တနင်္သာရီတိုင်းတွင် မိုးဆက်နည်းမည်၊ လယ်သမားများ မိုးမျှော်

0
537

ဇွန်လနောက်ဆုံးပတ်တွင်လည်း တနင်္သာရီတိုင်းတွင် မိုးရွာသွန်းမူ ဆက်လက်နည်းပါနိုင်ကြောင်း မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာနက ယနေ့ (ဇွန် ၂၁) ထုတ်ပြန်လိုက်သည်။

ဇွန်လ ၂၁ ရက်မှ ၃၀ ရက်အတွင်း တနင်္သာရီတိုင်းတွင် မိုးသွန်းမည့်အ‌ခြေအနေမှာ ပုံမှန်မိုးရွာသွန်းနေသည်ထက် လျော့နည်းနိုင်ကြောင်း မိုးဇလက ခန့်မှန်းထားသည်။

ကပ္ပလီပင်လယ်နှင့် ဘင်္ဂလာပင်အော်တို့တွင် အနောက်တောင်မုတ်သုတ်လေ အားနည်းလျှက်ရှိခြင်းကြောင့် ယင်းကဲ့သို့ မိုးနည်းနိုင်ခြေခြင်းဖြစ်သည်ဟုဆိုသည်။

ဇွန်လ ဒုတိယအပတ်ကလည်း တနင်္သာရီတိုင်းအတွင်း မိုးရွာသွန်းမှု နည်းပါးသဖြင့် လယ်သမားများ အခက်တွေ့လျှက် ရှိသည်။

အချို့လယ်သမားများမှာ လယ်ထွန်ယက်ပြီး မျိုးစပါးကြဲပြီးနေချိန် မိုးမရှိသဖြင့် ပျိုးပင်ပေါက်များ ကြွက်ဖျက်ဆီးခြင်းကို ခံရကြောင်း ပြောဆိုကြသည်။

“အခုလယ်ကွင်းတွေ မြေကမာပြီးတော့ ဘောလုံးကန်လို့တောင် ရနေတယ်။ တချို့ဆို လယ်ထွန်ပြီးလို့ ပျိုးကြဲတော့မယ့် အချိန်မှ မိုးက ရုတ်တရက် မရွာတော့ဘူးဆိုတော့ ‌အစကနေ လယ်ပြန်ထွန်ရမလို ဖြစ်နေကြတယ်” ဟု လောင်းလုံးမြို့နယ် ‌ကဒက်ကြီးကျေးရွာက လယ်သမားတစ်ဦးက ဆိုသည်။

ယခုနှစ်သည် ဓာတ်မြေဩဇာ၊ စက်သုံးဆီဈေး စသည်ဖြင့် လယ်ယာ သွင်းအားစုဈေးနှုန်းများ အဆမတန် စံချိန်တင် မြင့်တက်လျှက်ရှိသည်။

ယင်းကဲ့သို့ သွင်းအားစုဈေးနှုန်းများ အဆမတန်မြင့်တက်ခြင်းကြောင့် လယ်သမားအချို့ လယ်ယာလုပ်ငန်းကို ရပ်နားထားကြသည်။

“အခုလည်း မိုးမရလို့ နောက်တစ်ကြိမ်အစကနေပြီး လယ်ပြန်ထွန်မှ ရမယ်ဆို မထွန်တော့ဘူး။ မလုပ်တော့ဘူးဆိုပြီး ညည်းနေတဲ့သူတွေလည်းရှိတယ်” ဟု ထားဝယ်မြို့ အိမ်ရှေ့ပြင်ရပ်မှ လယ်သမားတစ်ဦးက ဆိုသည်။

ယင်းအတွက်ကြောင့် အချိန်မီထွန်ယက်စိုက်ပျိုးနိုင်ရေး လယ်သမားများ မိုးမျှော်လျှက်ရှိသည်။

၂၀၁၉ ခုနှစ် တနင်္သာရီတိုင်း စိုက်ပျိုးရေးဦးစီးဌာန၏ စာရင်းအရ တိုင်းအတွင်း စိုက်ပျိုးလယ်ဧက တစ်သိန်း ငါးသောင်းကျော် (၁၅၈၅၆၈) ရှိသည်။