လောင်းလုံး ဝဗျောရွာတွင် အမျိုးသမီးတစ်ဦး ပစ်သတ်ခံရ

0
433

လောင်းလုံးမြို့နယ်၊ ဝဗျောရွာတွင် ဇွန်လ ၂၁ ရက်နေ့ညက အသက် ၄၀ ကျော်အရွယ်ရှိ အမျိုးသမီးတစ်ဦး ပစ်သတ်ခံရပြီးနောက် အလောင်းစွန့်ပစ်ခံရကြောင်း ဒေသခံများ၏ ပြောကြားချက်အရသိရသည်။

ယင်းနေ့ည ၁၀ နာရီခန့်က အရပ်ဝတ်လက်နက်ကိုင်များ ကားသုံးစီးခန့်ဖြင့် ဝင်ရောက်လာပြီး သေနတ်ပစ်ဖောက်၍ နေအိမ်လေးဆောင်ခန့်ကို ဝင်ဝိုင်းရာမှ ဒေါ်မိချို (ခေါ်) မယ်ချိုဆိုသူအမျိုးသမီးကို ဖမ်းခေါ်သွားကြောင်း ဒေသခံတစ်ဦးက ပြောသည်။

ယင်းနောက် သုံးနာရီခန့်အကြာတွင် ဒေါ်မိချို၏ အလောင်းကို နေအိမ်ရှေ့၌ လာရောက်စွန့်ပစ်ခဲ့ကြောင်း ၎င်းက ဆိုသည်။

“ပစ်သတ်ပြီး အလောင်းပြန်လာထားခဲ့တယ်” ဟု အထက်ပါဒေသခံက ပြောဆိုသည်။

လက်တွင် ပြတ်ရှဒဏ်ရာများတွေ့ရပြီး နဖူးတွင်လည်း ဖူးရောင်ဒဏ်ရာများ တွေ့ရကြောင်း ဒေသခံများက ပြောသည်။

သေဆုံးသူ ဒေါ်မိချိုဆိုသူမှာ ရွာဈေးတွင် ဟင်းသီးဟင်းရွက် ရောင်းချသူဖြစ်ပြီး အေးဆေးနေတတ်သူဖြစ်ကြောင်း ၎င်းနှင့်ရင်းနှီးသည့် ဒေသခံတစ်ဦးက ပြောသည်။

ကျန်းမာရေးမကောင်းသဖြင့် ပစ်ခတ်မခံရခင် တစ်ရက်ကမှ ဆေးရုံမှဆင်းလာသူလည်းဖြစ်ကြောင်း ၎င်းက ဆိုသည်။

“သူက အေးဆေးနေတတ်သူ။ ဘာကြောင့်သတ်သွားမှန်းကို စဉ်းစားလို့ မရဘူး။ နိုင်ငံရေးနဲ့လည်း ပတ်သက်သူလည်း မဟုတ်တော့” ဟု ဒေသခံတစ်ဦးက ပြောဆိုသည်။

အဆိုပါလက်နက်ကိုင်အုပ်စုသည် NLD အစိုးရလက်ထက်တွင် ကျေးရွာအုပ်ချုပ်ရေးမှူး တာဝန်ယူခဲ့သူ ဦးကြည်စိုး နေအိမ်၊ CDM ဆရာမတစ်ဦး၏ နေအိမ်နှင့် နောက်ထပ်ဒေသခံတစ်ဦးတို့၏ နေအိမ်တို့ကိုလည်း ဝင်ရောက်ရှာဖွေ ခဲ့သေးကြောင်း ဒေသခံများ၏ ပြောကြားချက်အရသိရသည်။

အထက်ပါ ပစ်ခတ်သတ်ဖြတ်မှု၊ နေအိမ်များကို ဝင်ရောက်ရှာဖွေမှုတို့ကို ပျူစောထီးအဖွဲ့က လုပ်ဆောင်းခြင်း ဖြစ်သည်ဟု ဒေသခံများက ပြောဆိုကြပြီး Dawei Watch အနေဖြင့်မူ သီးခြားအတည်ပြုနိုင်ခြင်း မရှိသေးပေ။

ဒေါ်မိချို၏ ရုပ်အလောင်းကို ယနေ့ (ဇွန် ၂၂) မွန်းလွဲပိုင်းတွင် မီးသင်္ဂြိုဟ်မည်ဟု သိရကြောင်း ဒေသခံများထံမှ သိရသည်။