ယခုလအတွင်း ထိုင်းက ပြန်လွှဲပေးသည့် မြန်မာလုပ်သား ၃၀၀ ဦးကျော်ရှိ

0
239

ထိုင်းနိုင်ငံ ရနောင်းမြို့မှ ကော့သောင်းဘက်သို့ ဇွန်လ ၈ ရက်နေ့မှ ၁၇ ရက်နေ့အထိ ပြန်လည်လွှဲပြောင်းပေးသည့် မြန်မာရွှေ့ပြောင်းအလုပ်သမား ၃၀၀ ကျော် ရှိလာနေပြီဖြစ်ကြောင်း ဘန်‌ကောက်အခြေစိုက် မြန်မာအလုပ်သမား သံအရာရှိရုံးက ထုတ်ပြန်ထားသည်။

ဇွန်လ ၈ ရက်နေ့က မြန်မာရွှေ့‌‌ပြောင်းအလုပ်သမား အမျိုးသား ၉၆ ဦးနှင့် အမျိုးသမီး ၇၃ ဦး စုစုပေါင်း ၁၆၉ ဦးတို့အား လွှဲပြောင်းပေးခဲ့ကြောင်း ယင်းရုံးထံမှ သိရသည်။

ယင်းနောက် ဇွန်လ ၁၇ ရက်နေ့တွင် မြန်မာရွှေ့‌‌ပြောင်းအလုပ်သမား အမျိုးသား ၉၈ ဦးနှင့် အမျိုးသမီး ၅၇ ဦး စုစုပေါင်း ၁၅၅ ဦးတို့အား ထပ်မံလွှဲပြောင်းပေးကြောင်း သံအရာရှိရုံးက သတင်းထုတ်ပြန်ထားသည်။

ထို့ကြောင့် ယခုလအတွင်း ပြန်လည်လွှဲပြောင်းပေးသည့် မြန်မာအလုပ်သမား ၃‌၂၄ ဦးအထိ ရှိလာခဲ့ခြင်းဖြစ်သည်။

အဆိုပါ မြန်မာရွှေ့ပြောင်းအလုပ်သမားတို့သည် ထိုင်းနိုင်ငံတောင်ပိုင်းတွင် အကြောင်းအမျိုးမျိုးကြောင့် ပြစ်ဒဏ်ကျခံခဲ့ရရာမှ လွတ်မြောက်လာပြီးနောက် ရနောင်းမြို့ရှိ လူဝင်မူကြီးကြပ်ရေး ထိန်းသိမ်းရေးစခန်းမှတစ်ဆင့် ကော့သောင်းဘက်သို့ ပြန်လည် လွှဲပြောင်းပေးခဲ့ခြင်းဖြစ်သည်။

ယခုလအတွင်း ပြန်လည်လွှဲပြောင်းပေးလိုက်သူများမှာ မည်သည့်အကြောင်းအရင်းကြောင့် ပြစ်ဒဏ်ကျခံခဲ့ရသည်ကို သံအရာရှိရုံးက ဖော်ပြထားခြင်း မရှိပေ။

မြန်မာရွှေ့‌‌ပြောင်းအလုပ်သမားတို့အား လွှဲပြောင်းပေးခြင်းကို နှစ်နိုင်ငံတာဝန်ရှိသူတို့က ဆောင်ရွက်ပေးခဲ့ကြောင်း ဘန်ကောက်အခြေစိုက် အလုပ်သမားသံအရာရှိရုံးက ထုတ်ပြန်ထားသည်။

ကော့သောင်းဘက်သို့ ပြန်လည်ဝင်ရောက်လာသူတို့အား ပုံမှန်ဆောင်ရွက်နေကြဖြစ်သည့် ကွာရန်တင်းစခန်းများသို့ ဝင်ရောက်ခြင်းတို့အား ကူညီဆောင်ရွက်ပေးခဲ့ကြောင်း ကော့သောင်းအခြေစိုက် ရွှေအဏ္ဏဝါပရဟိတလူငယ်အဖွဲ့ တာဝန်ရှိသူတစ်ဦးက ပြောသည်။