မလေးရှား‌သို့ တရားမဝင် ဝင်ရောက်သည့် မြန်မာလုပ်သား ၄၇ ဦး အဖမ်းခံရ

0
627

မလေးရှားနိုင်ငံအတွင်းသို့ တရားမဝင် ဝင်ရောက်လာသော မြန်မာအလုပ်သမား ၄၇ ဦးကို ဇွန်လ ၁၈ ရက်နေ့တွင် ထိုင်း-မလေးရှားနယ်စပ်ရှိ ရော်ဘာတောထဲ၌ ဖမ်းဆီးရမိကြောင်း မလေးရှားအာဏာပိုင်များက ထုတ်ပြန်သည်။

ထိုင်း-မလေးရှားနယ်စပ် Bukit Kayu Hitam မြို့ ရော်ဘာတောထဲရှိ စိုက်ပျိုးရေးခြံလမ်းတွင် လူတစ်စု ပုန်းခိုနေ သည်ဟု သတင်းပေးတိုင်ကြားမှုကြောင့် အာဏာပိုင်များက သွားရောက်ဖမ်းဆီးခဲ့ရာ မြန်မာအလုပ်သမားများကို ဖမ်းမိခြင်းဖြစ်သည်။

၎င်းတို့သည် ထိုင်းနိုင်ငံမှတစ်ဆင့် မလေးရှားနိုင်ငံသို့ ဝင်ရောက်လာသူများဖြစ်သည်ဟု ဆိုသည်။

ဖမ်းဆီးခံရသော မြန်မာအလုပ်သမားများသည် အသက် ၁၅ နှစ်မှ ၄၉ နှစ်အထိရှိသူများဖြစ်ပြီး အမျိုးသား ၄၀ ဦး၊ အမျိုးသမီး ၇ ဦးတို့ ပါဝင်ကြောင်း မလေးရှားအာဏာပိုင်းများက ထုတ်ပြန်ထားသည်။

မြန်မာအလုပ်သမားများတွင် တရားဝင် ခရီးသွားအထောက်အထား တစ်စုံတစ်ရာ မပါရှိဘဲ ၎င်းတို့သည် အန္တရာယ်များသော နယ်စပ်ခြံစည်းရိုးမှတစ်ဆင့် မလေးရှားနိုင်ငံအတွင်းသို့ ဝင်ရောက်လာခြင်းဖြစ်ကြောင်း အာဏာပိုင်များက ဆိုသည်။

အဆိုပါ မြန်မာအလုပ်သမားများကို Bukit Kayu Hitam ရဲစခန်းကို လွှဲပြောင်းပေးခဲ့ပြီး ဆက်လက် အရေးယူ ဆောင်ရွက်လျက်ရှိသည်ဟုဆိုသည်။

မြန်မာအလုပ်သမားများသည် မလေးရှားတွင် အလုပ်လုပ်ကိုင်နိုင်ရန်အတွက် ထိုင်းမှတစ်ဆင့် မလေးရှားနိုင်ငံသို့ တရားမဝင် နယ်စပ်ဖြတ်ကျော် ဝင်ရောက်လျက်ရှိရာ ဖမ်းဆီးခံရမှုများ မကြာခဏရှိနေသည်။

Ref: Berita Harian BH Online