ဝင်ရောက် ဖမ်းဆီးခြင်းဖြစ်ကြောင်း ထုတ်ပြန်ထားသည်။

သိမ်းဆီးရမိသော မူးယစ်ဆေးများကို မီးရှို့ဖျက်ဆီးခဲ့ပြီး ငွေသားများကိုမူ တော်လှန်ရေးအတွက် အသုံးပြုမည်ဟု ယင်းအဖွဲ့၏ထုတ်ပြန်ချက်တွင် ရေးသားဖော်ပြထားသည်။

ပြီးခဲ့သည့်ဇွန်လ နှင့် မေလ အတွင်းကလည်း ‌လောင်းလုံးမြို့နယ်တွင် မူယစ်ဆေးသုံးစွဲသူနှင့် ရောင်းချသူများကို PDF အဖွဲ့များက ဝင်ရောက်စီးနင်းဖမ်းဆီး ရှင်းလင်းမှု ပြုလုပ်ခဲ့သည်ဟု‌ လောင်းလုံးမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့(ပကဖ-လောင်းလုံး)Launglone People Defence Force (LLPDF)အဖွဲ့က ထုတ်ပြန်ထားသည်။