ပုလောတွင် လက်ဖက်ရည်ဆိုင်ထိုင်နေသည့် အမျိုးသားနှစ်ဦး ပစ်ခတ်ခံရပြီး တစ်ဦးသေဆုံး

0
373

မြိတ်ခရိုင်၊ ပုလောမြို့နယ်၊ မကျည်းကုန်းကျေးရွာတွင် အမျိုးသားနှစ်ဦး သေနတ်ဖြင့် ပစ်ခတ်ခံရပြီး တစ်ဦး ပွဲချင်းပြီးသေဆုံးကာ တစ်ဦး ဒဏ်ရာပြင်းထန်ကြောင်း ဒေသခံများထံမှ သိရသည်။

ဇွန်လ ၂၁ ရက် နံနက်က မကျည်းကုန်းကျေးရွာထိပ်ရှိ လက်ဖက်ရည်ဆိုင်တွင်ထိုင်နေသည့် အမျိုးသားနှစ်ဦး သေနတ်ဖြင့် ပစ်ခတ်ခံရခြင်းဖြစ်ကြောင်း ဒေသခံများထံမှ သိရသည်။

ပစ်ခတ်ခံရသဖြင့် အသက် ၆၀ ဝန်းကျင်ရှိ ဦးမောင်စိုးဆိုသူ ယင်းနေရာတွင် ပွဲချင်းပြီးသေဆုံးကာ ၎င်းနှင့်အတူ ထိုင်နေသည့် ဦးဆန်းဦးဆိုသူတွင် ပေါင်နှစ်ဖက်နှင့် ဝမ်းဗိုက်တို့တွင် ဒဏ်ရာရရှိခဲ့သဖြင့် မြိတ်ဆေးရုံတွင် တက်ရောက် ကုသနေရကြောင်း ဒေသခံများက ပြောသည်။

“(လက်ဖက်ရည်ဆိုင်ရှေ့) ဘုရားတောင်ပေါ်ကနေ ချောင်းပြီး အပစ်ခံရတာ။ နဖူးဖောက် ထိသွားတယ်” ဟု ဒေသခံအမျိုးသားက ပြောသည်။

သေဆုံးသူသည် ရွာတွင်ဥယျာဉ်ခြံလုပ်ကိုင်သူဖြစ်ပြီး အေးအေးဆေးဆေး နေတတ်သူဖြစ်ကာ ဒဏ်ရာရရှိသည့်သူမှာ ပုလောမြို့နေထိုင်သည့် ကျောက်မိုင်းပိုင်ရှင် စီးပွားရေးလုပ်ငန်းရှင်ဖြစ်ကြောင်း ဒေသခံများက ပြောပြသည်။

“စီးပွားရေးကိစ္စနှင့်ပတ်သက်ပြီး လာလုပ်ကြံတယ်လို့ ဒီလိုပဲ ခန့်မှန်းနေကြတယ်” ဟု ဒေသခံအမျိုးသား နောက်တစ်ဦးက ပြောသည်။

သို့သော် ၎င်းတို့နှစ်ဦးကို မည်သည့်အဖွဲ့က မည်သည့်အကြောင်းအရင်းကြောင့် ပစ်ခတ်ခဲ့သည်ကိုမူ အတည်ပြုနိုင်ခြင်း မရှိသေးပေ။