ထားဝယ် ကမ်းနားလမ်းတွင် သပိတ်ဘန်နာကို စစ်ကောင်စီတပ် လာဖြုတ်ချိန် ဗုံးပေါက်

0
448

ထားဝယ်မြို့ ကမ်းနားလမ်းတွင် ယနေ့ (ဇွန် ၁၈) ညနေ ၄နာရီခန့်က သပိတ်ဘန်နာကို စစ်ကောင်စီတပ်က လာရောက်ဖြုတ်ယူချိန် ဗုံးပေါက်ကွဲကြောင်း ဒေသခံအချို့ထံမှ သိရသည်။

ကမ်းနားလမ်းအပန်းဖြေနေရာအနီးတွင် ဝါးလုံးဖြင့် ခြံစည်းရိုးခတ်ထားသည့် နေရာတွင် ချိတ်ဆွဲထားသည့် “လောင်းလုံးကိုထိရင် ထားဝယ်နဲ့ငြိမယ်” ဆိုသည့် သပိတ်စာတန်း ဘန်နာကို စစ်ကောင်စီတပ်သားများ လာရောက် ဖြုတ်ယူချိန် ပေါက်ကွဲခြင်းဖြစ်ကြောင်း ဒေသခံအချို့က ပြောသည်။

ဗုံးပေါက်ကွဲချိန် ကမ်းနားလမ်းအတိုင်း စက်ဘီးစီးလာသည့် အသက် ၆၀ကျော်အရွယ် အမျိုးသားတစ်ဦး ဗုံးစထိမှန် ဒဏ်ရာရကြောင်း ဒေသခံတစ်ဦးက ပြောသည်။

“ဦးခေါင်းမှာ အစထိမှန်ခဲ့တာ။ ဒဏ်ရာမများဘူး။ ဆေးရုံကနေ အိမ်ကိုတောင်ပြန်သွားပြီ” ဟု အထက်ပါအမျိုးသားက ပြောဆိုသည်။

မိုင်းစထိမှန်ခဲ့သည့် အမျိုးသားမှာ မည်သူမည်ဝါဖြစ်သည်ကို သေသေချာချာ မသိရသေးပေ။

အဆိုပါဗုံးပေါက်ကွဲမှုကြောင့် ကမ်းနားလမ်းတွင် စစ်ကောင်စီတပ်သားများက လမ်းသွားလမ်းလာများကို စစ်ဆေးနေကြောင်း မြို့ခံအချို့က ပြောသည်။

အဆိုပါဗုံးဖောက်ခွဲမှုကို မည်သည့်အဖွဲ့က လုပ်ဆောင်သည်ကို အတည်မပြုနိုင်သေးပေ။

Guerrilla Dawei အဖွဲ့ကမူ ထားဝယ်မြို့ ကမ်းနားလမ်းတစ်လျှောက် ခေတ္တ လုံးဝ (လုံးဝ) သွားလာခြင်း မပြုလုပ်ကြရန် အနူးအညွတ်မေတ္တာရပ်ခံ ကြောင်း ဗုံးပေါက်ကွဲမှုမတိုင်ခင် မိနစ် ၂ဝခန့်အလို ညနေ ၃နာရီ ၄ဝမိနစ်ခန့်တွင် ၎င်းတို့၏ လူမှုကွန်ရက်စာမျက်နှာ တွင် ဖော်ပြခဲ့သည်။