မြန်မာ ၁၆ဦး ထိုင်းကျွန်းပေါ်တွင် သုံးရက်ကြာ စွန့်ပစ်ခံရ

0
405

ထိုင်းနိုင်ငံတောင်ပိုင်း လူမနေသောကျွန်းပေါ်တွင် သုံးရက်ကြာ စွန့်ပစ်ခံထားရသော မြန်မာ ၁၆ ဦးကို ယနေ့ (ဇွန် ၂၂) တွင် ကယ်ဆယ်နိုင်ခဲ့ကြောင်း ထိုင်းတပ်မတော်က ထုတ်ပြန်လိုက်သည်။

ထိုင်းနိုင်ငံ ရနောင်းခရိုင်အတွင်းရှိ လူသူမရှိသော ကော့ကမ်းနူကျွန်းတွင် မြန်မာများသည် အစာနှင့် ရေမရရှိဘဲ သုံးရက်ကြာ စွန့်ပစ်ခံထားရခြင်းဖြစ်ကြောင်း ထုတ်ပြန်ထားသည်။

မြန်မာ ၁၆ဦးအနက် အမျိုးသား ၉ ဦး၊ အမျိုးသမီး ၇ ဦးတို့ပါဝင်ပြီး ၎င်းတို့သည် မြန်မာနိုင်ငံ တောင်ပိုင်း ကော့သောင်းမြို့မှ တစ်ဆင့် လှေဖြင့်လာကာ ထိုင်းရေပိုင်နက်အတွင်းသို့ ဖြတ်ဝင်လာခြင်းဖြစ်ကြောင်း ထုတ်ပြန်ထားသည်။

ထို့နောက် ထိုင်းလှေမောင်းသမားက နောက်တစ်နေရာသို့ သွားရန်အတွက် လှေတစ်စီးကိုစောင့်နေရန် ပြော၍ ထွက်သွားကာ လူမရှိသောကျွန်းပေါ်တွင် ထားခဲ့သည်ဟု ဖော်ပြသည်။

သို့သော်လည်း နောက်ထပ်လှေတစ်စီးသည် ထပ်မံရောက်ရှိလာခဲ့ခြင်း မရှိသဖြင့် မြန်မာများသည် အစာရေစာမရှိဘဲ ၃ ရက်နှင့် ၂ ညကြာသည်အထိ စွန့်ပစ်ခံထားရခြင်းဖြစ်ကြောင်း ဖော်ပြထားသည်။

မြန်မာများကို မေးမြန်းချက်အရ ၎င်းတို့သည် ထိုင်းတောင်ပိုင်းသို့ သွားရန်ရည်ရွယ်ထားပြီး ထိုမှတစ်ဆင့် မလေးရှားနိုင်ငံတွင် အလုပ်ရရန် မျှော်လင့်ထားခြင်းဖြစ်ကြောင်း ထုတ်ပြန်ချက်တွင် ပါရှိသည်။  

ယင်းသို့သွားလာရန်အတွက် ဘတ် ၃၀၀၀၀ (ကျပ် ၁၇ သိန်းကျော်) အထိ ကုန်ကျမည်ဖြစ်ပြီး မလေးရှားသို့ ရောက်မှသာ ပေးချေရန် သဘောတူထားကြောင်း ၎င်းတို့က ဆိုသည်။

၎င်းတို့ကို အစားအစာနှင့် ရေများ ပံ့ပိုးပေးပြီးနောက် ကျွန်းမှ ခေါ်ဆောင်လာခဲ့ပြီး မည်သို့ ဆက်လက် လုပ်ဆောင် သွားမည်ကို လတ်တလော ပြောကြားထားခြင်း မရှိသေးကြောင်း ထိုင်းသတင်းများတွင် ဖော်ပြသည်။

လွန်ခဲ့သောပတ်က မြန်မာ ၃၀ ဦးကို ယင်းနယ်မြေအတွင်း သယ်ယူပို့ဆောင်ပေးမှုကြောင့် ထိုင်းနိုင်ငံသား ၃ ဦးကို လူကုန်ကူးမှုသံသယဖြင့် ဖမ်းဆီးခဲ့ပြီးနောက်ပိုင်းတွင် ယခုဖြစ်ရပ် နောက်ထပ်ကြုံတွေ့ခဲ့ရခြင်းဖြစ်ကြောင်း ထိုင်းအာဏာပိုင်များက ပြောဆိုသည်။

မြန်မာနိုင်ငံ၏ နိုင်ငံရေးမတည်ငြိမ်မှုများကြောင့် ဒုက္ခသည်များစွာသည် ထိုင်းအပါအဝင် အိမ်နီးချင်းနိုင်ငံများသို့ စွန့်စားထွက်ပြေးကြရာတွင် ထိုင်းအာဏာပိုင်များက ဖမ်းဆီးရမိလျှင် တရားမဝင် ရွှေ့ပြောင်းအလုပ်သမားအဖြစ် ထင်မြင်ယူဆကြကြောင်း The Thaiger က ရေးသားဖော်ပြထားသည်။

Ref: The Thaiger, Khaosod