စီးပွားရေး ပြိုလဲပြီဟု သီရိလင်္ကာဝန်ကြီးချုပ်ပြော

0
292
သီရိလင်္ကာနိုင်ငံ

သီရိလင်္ကာနိုင်ငံတွင် အကြွေးနွံနစ်လာမှုနှင့်အတူ စီးပွားရေး လုံးဝပြိုလဲသွားပြီဖြစ်ကြောင်း ဝန်ကြီးချုပ် Ranil Wickremesinghe က ယနေ့ (ဇွန် ၂၂) ပြောကြားလိုက်သည်။

နိုင်ငံအတွင်းတွင် စက်သုံးဆီဝယ်ယူတင်သွင်းနိုင်ခြင်း မရှိတော့ဘဲ ဓါတ်ငွေ့၊ လျှပ်စစ်၊ အစားအစာနှင့် ကျန်းမာရေးဆိုင်ရာ ဆေးဝါးများ မလုံလောက်မှုပြဿနာကို လပေါင်းများစွာ ရင်ဆိုင်လာရပြီးနောက် ဝန်ကြီးချုပ်က ယခုလိုပြောကြားလိုက်ခြင်း ဖြစ်သည်။

ဘဏ္ဍာရေးဆိုင်ရာဝန်ကြီးအဖြစ်လည်း တာဝန်ယူထားသည့် ဝန်ကြီးချုပ်သည် “တကယ်ပြင်းထန်တဲ့ အခြေအနေမျိုးနှင့် ရင်ဆိုင်နေရပြီ ကျွန်တော်တို့နိုင်ငံဟာ အောက်ဆုံးအခြေအနေအထိ ကျဆင်းသွားနိုင်တဲ့ အခြေအနေတွေကို မြင်တွေ့နေရပြီ”ဟု သတိပေးပြောကြားလိုက်ခြင်းဖြစ်သည်။

ယခုအချိန်တွင် သီရိလင်္ကာနိုင်ငံ၏ Ceylon Petroleum Corporation မှာ ဒေါ်လာ သန်း ၇၀၀ အထိအကြွေးတင်လျက်ရှိသည်။

ထို့ကြောင့် သီရိလင်္ကာနိုင်ငံသို့ အခြားမည်သည့်နိုင်ငံမှ စက်သုံးဆီကို ထောက်ပံ့ပေးရန်ဆန္ဒမရှိကြကြောင်း ငွေဖြင့်ဝယ်မည်ဆိုလျှင်ပင် ရောင်းချရန်စိတ်ဆန္ဒမရှိကြကြောင်း ဝန်ကြီးချုပ်ကဆိုသည်။

အစိုးရအနေဖြင့် ငွေကြေးပြဿနာကို ဖြေရှင်းရန်အတွက် တရုတ်၊ အိန္ဒိယ၊ ဂျပန်၊ အမေရိကန် တို့တွင် အကူအညီတောင်းထားကြောင်း ဝန်ကြီးချုပ်က အတည်ပြုပြောကြားသည်။

သီရိလင်္ကာနိုင်ငံသည် လောင်စာဆီမလုံလောက်မှုကြောင့် အများပြည်သူသယ်ယူပို့ဆောင်ရေး လုပ်ငန်းများ ရပ်တန့်ထားရပြီး စာသင်ကျောင်းများ၊ ရုံးဌာနများကို ၂ ပတ်ကြာပိတ်လိုက်ရသည်။

သီရီလင်္ကာမှာ ၁၉၄၈ ခုနှစ်ဗြိတိသျှလက်အောက်မှ လွတ်ပြီးနောက်ပိုင်း အဆိုးဆုံး စီးပွါးပျက် အကျပ်အတည်းနှင့် ကြုံတွေ့နေရခြင်းဖြစ်သည်။

Ref: AP, INDEPENDENT