ပြင်သစ်အောက်လွှတ်တော်ရွေးကောက်ပွဲတွင် လက်ဝဲစွန်း၊ လက်ယာစွန်း အင်အားစုများ နေရာပိုရလာ

0
596

သမ္မတအဖြစ် ပြန်လည်ရွေးကောက်ခံရပြီးနောက် ၂ လခန့်အကြာတွင် သမ္မတမက်ခရွန်၏ အင်အားစုသည် အောက်လွှတ်တော်ရွေးကောက်ပွဲ ရလဒ်အရ ထိန်းချုပ်ထားနိုင်မှုများ ဆုံးရှူံးရပြီး လက်ဝဲမဟာမိတ်များ နှင့် လက်ယာစွန်း နိုင်ငံရေး သမားများ သိသိသာသာ အင်အားရရှိလာကြောင်း BBC သတင်းက ဖော်ပြထားသည်။

ပြင်သစ်သမ္မတသည် မဲဆန္ဒရှင်များကို ၎င်း၏ မဟာမိတ်အင်အားစုအား ဆက်လက်ထိန်းချုပ်ခွင့်အတွက် ခိုင်မာသော အများစုမဲပေးကြပါရန် တောင်းဆိုခဲ့သေးသည်။

သို့သော် သမ္မတမက်ခရွန်၏ အလယ်အလတ် ညွန့်ပေါင်းအဖွဲ့သည် ရွေးကောက်ပွဲတွင် ဒါဇင်များစွာသော မဲဆန္ဒနယ်များ၌ ရှူံးခဲ့ပြီး ပြင်သစ်နိုင်ငံရေး အင်အားစုများလည်း အစိတ်စိတ်အမွှာမွှာ ဖြစ်သွားခဲ့သည်။

ခေတ်သစ်ပြင်သစ် အောက်လွှတ်တော်တွင် ယခုကဲ့သို့ အနေအထား မဖြစ်ခဲ့ဖူးကြောင်း ဝန်ကြီးချုပ် အဲလိဇဘတ်ဘော်နီ က သမ္မတနန်းတော် အစည်းအဝေး အပြီးတွင် ပြောကြားခဲ့သည်။

“ယခုအခြေအနေဟာ တိုင်းပြည်အတွက် အန္တရာယ်ရှိပါတယ်။ ပြည်တွင်းရေး ရော ပြည်ပရေးရာ အတွက်ပါဖြစ်ပါတယ်။ အလုပ်လုပ်လို့ရတဲ့ စုဖွဲ့မှုတစ်ရပ်ဖြစ်စေဖို့အတွက် ဆက်လက်ဖွဲ့စည်းသွားပါမယ်” ဟု ၎င်းက ပြောကြားခဲ့သည်။

လက်ဝဲမဟာမိတ်များရော၊ လက်ယာစွန်း အင်အားစုများကပါ ပူးပေါင်းဆောင်ရွက်ရေး ကိစ္စများတွင် စိတ်ဝင်စားသည့်ဟန် မတွေ့ကြောင်း၊ ပြင်သစ်သည် လက်ရှိအနေအထား၌ အစိုးရလုပ်ငန်းများ ဆောင်ရွက်နိုင်ရန် အဆင်မပြေသေးသဖြင့် စဉ်းစားရန်များ ရှိသေးကြောင်း စီးပွါးရေးဝန်ကြီး ဘရူနို လီ မာရီ က ပြောကြားသည်။

စုစုပေါင်း မဲဆန္ဒနေရာ ၁၃၁ ခု နိုင်ခဲ့သော ပြင်သစ်လက်ဝဲမဟာမိတ်များအင်အားစု ခေါင်းဆောင် Jean-Luc Mélenchon က ဖြစ်နိုင်ချေများအားလုံး ၎င်းတို့ လက်ဝယ်သို့ ရအောင် စွမ်းဆောင်နိုင်ခဲ့သည်ဟု ပြောကြားခဲ့သည်။ ထို့အတူ လက်ယာစွန်းမျိုးချစ်များကလည်း ၈၉ နေရာအထိ ရ လာခဲ့သည်။