သောက်ရေသန့် ဈေးထပ်တက်

0
495

မြိတ်မြို့တွင် ၂၀ လီတာဆံ့ သောက်ရေသန့်ဗူးကြီး တစ်ဗူးလျှင် ဇွန်လ ၂၁ ရက်နေ့မှစပြီး ၉၀၀ ကျပ်အထိ ဈေးမြင့်တက်သွားကြောင်း သောက်ရေသန့်လုပ်ငန်းများနှင့် သုံးစွဲသူ ပြည်သူများထံမှ သိရသည်။

သောက်ရေသန့်ဗူးကြီးတစ်ဗူးလျှင် ယခင်က ၅၀၀ ကျပ်သာပေးရပြီး စက်သုံးဆီဈေး မြင့်တက်လာသည် ဟုဆိုကာ မတ်လတွင် တစ်ဗူးလျှင် ၇၀၀ ကျပ်အထိ ဈေးတက်လာခဲ့ကာ ယခုတွင် ၉၀၀ ကျပ်အထိ ဈေးတက်လာခြင်း ဖြစ်သည်။

သောက်ရေသန့် ဈေးတက်သွားသဖြင့် သောက်ရေသန့်ကို လျှော့သုံးလာကြပြီး ရပ်ကွက်အတွင်း ရေသယ်ယာဉ်ဖြင့် ရောင်းနေသည့် မြိတ်တောင်ရပ်က အဝီစိရေကိုလည်း အစားထိုး အသုံးပြုလာကြကြောင်း မြိတ်မြို့ခံအချို့ကို မေးမြန်းချက်အရ သိရသည်။

“မြိတ်တောင်ရေတစ်‌ဗူးက တစ်ရာပဲပေးရတာ” ဟု ဇေယျာသီရိ ၄ ရပ်ကွက်နေ အသက် ၅၀ နှစ်ကျော်ရှိ အမျိုးသမီး တစ်ဦးက ပြောသည်။

မြိတ်မြို့တွင် Azure ၊ News Water၊ Myeik City၊ ကျောက်စူး စသည့် ရေသန့်စက်ရုံ ၁၀ ရုံခန့်ရှိကြကြောင်း ယင်းလုပ်ငန်း အသိုင်းအဝိုင်းထံမှ သိရသည်။

ယင်းရေသန့်စက်ရုံတို့က မော်တော်ယာဉ်တို့ဖြင့် ရပ်ကွက်အတွင်း အိမ်တိုင်ရောက်စနစ်ဖြင့် လှည့်လည်ရောင်းချ လေ့ရှိကြသည်။

စက်သုံးဆီဈေးတက်သဖြင့် သောက်ရေသန့် ဈေးတင်ရခြင်းဖြစ်ကြောင်း မြိတ်အခြေစိုက် သောက်ရေသန့် စက်ရုံတစ်ခုမှ တာဝန်ရှိသူတစ်ဦးက ပြောသည်။

“ဆီဈေးတွေ တက်နေလို့ပါ။ ဈေးကျရင်တော့ ပြန်ချပေးဖို့ ရှိပါတယ်” ဟု ၎င်းက ပြောဆိုသည်။

 မြိတ်စက်သုံးဆီဈေးကွက်တွင် ဒီဇယ်ဆီတစ်ပီပါလျှင် ကျပ်ခြောက်သိန်းနီးပါးဈေးရှိနေကြောင်း သိရသည်။